ခရီးသွားများလို့ ယာဥ်မတော်တဆမှုတွေ သတိထားဖို့လို

အောက်တိုဘာ ၂၄ – ၂၀၂၆
SS (VOM)
သီတင်းကျွတ်ကာလ ပိတ်ရက်ရှည်အတွင်း ပြည်တွင်းခရီးသွားလာမှု များပြားလာတာကြောင့် လမ်းခရီး ဘေးကင်းလုံခြုံစေဖို့အတွက် ယာဉ်မတော်တဆမှုတွေကို အထူး ဂရုပြုကြစေလိုတယ်လို့ ယာဉ်ထိန်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။
လက်ရှိ ကျောင်းပိတ်ရက်ရှည် ကာလအစမှာပဲ ယာဉ်မတော်တဆမှုတွေ ဖြစ်ခဲ့တာမှာ ဒီက​နေ့ အောက်တိုဘာ ၂၄ ရက်၊ မနက် ၆ နာရီဝန်းကျင်က မော်လမြိုင် – မုဒုံသွား လမ်းမကြီးပေါ်ရှိ ကြားအင်းရပ်ကွက်၊ ကုတင် ၃၀၀ ဆေးရုံအနီးမှာ မော်လမြိုင်မှ ကျိုက္ခမီကို ဘုရားဖူးသွားတဲ့ ဟိုက်ဂျက်ကားတစီး ဘီးပေါက်ပြီး လမ်းဘေးဓာတ်တိုင်ကို ဝင်တိုက်ကာ တိမ်းမှောက်ခဲ့တာကြောင့် ကလေး လေးယောက် အပါအဝင် ၁၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ဒီကနေ့မနက် ၄ နာရီ၊ မိနစ် ၅၀ ဝန်းကျင်ကလည်း ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၅၃/၀ နဲ့ ၁၅၂/၇ ကြားမှာ ယာဉ်နှစ်စီး တိုက်မိမှုကြောင့် တယောက် သေဆုံးကာ၊ ၁၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
နေပြည်တော်ကနေ ရန်ကုန်ကို မောင်းနှင်လာတဲ့၊ Telematics စနစ်တပ်ဆင်ထားတဲ့ MITSUBISHI FUSO အမျိုးအစား ကုန်တင်ယာဉ်က မိုးရွာသွန်းမှုကြောင့် ညာဘက်ယာဥ်ကြောမှာ လမ်းပေါ် တဝက်၊ မြေသားလမ်းပေါ်တဝက် ရပ်ထားတဲ့ MITSUBISHI CANTER ကားကို နောက်ကနေ ဝင်ရောက် တိုက်မိခဲ့တာလို့ သိရပါတယ်။
CANTER ယာဉ်ပေါ်မှာ ယာဉ်မောင်းအပါ အမျိုးသား လေးယောက်၊ အမျိုးသမီး ရှစ်ယောက်နဲ့ ကလေး လေးယောက်၊ စုစုပေါင်း ၁၆ ယောက် လိုက်ပါလာပြီး ကုန်တင်ကားပေါ်မှာတော့ ယာဉ်မောင်းအပါ အမျိုးသား နှစ်ယောက် လိုက်ပါလာတာလို့ သိရပါတယ်။
“သေဆုံးသူက အမျိုးသားပါ၊ CANTER ယာဉ်ကပါ။ နေရာမှာတင် သေဆုံးတာပါ။ ဒဏ်ရာရထဲမှာ ကုန်တင်ကားက ယာဉ်မောင်းက ဒဏ်ရာပြင်းထန်တယ်။ ခြေထောက် ဒူးခေါင်းအောက်ပိုင်းက ကြေသွားတဲ့သဘောရှိတယ်” လို့ ဒီဖြစ်စဉ်ကို သိရှိထားသူက ပြောပါတယ်။
ဒါအပြင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဟဲဟိုးမြို့၊ သီခေါင်တောင်အဆင်း လမ်းမှာလည်း ဒီကနေ့ မနက် ၄ နာရီ ၄၅ မိနစ်ဝန်းကျင်က ယာဥ်မောင်း၊ ယာဥ်နောက်လိုက်နဲ့ ခရီးသည် အယောက် ၂၀ ကျော် လိုက်ပါလာတဲ့ အဝေးပြေး ခရီးသည်တင်တစီး လမ်းဘေးထိုးကျ တိမ်းမှောက်ခဲ့ပြီး ခြောက်ယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
အခုလို ခရီးသွားရာသီအတွင်း အဝေးပြေး လမ်းမကြီးတွေမှာ ယာဉ်ကြော ပိတ်ဆို့မှုတွေနဲ့အတူ ယာဉ်မတော်တဆမှု ဖြစ်ပွားနိုင်ခြေ ပိုများတတ်တာကြောင့် လမ်းခရီးအန္တရာယ် ကင်းရှင်းစေဖို့ မိမိတို့ရဲ့ မော်တော်ယာဉ်တွေကို ကြိုတင်စစ်ဆေးပြီး အထူးဂရုပြု မောင်းနှင်ကြစေလိုတယ်လို့ ဆိုပါတယ်။
“ယာဥ်မတော်တဆမှု အများစုက သတ်မှတ်အရှိန်ထက် ပိုမောင်းတာနဲ့ စည်းကမ်းမဲ့ ကျော်တက်တာတွေကြောင့် ဖြစ်ရတာပါ။ သတ်မှတ် ကီလိုအတိုင်း မောင်းဖို့လိုပါတယ်။ တဦးချင်းစီက စည်းကမ်းလိုက်နာမှသာ အားလုံးဘေးကင်းမှာပါ။ ယာဉ်မောင်းနှင်သူတွေအနေနဲ့ ခရီးမထွက်ခင် မိမိတို့ရဲ့ ယာဉ်ကြံ့ခိုင်မှုကို သေချာစစ်ဆေးဖို့ လိုအပ်သလို၊ လမ်းခရီးမှာလည်း အရှိန်လွန်မောင်းနှင်တာမျိုး မလုပ်ကြဖို့ တိုက်တွန်းချင်ပါတယ်” လို့ ယာဉ်ထိန်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။
ဒါအပြင် ယာဉ်မောင်း အိပ်ငိုက်ခြင်း၊ ပင်ပန်း နွမ်းနယ်ခြင်းတို့ကြောင့် ယာဉ်မတော်တဆမှုတွေ အဖြစ်များတတ်တဲ့အတွက် အဲဒီလို အန္တရာယ်တွေကို ရှောင်ရှားနိုင်ဖို့ ခရီးဝေးမောင်းနှင်မယ့် ယာဉ်မောင်းတွေအနေနဲ့ ၂ နာရီဆက်တိုက် မောင်းနှင်ပြီးတိုင်း ယာဉ်ရပ်နား စခန်းတွေမှာ ခေတ္တ အနားယူမှု ပြုလုပ်စေချင်တယ်လို့ သူက ပြောပါတယ်။
လက်ရှိ သီတင်းကျွတ် ရုံးပိတ်ရက်ကာလ အောက်တိုဘာလ ၂၄ ရက်၊ မနက်ပိုင်းကစလို့ ရန်ကုန်မြို့ အပါအဝင် မြို့ဝင်/မြို့ထွက် ဂိတ်တချို့မှာ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ခဲ့ပြီး အချိန်ကြာမြင့်စွာ တန်းစီ စောင့်ဆိုင်းရမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
ခု​နောက်ဆုံးဝင်လာတဲ့ သတင်းအရမန္တလေး-မေမြို့လမ်း (၁၉ မိုင်)မှာ အိမ်စီးကားနဲ့ Express ကားတိုက်မိပြီး Express ကားက ချောက်ထဲကျလို့ ကယ်ဆယ်ရေးလိုအပ်နေတယ်လို့သိရပါတယ်။
Photo – CJ

Related posts

✕
VOM News

FREE
VIEW