ရန်ကုန် ၊မတ်လ ၈ – ၂၀၂၄
GG(VOM)
ကရင်ပြည်နယ်၊ မြဝတီ သင်္ဃန်းညီနောင်မြို့မှာ စစ်တပ်နဲ့ KNU ၊PDF ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေပြင်းထန်နေပြီး အရပ်သားသေဆုံးမှုနဲ့ထိခိုက်ဒဏ်ရရသူတွေလည်းရှိလာနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
KNU ဦးဆောင်ပူးပေါင်းတပ်တွေက သင်္ဃန်းညီနောင်မြို့အထွက်မှာရှိတဲ့ နစကရဲ့ ခြေလျင်တပ်ရင်း -ခမရ ၃၅၅ တပ်နဲ့ စစ်ဗျူဟာကုန်းနေရာတွေကို ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပြီး စစ်တပ်ဘက်ကလည်း လက်နက်ကြီး ပစ်ကူတာတွေ ဆက်တိုက်လုပ်နေတာကြောင့် တိုက်ပွဲက ပြင်းထန်လာနေတာဖြစ်တယ်လို့သိရပါတယ်။
သင်္ဃန်းညီနောင်မြို့မှာ ပြင်းထန်လာတဲ့တိုက်ပွဲအခြေအနေကြောင့်လည်း နေအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်ထောင်နဲ့ချီတိုးလာပြီး မြဝတီကို စစ်ရှောင်သူရှိသလို နီးစပ်ရာ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေရတဲ့အတွက် အစားအသောက်၊ဆေးဝါး စတဲ့ အကူအညီတွေလိုအပ်နေတယ်လို့သိရပါတယ်။
” စစ်ရှောင်တွေအများစုက အဝေးကြီးမသွားနိုင်ဘူး။နီးစပ်ရာလောက်ပဲသွားကြတာ၊ အစားအစာတွေလိုအပ်တာပေါ့။ ပြီးတော့အိမ်မှာကျန်ခဲ့တာတွေသူခိုး ခိုးခံရတာတွေလည်းရှိတယ်။တိုက်ပွဲတွင်းဒဏ်ရာရသူတွေကျလည်း မြို့ပေါ်ကဆေးရုံမပို့နိုင်ဘူး။မြို့ထဲမှာက BGF ၊ PDF ၊ စစ်တပ် ၊ရဲ အကုန်ရှိတော့မသွားရဲဘူး၊ဆေးရုံကတော့ဖွင့်ပါတယ်။ အခြေအနေကအခုကအရမ်းပြင်းထန်တဲ့အခြေအနေပေါ့ ” လို မြို့ခံတယောက်ကပြောပါတယ်။
တိုက်ပွဲ ပြင်းထန်လာမှုနဲ့အတူ မြို့ပေါ်လူနေရပ်ကွက်တွေထဲကို လက်နက်ကြီးကျရောက်တာ တွေရှိလာတာကြောင့် လောလောဆယ် အရပ်သား အမျိုးသမီးတယောက်သေဆုံးပြီး အခြားထိခိုက်ဒဏ်ရာရသူတွေပါရှိထားတယ်လို့သိရပါတယ်။
” အဓိက တိုက်ပွဲဖြစ်နေတဲ့ ခမရ ၃၅၅ ဘက်ကိုပစ်တာ၊ လက်နက်ကြီးကလည်းရပ်ကွက်တွေထဲကျတာရှိတော့ လူသေဆုံးတာရှိနေတာပါ။အမျိုးသမီးယောက် ပွဲချင်းပြီးဆုံးတယ်။ဒဏ်ရာရသူတွေလည်းရှိနေတယ်။တိုက်ပွဲက ပြင်းထန်နေတယ် ” လို့ သင်္ဃန်းညီနောင်မြို့ဒေသခံတယောက်ကပြောပြပါတယ်။
တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရသူတွေရှိပေမယ့်လည်း မြို့တွင်းက သင်္ဃန်းညီနောင်ဆေးရုံကို သွားလာဖို့ မလွယ်ကူတာကြောင့် မြဝတီမြို့ဆေးရုံကိုသာ တောလမ်းကြောင်းကနေ ပို့ဆောင်နေရတယ်လို့သိရပါတယ်။
သင်္ဃန်းညီနောင်မြို့မှာတော့ အရင်ရက်တွေကတည်းက ပစ်ခတ်မှုတွေ မကြာခဏဖြစ်ပွားလေ့ရှိပြီး မတ်လ ၆ ရက်နေ့ကမှ စပြီးမတ်လ ၈ ရက်နေ့အထိ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွား ပြင်းထန်လာနေတာဖြစ်တယ်လို့သိရပါတယ်။
Photo: Original Uploader