ဇူလိုင် ၆ – ၂၀၂၄
SN (VOM)
လာမယ့် သုံးရက်အတွင်း မြို့ကိုးမြို့မှာ မြစ်ရေ စိုးရိမ်ရေမှတ် ရောက်ရှိနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ထားပါတယ်။
မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ ကလေးဝ၊ မင်းကင်း၊ မုံရွာ၊ မြစ်ငယ် စတဲ့ မြို့ကိုးမြို့မှာ ဧရာဝတီ၊ ချင်းတွင်း၊ ဒုဋ္ဌဝတီ စတဲ့ မြစ်ရေတွေ ဆက်လက် မြင့်တက်လာနိုင်တယ်လို့ မိုး/ဇလက ထုတ်ပြန်ထားတာပါ။
“ဒါကြောင့် အဲဒီမြို့တွေအတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်း နေထိုင်သူတွေအနေနဲ့ အထူးသတိပြု နေထိုင်ကြဖို့ လိုအပ်ပါတယ်” လို့ မိုး/ဇလက အကြံပြုထားပါတယ်။
မနေ့ ဇူလိုင် ၆ ရက်၊ နေ့လယ် ၁၂ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေဟာ မန္တလေးမြို့မှာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အောက် ၆ ပေခန့် (၁၈၄ စင်တီမီတာ) မှာ ရောက်ရှိနေပြီး အဲဒီမြစ်ရေဟာ နောက် သုံးရက်အတွင်း မန္တလေးမြို့ရဲ့ စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
အလားတူ စစ်ကိုင်းမြို့မှာလည်း ဧရာဝတီမြစ်ရေဟာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အောက် ၅ ပေခွဲကျော်ခန့် (၁၇၁ စင်တီမီတာ) မှာ ရောက်ရှိနေပြီး နောက်သုံးရက်အတွင်း စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်သလို မြင်းမူမြို့မှာလည်း အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အောက် ၅ ပေခွဲခန့် (၁၆၉ စင်တီမီတာ) မှာ ရောက်ရှိနေကာ အဲဒီမြစ်ရေဟာ နောက် သုံးရက်အတွင်း မြင်းမူမြို့ရဲ့ စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီလိုပဲ ပခုက္ကူမြို့မှာလည်း ဧရာဝတီမြစ်ရေဟာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အောက် ၄ ပေခွဲကျော်ခန့် (၁၄၃ စင်တီမီတာ) မှာ ရောက်ရှိနေပြီး အဲဒီမြစ်ရေဟာ နောက် သုံးရက်အတွင်း ပခုက္ကူမြို့ရဲ့ စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်သလို ညောင်ဦးမြို့မှာလည်း အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အောက် ၄ ပေခွဲခန့် (၁၃၉ စင်တီမီတာ) မှာ ရောက်ရှိနေကာ အဲဒီမြစ်ရေဟာ နောက် သုံးရက်အတွင်း ညောင်ဦးမြို့ရဲ့ စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်တယ်လို့ ဆိုပါတယ်။
ဒါအပြင် ချင်းတွင်းမြစ်ရေဟာလည်း ကလေးဝမြို့မှာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အောက် ၁ ပေခွဲကျော်ခန့် (၄၉ စင်တီမီတာ) မှာ ရောက်ရှိနေပြီး အဲဒီမြစ်ရေဟာ နောက် ၁၂ နာရီအတွင်း ကလေးဝမြို့ရဲ့ စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်သလို မင်းကင်းမြို့မှာလည်း စိုးရိမ်ရေမှတ်အောက် ၁ ပေခွဲခန့် (၄၀ စင်တီမီတာ) မှာ ရောက်ရှိနေကာ နောက် ၁၂ နာရီအတွင်း အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီလိုပဲ မုံရွာမြို့မှာလည်း ချင်းတွင်းမြစ်ရေဟာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အောက် ၁ ပေခွဲကျော်ခန့် (၅၃ စင်တီမီတာ) မှာ ရောက်ရှိနေပြီး နောက်တရက်အတွင်း မြို့ရဲ့ စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်တယ်လို့ ဆိုပါတယ်။
ဒါအပြင် ဒုဋ္ဌဝတီမြစ်ရေဟာလည်း မြစ်ငယ်မြို့မှာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အောက် ၅ ပေခွဲကျော်ခန့် (၁၇၄ စင်တီမီတာ) မှာ ရောက်ရှိနေပြီး အဲဒီမြစ်ရေဟာ နောက် သုံးရက်အတွင်း စိုးရိမ်ရေမှတ်ကို ရောက်ရှိလာနိုင်တယ်လို့ မိုး/ဇလက ခန့်မှန်းထားပါတယ်။
ဒါအပြင် မိုးလေဝသ လေ့လာစောင့်ကြည့်သူတယောက်ဖြစ်တဲ့ ဦးဝင်းနိုင်ကလည်း ပထမရေကြီးကာလအတွင်း ချင်းတွင်းနဲ့ ဧရာဝတီမြစ်အထက် ရေတွေ အောက်ဘက်ကို ထပ်မံ ဆင်းလာဦးမှာဖြစ်တာကြောင့် မြန်မာတနိုင်ငံလုံး မြစ်ရေ ဆက်လက် မြင့်တက်လာနိုင်တယ်လို့ ပြောပါတယ်။
“ဧရာဝတီ၊ ချင်းတွင်းမြစ်ရေတွေက စိုးရိမ်ရေမှတ် ကျော်လွန်နေတဲ့ ဗန်းမော်၊ ကသာ၊ ရွှေကူမြို့တွေမှာ အနည်းငယ်ကျဆင်းနေပြီး ဟုမ္မလင်း၊ ဖေါင်းပြင်၊ မော်လိုက်မြို့တွေမှာတော့ ဆက်တက်နေတုန်းပါပဲ။ မြစ်ရေအခြေအနေ သတိပြုပြင်ဆင်ကြတာကိုတော့ ပေါ့လျော့လို့ မဖြစ်သေးပါဘူး” လို့ ဦးဝင်းနိုင်က ပြောပါတယ်။
ဒီကနေ့ ဇူလိုင် ၇ ရက်နေ့၊ ညနေပိုင်းမှာ ဖြစ်လာနိုင်မယ့် တိမ်ဖုံးအုပ်မှုအခြေအနေနဲ့ ဘင်္ဂလားပင်လယ်အော်ဘက်က လေဖိအားနည်းဖြစ်နိုင်တဲ့ အခြေအနေတွေကို ကြိုတင် ခန့်မှန်းကြည့်တဲ့အခါ တနိုင်ငံလုံးမှာ တိမ်အမြင့် (HIGH-Clouds) တွေ ဖုံးအုပ်မှုက ၉၈ ရာခိုင်နှုန်းမှ ၁၀၀ ရာခိုင်နှုန်းအထိ ရှိနေတာကို တွေ့ရတယ်လို့ သူက ပြောပါတယ်။
ဒါအပြင် နောက်လာမယ့် ၂၄ နာရီအတွင်းမှာလည်း အလယ်ပိုင်းဒေသတချို့မှာ မိုးရွာနိုင်ချေနည်းပြီး နေရာကွက် မိုးကြီးနိုင်ပေမယ့် မြောက်ပိုင်း ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း (အထက်ပိုင်း) မှာတော့ မိုးဆက်လက် များနေဦးမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
ဒါအပြင် ဒီကနေ့ ဇူလိုင် ၇ ရက် မွန်းလွဲပိုင်းမှာ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနဲ့ အနောက်မြောက်ပိုင်းပင်လယ်ပြင်ရဲ့ အထက်အမြင့်ပေ ၅၀၀၀ အထက် လေထုလွှာအတွင်း လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နိုင်တာကို ECMWF, GFS, GEFS model ကြိုတင်ခန့်မှန်းချက်တွေမှာ တွေ့ရတယ်လို့ သူက ပြောပါတယ်။
ဒီအခြေအနေကြောင့် ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း (အထက်ပိုင်း) နဲ့ ကချင်ပြည်နယ်တို့မှာ မိုးများနိုင်ပြီး ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာတော့ မိုးအသင့်အတင့်နဲ့ နေရာကွက်ပြီးမိုးများတာတွေ ဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။
ECMWF-AI ခန့်မှန်းချက်တွေအရ တောင်တရုတ်ပင်လယ်၊ ဗီယက်နမ်နိုင်ငံ (တောင်ပိုင်း) ကမ်းခြေအနီးမှာ ဇူလိုင် ၁၄ ရက်နေ့မှစတင်ကာ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နိုင်ပြီး ဇူလိုင် ၁၅ ရက်၊ ညပိုင်းမှာ ဗီယက်နမ်ကမ်းခြေကို လေဖိအားနည်းရပ်ဝန်းအဖြစ် ဖြတ်ကျော် ဝင်ရောက်နိုင်တာကို တွေ့ရတယ်လို့လည်း သူက ပြောပါတယ်။
“ဇူလိုင် ၇ ရက်မှ ၁၄ ရက်အထိ ဘင်္ဂလားပင်လယ်အော်နဲ့ တောင်တရုတ်ပင်လယ်ဘက်မှ လေထုမငြိမ်မသက်ဖြစ်စေတဲ့ အခြေအနေတွေက မြန်မာနိုင်ငံအရှေ့ဘက်နဲ့ အနောက်ဘက်ကနေ မိုးတိမ်တွေ ဝင်ရောက်လာစေနိုင်ပြီး ဇူလိုင်လ လဝက်ကျော်တဲ့အထိ မိုးရွာသွန်းခြင်းတွေ ဆက်နေနိုင်ပါမယ်။ ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်းနဲ့ သံလွင်မြစ်တွေမှာလည်း စိုးရိမ်ရေမှတ်တွေကို ရောက်လုနီးနီး ရေပြည့်နေတာကြောင့် မြစ်ချောင်းဘေးအနီး နေထိုင်သူတွေ မပြီးဆုံးသေးတဲ့ ပထမရေကြီးကာလအတွင်းမှာ သတိထား၊ ဂရုစိုက်ကြဖို့ လိုအပ်ပါတယ်” လို့ သူက ပြောပါတယ်။
ဒါအပြင် အာဆီယံ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးအပ်ရေး ညှိနှိုင်းမှုဗဟိုဌာန (ASEAN Coordinating Centre for Humanitarian Assistance on Disaster Management- AHA Centre) ကလည်း မြန်မာနိုင်ငံ (မြောက်ပိုင်း) မှာ ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရေကြီး၊ ရေလျှံမှုတွေ ဖြစ်ပွားခဲ့တာမှာ အိမ်ထောင်စုပေါင်း ၃၇၀၀၊ လူဦးရေ တသောင်းခုနစ်ထောင်ကိုးရာ ရေဘေးဒဏ်သင့်ခဲ့တယ်လို့ ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
ဇွန်လနောက်ဆုံးပတ်က စတင်ပြီး မြန်မာနိုင်ငံ (မြောက်ပိုင်း) မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက် ဧရာဝတီမြစ်ရေဟာ စိုးရိမ်ရေမှတ်အထက်ကို ရောက်ရှိခဲ့ပြီး မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးကောင်း၊ ဖားကန့်နဲ့ ဗန်းမော်မြို့တို့ ရေနစ်မြုပ်ခဲ့သလို မြေနိမ့်ပိုင်း ဒေသတွေမှာလည်း ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီလိုပဲ ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့်လည်း ရေကြီး၊ ရေလျှံကာ ချင်းတွင်းမြစ်အနီးရှိ မြို့တွေကို ရေလွှမ်းမိုးခဲ့တယ်လို့ ဆိုပါတယ်။
ရေကြီးမှုကြောင့် ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းရှိ ရေဘေးသင့်ပြည်သူတွေကို စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်း၊ ဘုရားကျောင်းတွေနဲ့ တခြားသော ရေလွတ်ရာနေရာတွေမှာ ဖွင့်လှစ်ထားတဲ့ ရေဘေးကယ်ဆယ်ရေးစခန်း ၅၃ ခုတို့မှာ ရွှေ့ပြောင်းနေရာချပေးခဲ့ရတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
AHA Centre အနေနဲ့ နောက်ထပ် ဖြစ်ပေါ်လာမယ့် မြစ်ရေမြင့်တက်မှု အခြေအနေတွေကို ဆက်လက် စောင့်ကြည့်နေပြီး နောက်ဆုံးရ သတင်းအချက်အလက်တွေကို ထုတ်ပြန်သွားမယ်လို့လည်း အသိပေးထားပါတယ်။
#voiceofmyanmar #VOM #မြစ်ရေ #မြင့်တက်မှု
