မိုးစပါးကို သီးနှံအာမခံထားမှ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးမယ်ဆိုပေမယ့် လယ်သမားတွေ အာမခံမထားလို

 

ဇွန် ၂၀ – ၂၀၂၄
GG (VOM)

မိုးစပါးရာသီမှာ မြန်မာ့ဖွံ့ဖြိုးရေးဘဏ်ကနေ ထုတ်ချေးပေးနေတဲ့ ချေးငွေကိုရယူမယ့် တောင်သူတွေအနေနဲ့ ရာသီဥတုညွှန်းကိန်းအခြေပြုသီးနှံအာမခံထားရှိမှသာ ချေးငွေထုတ်ချေးပေးမယ်ဆိုတာကြောင့် တောင်သူတွေ အဆင်မပြေဖြစ်နေရတယ်လို့သိရပါတယ်။

ဆောင်းသီးနှံတုန်းက အာမခံကြေးမှာ ချေးငွေရဲ့ ၁ ရာခိုင်နူန်းသာကောက်ခံခဲ့လို့ တဧကကို ၁၀၀၀ ကျပ်သာရှိပေမယ့် မိုးစပါးသီးနှံအာမခံကြေးကတော့ ချေးငွေရဲ့ ၂ ရာခိုင်နူန်းတိုးမြင့်ကောက်ခံတဲ့အတွက် တဧကကို ၃၀၀၀ ကျပ်ဖြစ်လို့ လယ် ဆယ်ဧကရှိသူဟာ အာမခံအတွက် ငွေကျပ် ၃၀၀၀၀ ပေးသွင်းရမှာဖြစ်ပါတယ်။

အာမခံထားရှိမှုနဲ့ပတ်သက်ပြီး မြန်မာ့ဖွံ့ဖြိုးရေးဘဏ်က တောင်သူတွေသိရှိနားလည်အောင် ရှင်းလင်းပြောဆိုတာမျိုးမရှိဘဲ သီးနှံအာမခံထားမှသာ ချေးငွေထုတ်ချေးပေးမယ်ဆိုပြီး ပြောဆိုလာတာကြောင့် တောင်သူတွေအဆင်မပြေတဲ့အတွက် ဝေဖန်ပြောဆိုမှုရှိနေတာဖြစ်ပါတယ်။

” မနှစ်က ဆောင်းချေးငွေတုန်းကတထောင်ပဲကောက်ပြီးအခုကျတဧက၃၀၀၀ဆိုတော့ များသွားပြီ၊ကောက်ပြီးရင်ဘယ်လို အခြေနေမှာလျော်ကြေးရမယ်ဘာညာလည်းဘယ်သူမှမပြောပြဘူးလေ၊ဒီတော့ ကျွန်တော်တို့ကအလကားပေးနေရသလိုချည်းဖြစ်နေတာပေါ့။ ဒီတဧက၃၀၀၀ မှမပေးရင် ချေးငွေမရဘူးဆိုတော့ ခက်နေတာပေါ့။ ဒီချေးငွေကတောင်သူတွေအတွက် မထိရောက်ပေမယ့်လည်း အတိုးသက်သာတော့လိုချင်တဲ့သဘောပါ ၊ခုတော့ဘယ်လိုလုပ်ရမလဲမသိသေးဘူး ရွာထဲကလယ်သမားတွေအခြေအနေကြည့်ရအုံးမှာပေါ့ ” လို့ ပြည်မြို့နယ် မိုးစပါးစိုက်တောင်သူတယောက်ကပြောပါတယ်။

မိုးစပါးချေးငွေအဖြစ်ထုတ်ချေးရာမှာ တောင်သူတယောက်ကိုအများဆုံး လယ်ဆယ်ဧကအထိသာထုတ်ချေးပေးတာဖြစ်ပြီး အာမခံထားမယ်ဆိုပါက အာမခံကြေး ၃၀၀၀၀ ကျပ်၊ဘဏ်ချေးငွေထုတ်ဖို့အတွက် စာရွက်စာတမ်းကြေးက ၂၅၀၀ ကျပ်ကို ပေးရမှာဖြစ်တာကြောင့် တောင်သူတွေကတော့ အာမခံစနစ်မထားလိုကြောင်း ပြောဆိုကြပါတယ်။

” လျော်ကြေးဆိုတာလည်းသူတို့ပေးမှရမှာလေ၊လျော်ကြေးကဘယ်နေလဲမသိဘူး ကိုယ်ကအရင်ပေးရမှာ ၊ ဘာအာမခံမှလည်းမထားချင်ဘူး၊ အာမခံမထားရင်ချေးငွေချေးမပေးဘူးဆိုတော့ ခက်နေတယ်၊ အာမခံဆိုတဲ့သဘောက ကိုယ့်ဘာသာ ထားချင်မှထားမှပေါ့၊ခုက သူတို့ကအတင်းအကျပ်ကြီးလာလုပ်နေတာ ” လို့ ရန်ကုန်တိုင်း မိုးစပါးစိုက်တောင်သူတယောက်ကပြောပါတယ်။

မိုးစပါးစိုက်ပျိုးစရိတ်အဖြစ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က လယ်တဧကကို ၁၅၀၀၀၀ ကျပ်ထုတ်ချေးပြီး အဲ့ဒီချေးငွေပမာဏရဲ့ ၂ ရာခိုင်နူန်းကို သီးနှံ အာမခံကြေးအဖြစ်ပေးရတာဖြစ်ကြောင်း ၊ မိုးစပါးက မိုးရာသီစိုက်ပျိုးရတာဖြစ်ပြီး မိုးရေချိန်ကြောင့်ပျက်စီးနိုင်မှုအခြေအနေပိုများတဲ့အတွက် အာမခံကြေးကိုတိုးမြင့်ကောက်ခံတာဖြစ်တယ်လို့ မြန်မာ့အာမခံလုပ်ငန်းတာဝန်ရှိသူတယောက်ကပြောပြပါတယ်။

ဒါအပြင် အာမခံစနစ်က ရာသီဥတုအညွှန်းကိန်းအခြေပြုတာကြောင့်မိုးရေချိန်အပေါ်လိုက်ပြီး လျော်ကြေးပေးရတာဖြစ်လို့ တောင်သူတိုင်း သီးနှံအာမခံထားမှသာအဆင်ပြေမှာဖြစ်တယ်လို့ ဆိုပါတယ်။

” ဆောင်းကအန္တရာယ်ဖြစ်နိုင်တာနည်းတယ်၊မိုးကကျ အန္တရာယ်ဖြစ်နိုင်ချေကပိုများတယ် ပျက်စီးမှုပိုများနိုင်တယ်၊ဒါကြောင့်လည်း အာမခံကြေးကဆောင်းသီးနှံထက်မိုးသီးနှံမှာအာမခံနူန်းထားပိုသွားတဲ့သဘောပါ။ အာမခံစနစ်ကတောင်သူတိုင်းထားရမှာလားဆိုတော့ ပြောရရင်တောင်သူအကုန်လုံးထားမှသာအဆင်ပြေမယ်၊ဘာလို့ဆိုရင်ကျနော်တို့ကစပါးအထွက်လျော့တာနည်းတာကိုအခြေခံတာမဟုတ်ပဲ ရာသီဥတုအညွှန်းကိန်းမိုးရေချိန်ကိုကြည့်တာပေါ့။သတ်မှတ်မိုးရေချိန်ထက်များခြင်း၊နည်းခြင်းကိုပဲကြည့်တာ၊ဥပမာ ပြည်ဘက်မှာ သတ်မှတ်ထားတဲ့မိုးရေချိန်လက်မထက်ကျော်သွားမယ်ဆိုရင် မိုးလေဝသကကြေငြာရင်ကျနော်တို့က အဲ့ဘက်ကလယ်သမားတွေအကုန်လုံးကို လျော်ကြေးပေးရမှာဆိုတော့ အာမခံမထားရင် လျော်ကြေးပေးတဲ့အခါကျအဆင်မပြေမှုတွေဖြစ်နိုင်တာကြောင့်ပါ၊ဒီစနစ်ကအကျိုးအမြတ်တွက်မဟုတ်ဘဲတောင်သူတွေအတွက်အဓိကလုပ်တဲ့စနစ်ပါ ” လို့မြန်မာ့အာမခံလုပ်ငန်းက တာဝန်ရှိသူကပြောပါတယ်။

ရာသီဥတုညွှန်းကိန်းအခြေပြု သီးနှံ အာမခံအကျုံးဝင်ကာလကို ကာလအပိုင်းခြားနှစ်ခုသတ်မှတ်ထားကြောင်း ၊ပထမကာလက ဇူလိုင် ၁ရက်မှ ဩဂုတ်လကုန်အထိကိုပထမကာလသတ်မှတ်ထားပြီး ဒုတိယကာလကို စက်တင်ဘာ ၁ ရက်ကနေ အောက်တိုဘာလကုန်အထိဖြစ်ကြောင်း ၊ အဆိုပါကာလအတွင်း မိုးရေချိန်နည်းခြင်း၊များခြင်းပမာအပေါ်နဲ့ ရေကြီးနစ်မြုပ်ပြီး သီးနှံစိုက်ခင်းပျက်စီးပါက လျော်ကြေးရရှိမှာဖြစ်တယ်လို့ဆိုပါတယ်။

မိုးစပါးသီးနှံ အာမခံစနစ်ကို
မြန်မာပြည်အထက်ပိုင်းက မိုးနည်းတတ်တဲ့သဘောရှိလို့ သတ်မှတ်မိုးရေချိန်ထက်နည်းပါက လျော်ကြေးရရှိမှာဖြစ်ပြီး မြန်မာပြည်အောက်ပိုင်းကတော့ မိုးများတဲ့သဘောရှိလို့ သတ်မှတ်ထားတဲ့မိုးရေချိန်ထက်များရင် လျော်ကြေးရရှိမှာဖြစ်တဲ့အပြင် ရေကြီးနစ်မြုပ် မှုဖြစ်ပွားပြီး စိုက်ခင်းပျက်စီးကြောင်း မြို့နယ်အလိုက် ဖွဲ့စည်းထားတဲ့ စိုက်ပျိုးရေးနှင့်မေ်းမြူရေးကြီးကြပ်ကော်မတီက ပျက်စီးသွားကြောင်းတင်ပြရင် လျော်ကြေးရရှိမှာဖြစ်တယ်လို့ဆိုပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW