ဘဏ်တွေ သတ်မှတ်စည်းကမ်း မလိုက်နာရင် အရေးယူမယ်လို့ နစက ပြော

 

ဇူလိုင် ၁၁ – ၂၀၂၄
SN (VOM)

ပြည်တွင်း ပုဂ္ဂလိကဘဏ်တွေအနေနဲ့ နိုင်ငံတကာ စံသတ်မှတ်ချက်တွေနဲ့အညီ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရမှာဖြစ်ပြီး လုပ်ထုံးလုပ်နည်းတွေကို လိုက်နာမှုမရှိရင်တော့ ဥပဒေပြဋ္ဌာန်းချက်တွေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ နစက မနေ့ ဇူလိုင် ၁၀ ရက်က နေပြည်တော်မှာပြုလုပ်တဲ့ အစည်းအဝေးမှာ အသိပေး ပြောဆိုလိုက်တယ်လို့ ဘဏ်လုပ်ငန်းရှင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

စီးပွားရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ စည်းစနစ်နဲ့ယှဉ်ပြိုင်ခြင်းထက် ကိုယ်ကျိုးစီးပွားကြောင့် လက်ဝါးကြီးအုပ်ခြင်း၊ ဈေးကစားမှု ပြုခြင်းတွေကြောင့် အများပြည်သူရဲ့ အကျိုးစီးပွားကို ထိခိုက်နစ်နာစေတဲ့အတွက် တားဆီးကာကွယ်ပေးရမှာဖြစ်တယ်လို့ နစက အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးက အစည်းအဝေးမှာ ပြောကြားခဲ့တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တယောက်က ပြောပါတယ်။

“ပြည်တွင်း ဘဏ်တွေအနေနဲ့က သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို ဖောက်ဖျက်တာရှိတယ်ပေါ့။ ဒါက နိုင်ငံတော်ရဲ့ စီးပွားရေးမူဝါဒတွေကို ထိပါးစေတဲ့အတွက် ခေါ်တွေ့တာလို့ ပြောတယ်။ သူတို့ကတော့ လက်ရှိအကျပ်အတည်းကာလမှာ ငွေသားသုံးစွဲမှုကို လျှော့ချပြီး အွန်လိုင်း Banking စနစ်၊ ဒစ်ဂျစ်တယ်ဘက်ကို သွားချင်တာ။ ဒါပေမယ့် ဘဏ်တွေမှာကျတော့ လုပ်ရကိုင်ရ ခက်ခဲတဲ့အပိုင်းတွေ ရှိတယ်။ လက်ရှိမှာက အင်တာနက်သုံးစွဲမှုကိုလည်း ထိန်းချုပ်ခံထားရတော့ အွန်လိုင်း Banking စနစ်၊ ဒစ်ဂျစ်တယ်ဘက်ကို သွားဖို့က ခရီးမတွင်နိုင်သေးဘူး။ အခက်အခဲတွေကတော့ အများကြီးပေါ့။ ဒါကြောင့်လည်း ပြည်သူတွေက ဘဏ်တွေအပေါ် ယုံကြည်မှု ကျဆင်းလာတာ” လို့ သူက ပြောပါတယ်။

ဒါအပြင် အဲဒီအစည်းအဝေးမှာ အတိုး၊ အရင်း ပြန်လည်ပေးဆပ်နိုင်ခြင်းမရှိတဲ့ ချေးငွေတွေ မြင့်တက်နေမှု၊ တော်လှန်ရေးအင်အားစု ထိန်းချုပ်ခွင့်ရသွားတဲ့ မြို့အသီးသီးက ဘဏ်ခွဲတွေကိစ္စ၊ ဘဏ်လုပ်ငန်းမှာ ငွေသားလက်ကျန် နည်းပါးလာမှု အခြေအနေတို့ကို အဓိက ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ပုဂ္ဂလိဘဏ်တွေဘက်ကလည်း ဘဏ်အပ်ငွေ ထုတ်ယူခွင့် ကန့်သတ်ထိန်းချုပ်ခြင်းတွေ အပါအဝင် ဘဏ်လုပ်ငန်း လုပ်ပိုင်ခွင့်တွေအပေါ် ဗဟိုဘဏ်က ဝင်ရောက် စွက်ဖက်နေခြင်းတွေကို ဖြေလျော့ပေးဖို့ အစည်းအဝေးမှာ တောင်းဆိုခဲ့ကြတယ်လို့ ဘဏ်လုပ်ငန်းရှင် တယောက်က ပြောပါတယ်။

လတ်တလော ပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် ဘဏ်အပ်ငွေ လျော့ကျခြင်းနဲ့ အတိုး၊ အရင်း ပြန်လည်မပေးဆပ်နိုင်တဲ့ ချေးငွေပမာဏ မြင့်တက်နေမှုကို ကြုံတွေ့နေရအတွက် ဘဏ်လုပ်ငန်းအချင်းချင်း ကူညီ ထောက်ပံ့ပေးနိုင်မယ့် Pool Banking System ကို ပြန်လည် အကောင်အထည်ဖော်ဖို့ ဗဟိုဘဏ်ဘက်က ပြောဆိုခဲ့တယ်လို့လည်း သူက ပြောပါတယ်။

အဲဒီစနစ်ဟာ ပြည်တွင်းပုဂ္ဂလိဘဏ်တခုခုမှာ ဘဏ်အပ်ငွေတွေ ထုတ်ယူမှု မြင့်တက်နေချိန်မှာ တခြားသောဘဏ်တွေက အဲဒီငွေပမာဏကို ပြန်လည်ဖြည့်တင်းပေးခြင်း ဖြစ်တယ်လို့ ဘဏ်လုပ်ငန်းရှင်တွေက ပြောပါတယ်။

ဒါအပြင် အဲဒီ အစည်းအဝေးမှာ နစက က ပြည်သူတွေအနေနဲ့လည်း မလိုအပ်ဘဲ ကောလာဟလသတင်းတွေကို စိုးရိမ်ကာ ငွေကြေး များစွာ ထုတ်ယူတာတွေကို မလုပ်ကြဖို့လည်း တိုက်တွန်းပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့က ပုဂ္ဂလိကဘဏ် ခုနစ်ခုနဲ့ ဘဏ်ပိုင်ရှင်တွေကို ဗဟိုဘဏ်သတ်မှတ်ထားတဲ့ နှုန်းထက်ပိုပြီး အိမ်ရာချေးငွေတွေ ထုတ်ချေးမှုနဲ့ အရေးယူမယ်လို့ ကြေညာပြီးတဲ့နောက် ဇူလိုင် ၂ ရက်နေ့မှ စတင်ကာ ငွေထုတ်သူ များပြားခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ဇူလိုင် ၂ ရက်နေ့မှာ Special ဘဏ်အကောင့်တခုကို တရက် သိန်း ၅၀ သာ ငွေထုတ်ပေးကြောင်း ပြောဆိုခဲ့ပြီးနောက် ဇူလိုင် ၃ ရက်နေ့မှာတော့ တရက်ကို ငွေကျပ် သိန်း ၃၀၊ ၄ ရက်နဲ့ ၅ ရက်မှာ တပတ် ငွေကျပ် သိန်း ၂၀ အထိ လျော့ချငွေထုတ်ခွင့်ပြုခဲ့ပြီး ၈ ရက်နေ့မှာတော့ တပတ်ကို ငွေကျပ် ၁၀ သိန်းသာ ရရှိတော့တဲ့ အခြေအနေ ဖြစ်လာတယ်လို့ ငွေထုတ်ယူသူတွေက ပြောပါတယ်။

#voiceofmyanmar #VOM #ဘဏ်တွေ #သတ်မှတ်စည်းကမ်း #မလိုက်နာရင် #ဥပဒေပြဋ္ဌာန်းချက်နဲ့အညီ #အရေးယူ #ဆောင်ရွက်မယ်

Related posts

Leave a Comment

VOM News

FREE
VIEW