ရခိုင်မှာ တိုက်ပွဲတွေ မရပ်ဘူးလို့ AA ပြော

 

မတ် ၄ – ၂၀၂၄

SN (VOM)

တရုတ်ကြားဝင်ညှိနှိုင်းတဲ့ ဟိုင်ဂင်သဘောတူညီချက်ဟာ ရှမ်းပြည်နယ် (မြောက်ပိုင်း) နဲ့ပဲ သက်ဆိုင်ပြီး ရခိုင်မှာတိုက်ပွဲတွေ မရပ်ဘူးလို့ ရက္ခိုင့်တပ်တော် (AA) ရဲ့ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ပြောကြားလိုက်ပါတယ်။

ဒီကနေ့ မတ်လ ၄ ရက်မှာ ပြုလုပ်တဲ့ AA ရဲ့ အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပြီး ဟိုင်ဂင်ကိစ္စဟာ ရှမ်းမြောက်မှာရှိတဲ့ AA နဲ့သာ သက်ဆိုင်တယ်လို့ ပြောကြားလိုက်တာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ ညီနောင်သုံးဖွဲ့နဲ့ နစကဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ ဆွေးနွေးနေတာ သုံး၊ လေးကြိမ်လောက်ရှိပါပြီ။ ကျွန်တော်တို့ အခု အစည်းအဝေးတိုင်းက ဟိုင်ဂင်ရဲ့ အရင်သဘောတူညီချက်တွေကို ဆက်ပြီး ဆွေးနွေးနေပါတယ်။ ပြီးရင် အပစ်အခတ်ရပ်စဲရေး ခိုင်မာဖို့အတွက် ဆက်ပြီး လုပ်နေပါတယ်။ နောက်တခုကတော့ အရင်သဘောတူညီချက်မှာ ပါခဲ့သလိုပဲ အထူးသဖြင့်တော့ တရုတ်-မြန်မာ နယ်စပ်နဲ့ ဆက်စပ်တဲ့ ကိစ္စရယ်၊ ကျားဖြန့်လုပ်ငန်းကိစ္စရယ်၊ နယ်စပ်ဒေသထွက်ပေါက်တွေ ဘယ်လိုပုံစံမျိုး ဆက်လုပ်မလဲ အဲ့လိုကိစ္စတွေ ပါပါတယ်။ ဒီကိစ္စတွေထဲမှာတော့ ရခိုင်ကိစ္စကတော့ ဆွေးနွေးတာမျိုး မရှိသေးပါဘူး။ ရှမ်း (မြောက်) မှာ အပစ်ရပ်စဲတာကတော့ ဇန်နဝါရီ ၁၁ ရက်နေ့လောက်ကနေ အတိုင်းအတာတခုအထိ ရပ်စဲသွားပြီဆိုတော့ လောလောဆယ်တော့ အပစ်ရပ်တာကတော့ ဟိုင်ဂင်က ရှမ်း (မြောက်) ကိစ္စလို့ပဲ ပြောလို့ရပါတယ်။ ကျွန်တော်တို့ အခု ဟိုင်ဂင်ကိုပဲ ဆွေးနွေးတယ်ဆိုတော့ ဟိုင်ဂင်ထဲမှာက ရှမ်း(မြောက်) ရှိတဲ့ AA နဲ့ပဲ သက်ဆိုင်နေတယ်။ ရခိုင်ပြည်ဘက်မှာရှိတဲ့ AA က မပါသေးဘူး” လို့ AA ဒုတိယစစ်ဦးစီးချုပ်က ပြောပါတယ်။

တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ မတ်လ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးအရ မြောက်ပိုင်းမဟာမိတ်ညီနောင် သုံးဖွဲ့နဲ့ နစကတို့ကြား ဆွေးနွေးမှုတွေ ရှိခဲ့ပေမယ့် အဲ့ဒီ့ဆွေးနွေးမှုတွေဟာ ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွက်သာဖြစ်ပြီး ရခိုင်ပြည်နယ်နဲ့ မပတ်သက်ဘူးလို့ သူက ပြောပါတယ်။

အစည်းအဝေးကို အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်း ညှိနှိုင်းကော်မတီ (NSPNC) မှ ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင် ဦးစီးအဖွဲ့တက်ရောက်ခဲ့ပါတယ်။

အစည်းအဝေး ဆုံးဖြတ်ချက်အရ ဟိုင်ဂင်သဘောတူညီချက်တွေကို ပြင်ပကို ထုတ်မပြောဖို့ သဘောတူညီထားပေမယ့် အဲ့ဒီ့ သဘောတူညီချက်တွေဟာ Open Secret ဖြစ်နေတယ်လို့ AA ဒုစစ်ဦးစီးချုပ်က ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ ငြိမ်းချမ်းရေး ဆွေးနွေးသူတွေနဲ့နီးစပ်သူ သတင်းရင်းမြစ်တယောက်က “မတ်လ ၁ ရက်နေ့စပြီး ကူမင်းမှာ လေးကြိမ်မြောက် အစည်းအဝေးလုပ်တယ်။ မတ်လ ၂ ရက်နေ့၊ ညပိုင်း ဆက်ဆွေးနွေးတယ်။ မတ် ၃ ရက်၊ မနက် အစောပိုင်းမှာ သဘောတူညီချက် လက်မှတ်ထိုးတယ်။ AA နဲ့ နစကတပ် အပစ်ရပ်ဖို့ သဘောတူတယ်။ ဒီတခုပါပဲ။ ဒါတောင် ဘာဖြစ်ဦးမယ် မသိသေးဘူး။ အရင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၅၊ ၆၊ ၇ ရက်တွေက ကူမင်း အစည်းအဝေးမှာ ရှမ်း(မြောက်) အပစ်ရပ်ဖို့ သဘောတူ လက်မှတ်ထိုးခဲ့သေးတယ်။ စ ရပ်ရမယ့်နေ့က ဒီဇင်ဘာ ၁၁ ရက်၊ မနက် ၆ နာရီ။ ဒါပေမယ့် နောက်ပိုင်း ပြန်တိုက်တယ်။ အဲ့ဒီ့နောက် လောက်ကိုင်ပါကျခဲ့တယ်။ တပ်က ကိုးကန့်အထူးဒေသ ( ၁ ) သာ အသိမှတ်ပြုတယ်။ ဒါက ဒေသကိုပဲ ဆိုလိုတာပါ။ MNDAA ကိုပေးတဲ့သဘောလို့ မဆိုလိုပါဘူး။ ထိန်းချုပ်နယ်မြေဆိုတဲ့ ကိစ္စ သူတို့သိမ်းထားတဲ့ နယ်မြေတွေနဲ့ပတ်သက်လို့ စာချုပ်ထဲမပါပါဘူး။ တပ်ပြန်ဆုတ်ပေးဖို့သာ ရပ်တည်ထားပါတယ်။ နယ်စပ်ကုန်သွယ်ရေးကိစ္စကတော့ ညှိမရဘူး။ မီဒီယာတွေက သတင်းမှန်ကို မေးပေမယ့် ပြန်မဖြေသေးဘူး။ ဆွေးနွေးပွဲသွားတဲ့ အဖွဲ့ကတော့ မနေ့ (မတ် ၃ ရက်) က ပြန်ရောက်တယ်။ တင်ပြစရာရှိတာတွေကို တင်ပြပြီးရင် သတင်းထုတ်မလားဘဲ” လို့ ပြောပါတယ်။

မနေ့ မတ်လ ၃ ရက်နေ့ကတော့ AA ပါဝင်တဲ့ မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့နဲ့ နစကကြား အပစ်ရပ်တယ်ဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့တာဖြစ်ပြီး ဒီသတင်းတွေကြောင့် ရခိုင်ပြည်နယ်မှာလည်း စစ်ပွဲတွေရပ်နားတော့မလားဆိုပြီး မေးခွန်းတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ရခိုင်ဒေသမှာ AA ရဲ့ ထိုးစစ်တွေ ဆက်ရှိနေဦးမလားလို့ သတင်းသမားတယောက်ရဲ့ မေးမြန်းမှုကို “လက်ရှိတွေ့နေ၊ မြင်နေတဲ့အတိုင်းပါပဲ” လို့ AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ပြန်လည် ဖြေကြားခဲ့ပါတယ်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကလည်း ရခိုင်ဒေသအတွင်း အခြေစိုက်လျက်ရှိတဲ့ နစကရဲ့ စခန်းကုန်းတွေနဲ့ လက်နက်ချအညံ့မခံတဲ့ တပ်ဖွဲ့ဝင်တွေကို တယောက်မကျန် ချေမှုန်း သွားမယ်လို့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

“ရခိုင်ပြည်အတွင်း တိုက်ပွဲနဲ့ ပတ်သက်ပြီးလည်း အရင်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့တဲ့ တရုတ်နဲ့ မစ္စတာ ဆာဆာကာဝါတို့ကလည်း လက်ရှိအချိန်အထိ အပစ်ရပ်စဲရေးအတွက် ဖိအားပေးတာ၊ ညှိနှိုင်းပေးတာတွေ မရှိသေးဘူး” လို့ ခိုင်သုခက ပြောပါတယ်။

ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံမြေပုံထဲက လက်ရှိအချိန်ထိ ခွဲထွက်ဖို့အစီအစဉ်မရှိသေးဘူး လို့လည်း သတင်းစာရှင်းလင်းပွဲမှာ ခိုင်သုခက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့ကတော့ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ “ဟိုင်ဂင် သဘောတူညီမှု” ကို နစကနဲ့ ညီနောင် ၃ ဖွဲ့ကြား သဘောတူခဲ့ကြပြီး အဲဒီ့နောက်မှာတော့ ရှမ်း(မြောက်)မှာ တိုက်ပွဲတွေ တဖြည်းဖြည်း နည်းပါးလာခဲ့ပါတယ်။

အဲဒီ့ သဘောတူညီမှု အပြီးမှာတော့ ဆွေးနွေးမှုတွေပြုလုပ်ပြီး မနေ့ မတ်လ ၃ ရက်က တရုတ်နိုင်ငံ၊ ကူးမင်မြို့ တွေ့ဆုံပွဲကနေ နစကနဲ့ ညီနောင် သုံးဖွဲ့ကြား ရလဒ်တချို့ ထွက်လာတယ် ဆိုပြီးတော့လည်း ပြောဆိုမှုတွေ ရှိနေပါတယ်။

AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်ကတော့ အဲ့ဒီ့ကိစ္စတွေနဲ့ပတ်သက်လို့ တချို့အချက်အလက်တွေကို ညီနောင်မဟာမိတ်အဖွဲ့တွေကြား ပြန်လည် တိုင်ပင်ပြီး အကြောင်းပြန်ပေးသွားမယ်လို့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ နစကလိုလားသူတချို့ရဲ့ ရေးသားချက်တွေမှာတော့ အရှေ့မြောက်ဒေသ အပစ်ရပ်ရေးအတွက် ဒီတကြိမ်မှာလည်း အောင်မြင်စွာဆွေးနွေးနိုင်ခဲ့ပြီး မိဘပြည်သူတွေ စိုးရိမ်နေကြတဲ့ နယ်မြေကိစ္စတွေမှာ ဘယ်နေရာကိုမှ လက်နက်ကိုင်တွေဆီ တရားဝင် အသိအမှတ်ပြု ပေးအပ်ခဲ့ခြင်းမရှိဘူးလို့ ဖော်ပြထားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အသိအမှတ်ပြုပေးထားတဲ့ အထူးဒေသ ပုံစံကလွဲလို့ ဘယ်မြို့တွေကို ယူလိုက်ပါဆိုတာမျိုး ဆွေးနွေးခဲ့ခြင်း လုံးဝမရှိခဲ့ဘူးလို့လည်း နစက လိုလားသူတွေက ပြောပါတယ်။

နယ်စပ်ဒေသ ကုန်စည်စီးဆင်းရေးနဲ့ ပတ်သတ်ပြီးလည်း တပ်မတော်နဲ့ လက်နက်ကိုင်တွေ ရင်ဆိုင်ထားတဲ့အတွက် လုပ်ရကိုင်ရခက်ခဲပြီး နစကနဲ့ တရုတ် အစိုးရချင်းသာ ဆောင်ရွက်ရမယ့် လုပ်ငန်းတွေဖြစ်တာမို့ လက်နက်ကိုင်တွေကို အမြန်ဆုံး ဖယ်ရှားပေးဖို့ ဖိအားပေးနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

လက်ရှိ အွန်လိုင်းမှာ ထွက်ပေါ်နေတဲ့ ၇၀ ရာခိုင်နှုန်း၊ ၃၀ ရာခိုင်နှုန်း ဆိုတဲ့ အချက်တွေဟာ ဆွေးနွေးကြတဲ့ NSPNC၊ မြောက်ပိုင်းသုံးဖွဲ့နဲ့ တရုတ်ကိုယ်စားလှယ်တွေတောင် မပြောကြတဲ့ အချက်တွေလို့ သိရပါတယ်။

ဒါ့အပြင် အဲ့ဒီ့ ဆွေးနွေးပွဲမှာ တိုက်ပွဲကာလအတွင်း နှစ်ဖက် ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေ လဲလှယ်ဖို့ကိုပါ ဆွေးနွေးခဲ့ကြတာကြောင့် စတုတ္တအကြိမ် ဆွေးနွေးပွဲကတော့ တဖြည်းဖြည်းနဲ့ အပစ်အခတ်ရပ်ဖို့၊ ကုန်စည်ကူးသန်းဖို့ လုပ်ငန်းစဉ်တွေ ဆောင်ရွက်ဖို့ ခြေလှမ်းစနိုင်ခဲ့ပြီလို့ ယူဆရမှာဖြစ်ကြောင်း နစက လိုလားသူတွေက သုံးသပ်ထားပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW