လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာအဖွဲ့က အစ္စရေးကို ဒုံးကျည်အစင်း ၂၀၀ ကျော်နဲ့ တိုက်ခိုက်

 

ဘေရွတ်၊ ဇွန်-၁၃-၂၀၂၄
မျိုးဆက်(VOM)

လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာအဖွဲ့ဟာ သူတို့ရဲ့ ထိပ်တန်းတပ်မှူးတယောက် သေဆုံးခဲ့တဲ့ အစ္စရေးရဲ့တိုက်ခိုက်မှုကို လက်တုံ့ပြန်မှုအဖြစ် အစ္စရေးမြောက်ပိုင်းကို ဒုံးကျည်အမြောက်အများနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ဟဇ်ဘိုလာတွေဟာ အစ္စရေးဘက်ကို ဒုံးကျည်အစင်း ၂၀၀ ကျော်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မီးလောင်မှုအချို့ဖြစ်ပွားခဲ့ပေမယ့် ထိခိုက်သေဆုံးမှုမရှိဘူးလို့ ဆိုပါတယ်။

အစ္စရေးကို တိုက်ခိုက်မှုတွေရဲ့ ပြင်းထန်မှု၊ အင်အားနဲ့ ပမာဏတို့ကို တိုးမြှင့်သွားမယ်လို့ သေဆုံးသွားတဲ့ တပ်မှူးရဲ့ဈာပနမှာ ဟဇ်ဘိုလာ ထိပ်တန်းတာဝန်ရှိသူတယောက်က ကတိပြုပြောဆိုပါတယ်။

အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား ဂါဇာစစ်ပွဲစတင်ပြီးနောက်ပိုင်း ဟဇ်ဘိုလာအဖွဲ့နဲ့ အစ္စရေးစစ်တပ်တို့ဟာ နယ်စပ်တစ်လျှောက်မှာ နေ့စဉ်လိုအပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားနေခဲ့တာပါ။

ဟဇ်ဘိုလာတို့ကတော့ ဒါဟာ ပါလက်စတိုင်းလက်နက်ကိုင် ဟားမတ်စ်တို့ကို ထောက်ခံကြောင်း ပြသတာလို့ ဆိုပါတယ်။ အဲဒီအဖွဲ့နှစ်ဖွဲ့စလုံးကို အမေရိကန်၊ ဗြိတိန်နဲ့ အစ္စရေးအပါအဝင် အခြားနိုင်ငံတွေက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။

လက်ဘနွန်အာဏာပိုင်တွေနဲ့ ကုလသမဂ္ဂရဲ့ အဆိုအရ နှစ်ဘက်အကြား တိုက်ခိုက်မှုတွေကြောင့် လက်ဘနွန်မှာ အရပ်သား ၈၈ ယောက်အပါအဝင် လူ ၃၇၅ ယောက်ထက်မနည်းသေဆုံးခဲ့ပြီး အစ္စရေးဘက်ကလည်း စစ်သား ၁၈ ယောက်နဲ့ အရပ်သား ၁၀ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ရန်လိုတိုက်ခိုက်မှုတွေကြောင့် အစ္စရေးမြောက်ပိုင်းနဲ့ လက်ဘနွန်တောင်ပိုင်းရှိ နယ်စပ်အသိုင်းအဝိုင်းက ထောင်နဲ့ချီတဲ့ ဒေသခံတွေကို ဘေးလွတ်ရာကို ပြောင်းရွှေ့ပေးထားရပါတယ်။

Ref:BBC
Photo:AFP

Related posts

Leave a Comment

VOM News

FREE
VIEW