ချင်းပြည်နယ် တောင်ပေါ်လမ်းမှာ တိုက်ပွဲရှောင်လာတဲ့ ကားတစီးမှောက်လို့ လူ နှစ်​ယောက်သေ ၊၁၇ ​ယောက် ဒဏ်ရာရ

မတ် ၊ ၇ ၊ ၂၀၂၄
SP (VOM)

ချင်းပြည်နယ်မြောက်ပိုင်း ၊ တီးတိန်ခရိုင် ၊ တီးတိန်မြို့နယ် ၊ လမ်ဇန် (Lamzang) ကျေးရွာနားမှာ ကားတစီးတိမ်းမှောက်ခဲ့ပြီး ကားပေါ်မှာ လိုက်ပါလာတဲ့သူတွေထဲက လူနှစ်ယောက်သေဆုံးကာ ၊ ၁၇ ယောက် ဒဏ်ရာရတဲ့ ဖြစ်စဥ်တခု မနေ့ မတ် ၆ ရက် ၊ နေ့လယ်ခင်း ၁ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေဆီက သိရပါတယ်။

” တိမ်းမှောက်တဲ့ကား အမျိုးအစားက ဒေသအခေါ် ပေါင်မုန့်ကားဖြစ်တယ် ၊ ကားပေါ်မှာ လူ ၁၉ ယောက် လိုက်ပါလာခဲ့တယ် ၊ သူတို့တွေက ကလေးမြို့ကနေ အိန္ဒိယဘက်ကို တိုက်ပွဲရှောင်ဖို့ ပြေးလာတဲ့ကားဖြစ်တယ် ၊ ကားမှောက်တဲ့နေရာမှာ Pu Lalhmahruaia (၄၉နှစ်) နှစ် နဲ့ သူ့မိန်းမ Pi Lalnunpari (၄၈နှစ်)ဆိုသူ လင်မယား နှစ်ယောက်သေဆုံးတယ် ၊ ထိခိုက်ဒဏ်ရာရသူ ၁၇ ယောက်ရှိတယ် ” လို့ တီးတိန် ခရစ်ယာန် မိတ်သဟာယအဖွဲ့ဝင် တယောက်က ပြောပါတယ်။

သေဆုံးသူ လင်မယားနှစ်ယောက်ကို သူတို့ရဲ့ ဇာတိ ၊ အိတ်စွပ်ကျေးရွာမှာ ဒီကနေ့ မနက် ၉ နာရီက သဂြိုလ်ခဲ့ပြီး ၊ ဒဏ်ရာရသူ ၁၇ ယောက်ကိုတော့ တီးတိန်ဆေးရုံမှာ ကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃အောက်တိုဘာ ၇ ရက်ကလည်း ချင်းပြည်နယ်မြောက်ပိုင်း ၊ တီးတိန်မြို့နယ် ၊ ထွယ်မွှေးလ် ( Thal Mual) ကျေးရွာနဲ့ တီးတိန်မြို့ကိုသွားတဲ့ တောင်ပေါ်မြေသား လမ်းမှာ ကားတစီးတိမ်းမှောက်ခဲ့ပြီး ကားပေါ်လိုက်ပါလာခဲ့တဲ့ လူ ခြောက်ယောက်စလုံး သေဆုံးတာဖြစ်ခဲ့ပါသေးတယ်။

ချင်းပြည်နယ်ဟာ ပင်လယ်အမြင့်ပေ ၅၀၀၀ အထက် တောင်တန်းတွေပေါ်မှာ တည်ရှိပြီး တောင်ပေါ်မြေသားကားလမ်းတွေ အများစုဖြစ်တာကြောင့် အခုလို မိုးရာသီမှာ ယာဥ်မတော်တဆမှုတွေ ဖြစ်ပွားသေဆုံးလေ့ရှိတယ်လို့ သိရပါတယ်။

ဒီနှစ် ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်ကနေ ဖေဖော်ဝါရီ ၂၉ ရက်အထိ တနိုင်ငံလုံး အတိုင်းအတာနဲ့ ယာဥ်မတော်တဆမှု ဖြစ်စဥ် ၃၉ ကြိမ် ဖြစ်ပွားခဲ့ပြီး ခရီးသွားပြည်သူ ၂၇ ယောက်ထက်မနည်း သေဆုံးကာ ၊ လူ ၅၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

ဓာတ်ပုံ ၊ ဒေသခံတဦး

Related posts

Leave a Comment

VOM News

FREE
VIEW