သံတွဲကစစ်ရှောင်တွေကို ဘုန်းကြီးကျောင်းမှာနေခွင့်မပြုသလို စစ်ရှောင်စခန်းလည်းမရှိလို့ အခက်ကြုံနေ

 

ွဇူလိုင် ၇ – ၂၀၂၄
GG (VOM)

ရခိုင်ပြည်နယ်၊ သံတွဲမြို့ကနေ ဂွမြို့ကို စစ်ရှောင်လာသူတွေကို ဂွမြို့တာဝန်ရှိသူတွေက ဘုန်းကြီးကျောင်းတွေမှာ တည်းခို နေထိုင်ခွင့်မပြုသလို စစ်ရှောင်စခန်းလည်းဖွင့်လှစ်ပြီးစိစစ်လက်ခံ မပေးတာကြောင့် ငွေကြေးမပြည်စုံတဲ့စစ်ရှောင်တွေ အခက်တွေ့နေရတယ်လို့ သိရပါတယ် ။

သံတွဲမြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ကျေးရွာဒေသခံပြည်သူတွေ၊ မြို့ပေါ်နေထိုင်သူအများစုဟာ ကျိန္တလီမြို့နဲ့ ဂွမြို့အပါအဝင် နီးစပ်ရာဘုန်းကြီးကျောင်းတွေမှာ စစ်ရှောင်နေကြရပြီး ဂွမြို့ပေါ်စစ်ရှောင်လာသူတွေအတွက် ဘုန်းကြီးကျောင်းရော စစ်ရှောင်စခန်းပါမရှိလို့ အိမ်ခန်းငှားနေရလို့ အဆင်မပြေဒုက္ခရောက်နေကြရတာဖြစ်တယ်လို့သိရပါတယ်။

” တချို့ဆို ဂွကိုစစ်ရှောင်လာဖို့တောင်ကားခမတတ်နိုင်လို့ ခြေကျင်လာရသူတွေရှိတယ်။ဧရာဝတီအထိကိုခြေကျင်သွားရမယ့်သူတွေရှိတယ်။ဂွမှာက ဘုန်းကြီးကျောင်းလည်းနေခွင့်မပြုဘူး။စစ်ရှောင်စခန်းလည်းမဖွင့်ပေးထားတော့ ရန်ကုန်ဘက်။ဧရာဝတီဘက်စစ်ရှောင်မယ့်သူတွေရော ။ဂွမှာပဲနေကြမယ့်သူတွေရောက အိမ်ငှားနေရတယ်။တည်းခိုခန်းတွေမှာနေရတယ်၊အကုန်အပြည့်ဘဲ။ငွေကြေးမပြည့်စုံသူတွေကတော့ ဒုက္ခရောက်နေရတယ်၊ သံတွဲနဲ့ဂွကြားကရွာတွေမှာတော့ နီးစပ်ရာဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြတာလည်းရှိတယ် ” လို့ စစ်ရှောင်လာသူတွေကို ကူညီပေးနေတဲ့ ဂွမြို့ဒေသခံတယောက်ကပြောပါတယ်။

ဂွမြို့ကို ရောက်လာတဲ့ ငွေကြေးမပြည့်စုံတဲ့ စစ်ဘေးရှောင်တွေအတွက် စစ်ရှောင်စခန်းတွေဖွင့်ပေးဖို့လိုအပ်နေပြီး အကူအညီအထောက်အပ့ံတွေလိုအပ်နေသလို ကျေးရွာဘုန်းကြီးကျောင်းကစစ်ရှောင်တွေအတွက်လည်း အမျိုးသမီးလစဥ်သုံး ပစ္စည်းအပါအဝင် စားနပ်ရိက္ခာနဲ့ အခြားအသုံးဆောင်ပစ္စည်းတွေလိုအပ်နေတယ်လို့သိရပါတယ်။

” အခုက သံတွဲမှာအုပ်ချုပ်ရေးကရပ်သွားပြီး ဂွအကုန်ရောက်နေပြီ။သူတို့ကပဲစစ်ရှောင်တွေကို လိုအပ်တဲ့စာရွက်အထောက်ထားဘာညာလုပ်ပေးတာ။ကျန်တဲ့ကူညီမှုအပိုင်းကမရှိဘူး။စစ်ရှောင်စခန်းသာရှိမယ်ဆိုရင် ငွေကြေးမပြည့်စုံသူအတွက်အဆင်ပြေတာပေါ့။ခိုလှုံရာလေးရှိသွားမယ်။ ” လို့ သူကထပ်မံပြောပြပါတယ်။

လက်ရှိမှာ စစ်ရှောင်တွေထဲက ငွေကြေးပြည့်စုံသူတွေကတော့ သံတွဲ- ဂွ-ငါးသိုင်းချောင်းလမ်းကနေ ဧရာဝတီ တိုင်းဘက်ကိုစစ်ရှောင်သူရှိသလို အဲဒီကမှတဆင့် ရန်ကုန်တိုင်း ဘက်ကိုစစ်ရှောင်ကြသူတွေလည်းရှိတယ်လို့သိရပါတယ်။

သံတွဲမြို့နယ်မှာတော့ ဧပြီလ ၂၂ ရက်ကစပြီး သူဌေးရေအားလျှပ်စစ်စီမံကိန်းရှိရာ ဒေါ်မြနဲ့ပုရစ်ကောက်ရွာနားမှာ တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲ့ဒီနောက်မှာ ဆက်တိုက်ဆိုသလို တိုက်ပွဲတွေ ပြင်းထန်လာပြီး အရပ်သားသေဆုံးမှုနဲ့နေအိမ်တွေမီးလောင်ပျက်စီးမှုအထိရှိလာခဲ့တာဖြစ်ပါတယ်။

သံတွဲနဲ့ငပလီဒေသ တိုက်ပွဲအတွင်းမှာ အရပ်သားသေဆုံးမှု ၂၅ ေယာက် ထက်မနည်းရှိလာနေပြီဖြစ်တယ်လို့ ဒေသတွင်းအချက်အလက်တွေအရသိရပါတယ်။

#Voiceofmyanmar #vom #သံတွဲ #တိုက်ပွဲ #အရပ်သားသေဆုံးမှု #စစ်ရှောင် #ဂွမြို့ #

Related posts

✕
VOM News

FREE
VIEW