ကချင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်နေလို့ ကုန်သွယ်ရေး ကားလမ်းပိုင်းတွေ ပိတ်ထား

 

မတ် ၊ ၇ ၊ ၂၀၂၄

TT(VOM)

ကချင်ပြည်နယ်ထဲက နေရာတချို့မှာ ဒီမနက် အစောပိုင်းကစလို့ နစက လုံခြုံရေးအဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင် KIA – PDF အဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်းနေတယ်လို့ သိရပြီး ၊ အဲ့ဒီ တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ်ထဲက ကုန်သွယ်ရေး လမ်းပိုင်းတွေလည်း ပိတ်ထားလိုက်တယ်လို့ ကားသမားတွေဆီက သိရပါတယ်။

” ဒီမနက် တိုက်ပွဲဖြစ်တဲ့နေရာတွေကတော့ မိုးမောက်မြို့နယ်ထဲက မလိယန် ၊ သံခမောက် ၊ တာပိန်ကြိုးတံတား ဘက်တွေမှာ ဖြစ်တယ် ၊ အခုထိ နှစ်ဘက်တိုက်နေတုန်းကြပဲ ၊ ဒီကနေ့ နေ့ခင်းပိုင်းကစလို့ ဗန်းမော် – လွယ်ဂျယ် ကားလမ်းနဲ့ ဗန်းမော် – မြစ်ကြီးနား ကားလမ်းပိုင်းကို ပိတ်ထားတယ် ၊ အဲ့ဒီလမ်းမှာ ဖြတ်သန်းတာတွေ မလုပ်ဖို့ နှစ်ဘက်စလုံးက တားကြတယ် ” လို့ ကားသမားတယောက်က ပြောပါတယ်။

မိုးညှင်းခရိုင် ၊ ဖားကန့်မြို့နယ်မှာရှိတဲ့ တာမခန်မြို့သစ်ဘက်မှာလည်း ကသိုဏ်းတောင် အပါအဝင် နေရာ ငါးခုထက်မနည်း ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် မြစ်ကြီးနား – ဖားကန့်လမ်း ၊ မိုးညှင်း ၊ ဟိုပင် ၊ (အင်းတော်ကြီးဒေသ)လမ်းပိုင်းတချို့ ပိတ်ထားတယ်လို့ သိရပါတယ်။

ကားသမားတယောက်က ” ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်စလို့ ဒီကနေ့အထိ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ် ထိစပ်နေတဲ့ လမ်းကြောင်းတွေ ပိတ်ခံထားရတယ် ၊ မန္တလေး – ဗန်းမော် လမ်းမှာ နေရာသုံးခုကနေ ပိတ်ထားတယ် ၊ ကြံညှပ် ၊ မောင်ကုန်း ၊ ပျဉ်ထောင်လေး စတဲ့နေရာတွေဖြစ်တယ် ၊ နောက်ပြီး ကသာ ၊ မံစီ ၊ ဗန်းမော် လမ်းလည်းပိတ်ထားတယ် ” လို့ ပြောပါတယ်။

မြစ်ကြီးနားလမ်းကြောင်းမှာ ဆယ်ရက်ကျော်ကြာ ပိတ်မိနေတဲ့ ကားသမားတယောက်က ” ရွှေဘို – မြစ်ကြီးနား ဗျူဟာလမ်းပိုင်းပေါ်မှာ လေးငါးနေရာလောက် လမ်းပိုင်းဖြတ်တောက်ထားတယ် ၊ နောက်ပြီး မန္တလေး – ဗန်းမော် ကားလမ်း သပိတ်ကျင်းနယ် တကောင်းကနေ မဘိမ်းမြို့နယ် ငါးအိုးဘက်အထိ လမ်းပိုင်းပိတ်ထားတယ် ၊ အဲ့ဒီ အပြင် ထီးချိုင့် – အင်းတော်လမ်းပိုင်းလည်း ပိတ်ထားတယ်၊ အင်းတော် – မိုးညှင်း လမ်းပိုင်းက မော်လူးမြို့နယ်ခွဲက ပိတ်ထားတယ် ၊ ကျောက်တန်း – ကောလင်း – ဝန်းသို – ပင်လည်ဘူး – ဖောင်းပြင် – ဟုမ္မလင်း လမ်းပိုင်းလည်း ပိတ်ထားတယ် ၊ ကန့်ဘလူ ၊ ကျွန်းလှ ၊ ကောလင်း လမ်းပိုင်းလည်း ပိတ်ထားတယ် ၊ ဒါကြောင့် ကားသမားတွေမှာ ရောက်တဲ့နေရာတွေမှာ ခိုလှုံနေရတယ် ၊ အခုလို ရက်ရှည်လမ်းပိတ်ထားတာကြောင့် ကားသမားနဲ့ ခရီးသည် တသောင်းနီးပါးလောက် လမ်းကြောင်းတွေမှာ ပိတ်မိနေပြီး စားသောက်ရေးတွေ အခက်ကြုံလာနေရတယ် ” လို့ ပြောပါတယ်။

ကချင်ပြည်နယ်ထဲမှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်စဉ်တွေများလာတဲ့အမျှ ကုန်သွယ်ရေးကားလမ်းတွေလည်း ပိတ်ခံရတာကြောင့် သွားရင်း လာရင်း လမ်းမှာ ပိတ်မိနေတဲ့ ကားသမားနဲ့ ခရီးသည်တွေ ဒုက္ခရောက်နေတယ်လို့ သိရပါတယ်။

Photo Crd: Original Uploader

Related posts

Leave a Comment

VOM News

FREE
VIEW