ရန်ကုန်၊ မတ်- ၂၀၂၄
GG ( VOM)
မကြာမီ ဖြေဆိုရတော့မယ့် စနစ်သစ် Grade 12 တက္ကသိုလ်ဝင်စာမေးပွဲမှာ ကျောင်းသူကျောင်းသားတွေကို Non programmable scientific calculator ကိုသုံးပြီး စာမေးပွဲဖြေဆိုခွင့်ပြုသွားမယ်လို့ မြန်မာနိုင်ငံစာစစ်ဌာနဦးစီးဌာနက အသိပေးလိုက်ပါတယ်။
တက္ကသိုလ်ဝင်စာမေးပွဲကျင်းပလာတဲ့သက်တမ်းတလျှောက်မှာ အရင်က သင်္ချာဘာရပ်အတွက်သာ Log scientific စာအုပ်ကိုသာအသုံးပြုခဲ့ပြီး အခုစနစ်သစ်စာမေးပွဲမှာမှCalculator သုံးပြီး စာမေးပွဲဖြေခွင့်ကို ပထမဆုံးအကြိမ်အဖြစ် စတင်ခွင့်ပြုလိုက်တာ ဖြစ်တယ်လို့သိရပါတယ်။
Non programmable scientific calculator အသုံးပြုခွင့်ပေးလိုက်တဲ့ ဘာသာရပ်တွေကတော့ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ပထဝီဝင်၊ ဘောဂဗေဒ ဘာသာရပ်တွေ ဖြစ်ပြီး calculator ပေါ်မှာ မသမာမှုပြုလုပ်ဖို့ အမှတ်အသားပြုလုပ်ထားတာတွေရှိရင်တော့ calculator သိမ်းခံရမှာဖြစ်ပြီး စာမေးပွဲဖြေနေစဥ် စစ်ဆေးတွေ့ရှိပါက စာမေးပွဲဆိုင်ရာ စည်းမျဥ်းအရအရေးယူသွားမယ်လို့ စာစစ်ဌာနကသိရပါတယ်။
” တချို့ calaulation ပိုင်းတွေက log သုံးရင်လည်းအဆင်မပြေနိုင်ဘူး၊အဆင်မပြေနိုင်ဘူးဆိုတာ တွက်လို့ကတော့ရမယ် အချိန်အကြာကြီးပေးရမယ်၊အချိန်အကြာကြီးပေးရမယ်ဆိုတော့ exam ကကျ သုံးနာရီပဲဆိုတော့ calculator သုံးခွင့်ပေးတယ်ပေါ့။အခုက ရိုးရိုး ဘောဂလို တွက်စာမျိုးတောင် လက်နဲ့ချတွက်ရင် အကြာကြီးတွက်ရတဲ့ calculation တွေပါတဲ့အခါကျတော့အဆင်မပြေဘူး။မပြေတော့ calculator ပေးသုံးတယ်ပေါ့။အဓိကတော့တွက်လို့မရဘူးမဟုတ်ပေမယ့် log နဲ့တွက်ရင်အကြာကြီးတွက်ရမယ့်ဟာတွေပေါ့။” လို့ ဘောဂဗေဒ သင်ကြားသူ ဆရာတဦးက မှတ်ချက်ပြု ပြောပါတယ်။
စာမေးပွဲဖြေဆိုချိန်မှာ Calculator အသုံးပြုခွင့်ပေးတဲ့အပြင် စာမေးခန်းအတွင်း ဝန်ကြီးဌာနဘက်မှလည်း calculator အလုံးရေအကန့်အသတ်နဲ့ထားရှိပေးမှာဖြစ်လို့ calculator ဝယ်ယူဖို့အခက်အခဲရှိသူတွေကလည်း စာမေးပွဲခန်းအတွင်း အခန်းစောင့်ဆရာ ဆရာမထံ တောင်းခံကာ အသုံးပြုနိုင်ဖို့လည်းစီစဥ်ပေးထားတယ်လို့သိရပါတယ်။
ဒါပေမယ့်လည်း ခုနှစ် ၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲဟာ စနစ်သစ်နဲ့စတင်ဖြေဆိုရမယ့်နှစ်ဖြစ်တာကြောင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမယ့် ကျောင်သားတွေအတွက် အခက်အခဲတွေရှိနိုင်ကြောင်း ၊ မေးခွန်းအကျွမ်းတဝင်မရှိခြင်းတွေကြောင့် သေချာဂရုတစိုက်နဲ့ ကြိုးစားဖြေဆိုဖို့လိုအပ်နေတယ်လို့ သိရပါတယ်။
” စနစ်သစ်လည်းဖြစ်တော့ အရင် စနစ်ဟောင်းလို ကျက်ဖြေရုံနဲ့မအောင်နိုင်ဘူး။အတော်လေးကြိုးစားမှ အဆင်ပြေနိုင်မယ့်အခြေအနေရှိတယ်။မေးခွန်းအပေါ်လည်းမူတည်တယ်၊ ဘာလို့ဆိုခုနှစ်က ဆရာရောမတွေတောင် သင်ကြားရတဲ့အပိုင်းက သိပ်အဆင်ပြေတာမဟုတ်ဘူး ဆိုတော့ ကလေးတွေကပိုဆိုးမှာပေါ့။” လို့ အထက်တန်းပြ ကျောင်းဆရာတဦးက ထသုံးသပ်ပြောပါတယ်။
ခုနှစ် စနစ်သစ်နဲ့ကျင်းပမယ့် တက္ကသိုလ်ဝင်စာမေးပွဲကို ခုမတ်လ ၁၁ ရက်နေ့ကနေ မတ်လ ၁၉ ရက်အထိ ကျင်းမှာဖြစ်ပြီး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကဒ်ပြားတွေကိုလည်း စတင်ထုတ်ပေးနေပြီဖြစ်ပါတယ်။