မတ် ၊ ၈ ၊ ၂၀၂၄
TT (VOM)
ဒီကနေ့ မတ်လ ၈ရက် မနက် အစောပိုင်း ၇ နာရီဝန်းကျင်က ရှမ်းပြည်နယ် အရှေ့ပိုင်း ၊ တာချီလိတ်ခရိုင် ၊ တာချီလိတ်မြို့ ၊ ဝိန်းကျောက်ရပ်ကွက်၊ အာခါစျေးလမ်း၊ အမှတ် (ဝကခ-၂၂၂) ATA စားသောက်ဆိုင်ကွင်းရဲ့နောက် ခြံဝန်းတံခါးမှာ ပေါက်ကွဲမှုဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲ့ဒီ ဖြစ်စဥ်ကို သွားရောက်ကူညီပေးခဲ့တဲ့ ပရဟိတသမားတယောက်က
” ATA စားသောက်ဆိုင်ရဲ့ နောက်ဘက်မှာ ရှိတဲ့ ခြံဝင်းမှာဖြစ်တာပါ ၊ ဖြစ်ပွားပုံက အဲ့ဒီ ခြံထဲမှာနေတဲ့ မ အဘူးရာ ၊ အသက်(၁၈)နှစ်ဆိုသူက အမှိုက်ပစ်ဖို့ ခြံပြင်ကို ထွက်လာတဲ့အခါ ခြံတံခါးဝမှာ အနီရောင်အဝတ်နဲ့ ထုပ်ထားတဲ့ အထုပ်တထုပ် ချိတ်ဆွဲထားကို တွေ့ရလို့ အဲ့ဒီအထုပ်ကို ဆွဲယူတဲ့အခါ ပေါက်ကွဲသွားတာဖြစ်တယ် ၊ အဲ့ဒီ ပေါက်ကွဲမှုကြောင့် မအဘူးရာ ထိခိုက်ဒဏ်ရာရတယ် ၊ စိုးရိမ်ရတဲ့အခြေအနေမှာရှိတယ် ၊ အခုတော့ ဦးလှမိုး လူမှုကူညီရေး အဖွဲ့က ဆေးရုံကို ပို့ဆောင်ပေးထားတယ် ” လို့ ပြောပါတယ်။
မနေ့ မတ် ၇ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်က မကွေးတိုင်း ၊ မကွေးမြို့ ၊ ကန်သာရပ်ကွက် ၊ အကှေ့ဘက်ကန်သာဘောင်နားမှာ ပေါက်ကွဲမှုတခုဖြစ်ခဲ့ပါတယ် ၊ အဲ့ဒီ ပေါက်ကွဲမှုကြောင့် အောင်လံမြို့မှာနေတဲ့ ကိုထက်ရှိုင်းအောင် အသက် ၂၀ နှစ်ဆိုသူ ထိခိုက်သေဆုံးတယ်လို့သိရပါတယ်။
ဒါ့အပြင် ရန်ကုန်တိုင်း ၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ (၁၇) ရပ်ကွက်၊ စက်မှုဇုန် (၅)၊ သံလွင်လမ်းနဲ့ ဒုတ္တဝတီလမ်းထောင့်၊ လျှပ်စစ်ကွန်ကရစ်တိုင်အနီးနားမှာ ပြီးခဲ့တဲ့ မတ် ၁ ရက် ၊ ည ၈နာရီ အချိန်ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့တာမှာ မိုင်းယူဆောင်လာတဲ့ လူ နှစ်ယောက်စလုံး သေဆုံးတယ်လို့ သိရပါတယ်။
အဲဒီနောက် ရန်ကုန်တိုင်း ၊ အင်းစိန်မြို့နယ်၊ ကွက်သစ်ရပ်ကွက်၊ လှိုင် မြစ်လမ်းဘေး၊ အမက (၁၂) ကျောင်းရှေ့အုတ်တံတိုင်းအနီးမှာ မတ်လ ၁ ရက်နေ့ ည ၈ နာရီအချိန်က ပေါက်ကွဲမှုဖြစ်ပွါးခဲ့လို့ လမ်းလျှောက်သွားလာနေသူ မအိမြတ်မွန် (၂၁) နှစ်တွင် ယာလက်ဖျံအစထိမှန်ဒဏ်ရာ (၁) ချက်နှင့် ဝမ်းဗိုက် အစထိမှန်ဒဏ်ရာ (၂) ချက် (မစိုးရိမ်ရ) ရရှိတာကြောင့် ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ (၁) ရက် နေ့က အင်းစိန် အောင်ဆန်းရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်းမ၊ ကျောင်းဂိတ်မှတ်တိုင်အနီးမှာ ကားတစီး မီးလောင်ပေါက်ကွဲတာကြောင့် ကားပေါ်ပါ လူနှစ်ယောက် မီးလောင်သေဆုံး သေဆုံးခဲ့ပါတယ်။
အဲ့ဒါကြောင့် ဒီရက်ပိုင်းအတွင်း မြို့တွင်းနေရာတချို့မှာ ပေါက်ကွဲမှုတွေကြောင့် တနိုင်ငံလုံး အတိုင်းတာအနေနဲ့ သေဆုံးသူ ဆယ်ယောက်ထက်မနည်း ရှိတယ်လို့ သိရပါတယ်။
(ပုံစာ- မတ်လ၈ရက် တာချီလိတ်ပေါက်ကွဲမှု)