ယူကရိန်းအတွက် စစ်ရေးအကူအညီတွေ နောက်ထပ်တနှစ် ဆက်ပေးဖို့ နေတိုးအဖွဲ့ အတည်ပြုဖွယ်ရှိ

 

ဘရပ်ဆဲလ်၊ ဇူလိုင်-၆-၂၀၂၄
မျိုးဆက်(VOM)

ယူကရိန်းအတွက် စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့မှုပမာဏကို လက်ရှိအနေအထားအတိုင်း နောင်တနှစ် ဆက်လက်ထောက်ပံ့သွားဖို့ နေတိုးခေါင်းဆောင်တွေက နေတိုးအဖွဲ့ထိပ်သီးဆွေးနွေးပွဲမှာ အတည်ပြုဖို့ရှိနေပါတယ်။

ယူကရိန်းစစ်ပွဲ တတိယမြောက်နှစ်ထဲရောက်လာပြီး ယူကရိန်းအရှေ့ပိုင်းမှာ ရုရှားတပ်တွေက အသာစီးရနေချိန်မှာ နေတိုးအဖွဲ့ရဲ့ ၇၅ နှစ်မြောက် နှစ်ပတ်လည်အစည်းအဝေးကို လာမယ့်သီတင်းပတ်ကစပြီး သုံးရက်ကြာ ကျင်းပမှာဖြစ်ပါတယ်။

နေတိုးအဖွဲ့ဝင် ၃၂ နိုင်ငံဟာ ယူကရိန်းအတွက် စစ်လက်နက်ပစ္စည်း နှစ်စဉ် ဒေါ်လာ ၄၃ ဘီလီယံဖိုးထိ သုံးစွဲနေပြီး ဒါဟာဖြစ်သင့်တဲ့ အနေအထားဖြစ်ကာ ဒီအခြေခံပမာဏအတိုင်း ရှေ့ဆက်နေတယ်လို့ နေတိုးအတွင်းရေးမှူးချုပ် စတိုတန်ဘာ့ဂ်က သတင်းထောက်တွေကို ပြောပါတယ်။

“လာမယ့်နှစ်မှာ ဒီအဆင့်အတိုင်း ယူကရိန်းအတွက် စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့မယ့်ကိစ္စကို မဟာမိတ်တွေက ထိပ်သီးဆွေးနွေးပွဲမှာ ဆုံးဖြတ်မှာပါ။ စီးပွားရေးတိုးတက်မှုအပေါ် အခြေခံပြီး နိုင်ငံအချင်းချင်း မျှဝေသုံးစွဲမယ့် ပမာဏကိုတွက်ချက်ပြီး ၂၀၂၅ ခုနှစ်အတွက် ပြန်လည်သုံးသပ်သွားမယ်”လို့ သူကပြောပါတယ်။

လက်ရှိမှာတော့ ရုရှားဟာ ယူကရိန်းရဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေအပါအဝင် နိုင်ငံအရှေ့ပိုင်းမှာ ထိုးစစ်အရှိန်မြှင့်တင်နေပြီး ယူကရိန်းသမ္မတ ဇီလန်စကီးကတော့ ပိုမိုအဆင့်မြင့်လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ ပိုမိုပေးဖို့ အမေရိကန်နဲ့ မဟာမိတ်တွေကို တောင်းဆိုထားပါတယ်။

Ref:AFP
Photo:Getty Images

#Voiceofmyanmar #VOM #ယူကရိန်း #ရုရှား #နေတိုး #စစ်ရေးအထောက်အပံ့ #ဆက်ပေးမယ်

Related posts

Leave a Comment

VOM News

FREE
VIEW