ဝါရှင်တန်၊ ဧပြီ-၈-၂၀၂၄
မျိုးဆက်(VOM)
တောင်ကိုရီးယားဟာ သူ့ရဲ့ဒုတိယမြောက် ပြည်တွင်းဖြစ် သူလျှိုဂြိုဟ်တုကို အမေရိကန်နိုင်ငံ ဖလော်ရီဒါရှိ ကနေဒီ အာကာသစခန်းကနေ SpaceX ရဲ့ Falcon-9 ဒုံးပျံနဲ့ လွှတ်တင်ခဲ့ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ပထမဆုံး သူလျှိုဂြိုဟ်တုကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက ကယ်လီဖိုးနီးယားရှိ ဗန်ဒါဘာ့ဂ် အာကာသတပ်ဖွဲ့အခြေစိုက်စခန်းကနေ ကမ္ဘာပတ်လမ်းကြောင်းကို တောင်ကိုရီးယားက လွှတ်တင်ခဲ့ပါတယ်။
Falcon-9 ဒုံးပျံနဲ့ သယ်ဆောင်သွားတဲ့ တောင်ကိုရီးယား သူလျှိုဂြိုဟ်တုဟာ ဧပြီ ၇ ရက် ဂရင်းနစ်စံတော်ချိန် ၂၃ နာရီ ၁၇ မိနစ်မှာ လွှတ်တင်ခဲ့တာဖြစ်ပြီး ၄၅ မိနစ်အကြာမှာ ဂြိုဟ်တုကို ဒုံးပျံကနေခွဲထုတ်ပြီး ကမ္ဘာပတ်လမ်းထဲကို နေရာချနိုင်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ထုတ်ပြန်ထားပါတယ်။
လွှတ်တင်ပြီး ၂ နာရီ ၄၀ မိနစ်အချိန်မှာတော့ ဂြိုဟ်တုဟာ မြေပြင်အခြေစိုက်စခန်းနဲ့ အဆက်အသွယ်ရခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ သူလျှိုဂြိုဟ်တုတွေ လွှတ်တင်ဖို့ မြောက်ကိုရီးယားက အရှိန်မြှင့်လုပ်ဆောင်နေချိန်မှာ တောင်ကိုရီးယားက ဒုတိယမြောက် ဂြိုဟ်တု လွှတ်တင်ခဲ့တာဖြစ်ပါတယ်။
မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက ပထမဆုံးသောသူလျှိုဂြိုဟ်တုကို လွှတ်တင်နိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ်အတွင်းမှာ နောက်ထပ်သုံးလုံးလွှတ်တင်သွားမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။
Ref:Reuters
Photo:AFP