ကိယက်ဗ်၊ မတ်-၇-၂၀၂၄
မျိုးဆက်(VOM)
ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ ဂရိဝန်ကြီးချုပ် မစ်ဆိုတာကစ်တို့ ယူကရိန်းတောင်ပိုင်း အိုဒီဆာမြို့ရှိ ဆိပ်ကမ်းနဲ့ အဆောက်အအုံတွေကို သွားရောက်စစ်ဆေးကြည့်နေချိန် သူတို့ယာဉ်တန်းအနီးကို ရုရှားဒုံးကျည်တစင်း ကျရောက်ပေါက်ကွဲခဲ့ပါတယ်။
ရုရှားပစ်ခတ်လိုက်တဲ့ ဒုံးကျည်ဟာ ဂရိကိုယ်စားလှယ်အဖွဲ့ မော်တော်ယာဉ်တန်းအနီး မီတာ ၁၅၀ အကွာမှာ ကျရောက်ပေါက်ကွဲခဲ့ကာ နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့တွေကို ထိခိုက်ခဲ့တာမရှိဘူးလို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဇီလန်စကီးက ရုရှားကို ပြစ်တင်ရှုချလိုက်ပြီး ရုရှားတွေဟာ စစ်သား၊ အရပ်သား၊ နိုင်ငံတကာ ဧည့်သည်ဖြစ်ဖြစ် လူတွေကို ဂရုမစိုက်ဘဲ တိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့ သူကပြောပါတယ်။
ယူကရိန်းသမ္မတနဲ့အတူ ယာဉ်တန်းဆီကို ဦးတည်သွားရောက်ချိန်မှာ ပေါက်ကွဲသံကြီးတခုကို ကြားလိုက်ရတယ်လို့ ဂရိဝန်ကြီးချုပ်က ပြောပါတယ်။” ဒါဟာ တကယ့်စစ်ပွဲတွေ နေ့စဉ်ဖြစ်နေတယ်ဆိုတာ ကျွန်တော်တို့အတွက် အကောင်းဆုံးသတိပေးချက်ဖြစ်တယ်” လို့ ဂရိဝန်ကြီးချုပ်က ပြောပါတယ်။
ဂရိအနေနဲ့ ယူကရိန်းကို ဆက်လက်ထောက်ခံကြောင်း ပြောပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က အိုဒီဆာမြို့မှာ ရုရှားရဲ့ မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်မှုကြောင့် ကလေးငယ်ငါးယောက်အပါအဝင် အရပ်သား ၁၂ ယောက် သေဆုံးခဲ့ပါတယ်။
Ref:BBC
Photo:Reuters