ဟားခါး တိုင်းရင်းသားလူငယ် ဖွံဖြိုးရေးကျောင်းမှာ တာဝန်ကျနေတဲ့ ရဲငါးယောက်ကို CDF လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွား

မတ် ၊ ၈ ၊ ၂၀၂၄
TT (VOM)

ချင်းပြည်နယ် ၊ ဟားခါးခရိုင် ၊ ဟားခါးမြို့မှာရှိတဲ့ ဟားခါး နယ်စပ်ဒေသ တိုင်းရင်းသား လူငယ် ဖွံဖြိုးရေး ကျောင်းမှာ လုံခြုံရေး တာဝန်ကျနေတဲ့ ရဲတပ်ဖွဲ့ဝင် ငါးယောက်ကို ဒေသတွင်း လက်နက်ကိုင် CDF – Hakha အဖွဲ့က ဒီကနေ့ မနက်ပိုင်းမှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

ထုတ်ပြန်ချက်ထဲမှာ ဟားခါး နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်ဖွံ့ဖြိုးရေး သင်တန်းကျောင်းမှာ လုံခြုံရေးတာဝန်ကျနေတဲ့ ရဲအုပ် တယောက်အပါအဝင် ရဲတပ်ဖွဲ့ဝင် ငါးယောက်ကို ဘီအေ ၆၃ သေနတ် ငါးလက် ၊ ခြောက်လုံးပြူး သေနတ် တလက်တို့နဲ့အတူ မတ် ၆ ရက် ညပိုင်း ၇ နာရီဝန်းကျင်က ဒေသတွင်း လက်နက်ကိုင် CDF – Hakha အဖွဲ့ကဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဖော်ပြထားပါတယ်။

ဟားခါးမြို့ခံ တယောက်က ” အဲဒီညက မြို့ပေါ်မှာ ပစ်ခတ်မှုတွေရှိတယ် ၊ အပြန်အလှန် ပစ်ခတ်မှုတွေကြားမှာ ထန်တလန်ဘက်ကနေ ဟားခါးမြို့ပေါ်ကို တိုက်ပွဲရှောင် လာနေတဲ့ ဝန်ထမ်းဟောင်း ဦးလွာန်မှူန်း (Pu Luan Hmung )အသက် ၅၅ နှစ် ဆိုသူ ထိမှန်သေဆုံးတယ် ” လို့ ပြောပါတယ်။

ချင်းပြည်နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ဖြစ်စဉ် အသေးစိတ်ကို လူကြီးတွေသွားရောက် စစ်ဆေးနေတုန်းမို့ အခြေအနေ မသိရသေးဘူး”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ အောက်တိုဘာ ၂ ရက် မနက်ပိုင်းက ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်ခရိုင် ၊ တီးတိန်မြို့နယ်ရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေတဲ့ ဒုတပ်ကြပ် ကျော်သူရစိုး၊ ရဲတပ်သား ခုပ်ခန်တုန်း၊ စည်သူမိုးနဲ့ ချမ်းငြိမ်းကျော်တို့ လေးယောက်ဟာ တီးတိန်မြို့အထွက် တစ်မိုင်ခန့်အကွာ လမ်ဇမ်ရွာနားမှာ ဒေသတွင်း လက်နက်ကိုင် PDF Zoland အဖွဲ့က ဖမ်းဆီးသွားတာ ဖြစ်ခဲ့ပါသေးတယ်။

ဒီရက်ပိုင်းမှာ ကလေးတက္ကသိုလ်က ပညာရေးဝန်ထမ်းနဲ့ ကျောင်းသူကျောင်းသားတွေ ၊ ထားဝယ် တက္ကသိုလ်က ပညာရေး ဝန်ထမ်းတွေ ၊ ပင်လည်ဘူးမြို့က ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ ကနီမြို့ပေါ်က ဌာနဆိုင်ရာ ဝန်ထမ်းတွေဖမ်းဆီးခံရတာတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ ၊ ဟားခါး နတလ ကျောင်းမှာ ဖမ်းခံရတဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ပုံ ၊ ဒေသခံ တဦး

Related posts

Leave a Comment

VOM News

FREE
VIEW