ပို့အော့ပရင့်၊ မတ်-၇-၂၀၂၄
မျိုးဆက်(VOM)
ဟေတီနိုင်ငံ မြို့တော် ပို့အော့ပရင့်မှာ အကြမ်းဖက်မှုတွေ မြင့်တက်နေပြီး ဝန်ကြီးချုပ် အေရီရယ်ဟင်နရီ ရာထူးကနေ ဆင်းမပေးပါက ပြည်တွင်းစစ်ဖြစ်လာနိုင်ကြောင်း အကြမ်းဖက်မှုတွေနောက်ကွယ်မှာ ကြိုးကိုင်နေတဲ့ ရာဇဝတ်ဂိုဏ်း ခေါင်ဆောင်တယောက်က ခြိမ်းခြောက်လိုက်ပါတယ်။
ဝန်ကြီးချုပ် အေရီရယ်ဟင်နရီ ပြည်ပကနေ ဟေတီပြန်လာတာကို ဟန့်တားဖို့ မြို့တော်လေဆိပ်ကို ရာဇဝတ်ဂိုဏ်းသားတွေက ထိန်းချုပ်ဖို့ ကြိုးပမ်းမှုတွေ ပြုလုပ်နေချိန်မှာ အခုလို ခြိမ်းခြောက်လိုက်တာဖြစ်ပါတယ်။
အကြမ်းဖက်မှုတွေကြောင့် ဟေတီနိုင်ငံသားထောင်ပေါင်းများစွာ ဘေးလွတ်ရာကို ထွက်ပြေးနေကြပြီး အခြေအနေဟာ ထိန်းမနိုင်သိမ်းမရအဆင့်ထက် ကျော်လွန်နေပြီလို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk ကပြောပါတယ်။
မကြာသေးမီရက်သတ္တပတ်များအတွင်း ကလေးငယ်အများအပြားအပါအဝင် မြို့တော်မှ လူတသောင်းငါးထောင်မှာ နေအိမ်တွေကနေ စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ ကူညီရေးအဖွဲ့တွေက ပြောပါတယ်။
ယခုနှစ်အစောပိုင်းကစပြီး နိုင်ငံတွင်းမှာ အကြမ်းဖက်မှုတွေကြောင့် လူပေါင်း ၁၁၉၃ ယောက်သေဆုံးပြီး ၆၉၂ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
လက်ရှိအခြေအနေတွေကို ပိုမိုဆိုးရွားမလာစေဖို့အတွက် နိုင်ငံတကာ အသိုက်အဝန်းကနေ လျှင်မြန်ပြတ်သားစွာ တုံ့ပြန်ဆောင်ရွက်ဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk က တိုက်တွန်းထားပါတယ်။
Ref:BBC
Photo:Reuters