ရခိုင်အပါအဝင် နေရာဒေသအများစုမှာ ငွေထုတ်ခနှုန်းထားတွေ မြင့်တက်ပြီး ခက်ခဲမှုတွေရှိနေ

 

ဇူလိုင် ၁၂ – ၂၀၂၄
GG (VOM)

တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ ငွေသားပြတ်လပ်မှုတွေဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေဆီက သိရပြီး တနိုင်ငံလုံးမှာလည်း ငွေထုတ်ခနူန်းထားတွေလည်း မြင့်တက်လာတယ်လို့ ငွေထုတ်သူတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ နစကအုပ်ချုပ်နေတဲ့ စစ်တွေ၊ ဂွ အပါမြို့အချို့မှာပင် ဘဏ်တွေဖွင့်လှစ်ထားပေမယ့် ဘဏ်လုပ်ငန်းလည်ပတ်မှုမရှိတော့သလို AA ထိန်းချုပ်ထားတဲ့ မြို့တွေမှာလည်း ဘဏ်တွေဖွင့်လှစ်နိုင်ခြင်းမရှိတာကြောင့် Kpay နဲ့ Wave money ကနေငွေထုတ်သူ အလွန်များပြားပြီး ငွေထုတ်ခ ရာခိုင်နူန်းလည်းအဆမတန်မြင့်တက်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ရခိုင်ပြည်နယ် နည်းတူ တိုက်ပွဲတွေဖြစ်ပွား နေတဲ့ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်၊ကရင်ပြည်နယ်၊မကွေး၊ မန္တလေးတိုင်းထဲကမြို့နယ် တွေမှာလည်း ငွေထုတ်ခရာခိုင်နူန်းတွေမြင့်တက်လာသလို စစ်မဖြစ်ပွားဘဲ နယ်မြေအေးချမ်းတဲ့ မန္တလေးမြို့ ၊ရန်ကုန်၊နေပြည်တော် အပါအဝင် မြို့တွေမှာလည်း ငွေထုတ်ခတွေက အဆမတန်မြင့်တက်လာနေတာဖြစ်ပါတယ်။

” ဘဏ်တွေကတော့ဖွင့်ထားတယ်။ဒါပေမယ့် လည်ပတ်မှုကမရှိဘူး။မရှိတော့ ငွေလိုသူတွေကကိုယ်စားလှယ်တွေနဲ့ပဲငွေထုတ်ငွေလွှဲလုပ်နေကြတယ်။ပြည်မဘက်တောင်အခြေအနေမကောင်း တော့ ရခိုင်ဘက်ကပိုဆိုးတာပေါ့။လုပ်ငန်းတွေလည်းအလုပ်မဖြစ်။ဘဏ်လုပ်ငန်းလည်းမလည်ပတ်။ ” လို့ အမည်မဖော်လိုသူ စစ်တွေဒေသခံ လုပ်ငန်းရှင်တယောက်ကပြောပါတယ်။

ငွေထုတ်ခနူန်းထားတွေက နေရာဒေသအပေါ်လိုက်ပြီး ငွေ ၁ သိန်းကို ၅ ရာခိုင်နူန်းမှ ၁၀ ရာခိုင်နူန်းအထက် ( ကျပ် ၅၀၀၀ မှ ၁၀၀၀၀ အထက်) ပေးဆောင်လာရတာဖြစ်တယ်လို့စုံစမ်းသိရပါတယ်။

ဘဏ်တွေမလည်ပတ်နိုင်မှုက ရခိုင်ပြည်နယ်မှာ Kpay နဲ့ Wave money ကနေငွေထုတ်ယူရာမှာ ငွေထုတ်ခရာခိုင်နူန်းတွေအဆမတန် မြင့်တက်လာစေခဲ့ တဲ့အပြင် လိုချင်တဲ့ငွေ ပမာဏကိုပင် အပြည့်အဝထုတ်လို့ မရတော့ဘဲ ကိုယ်စားလှယ်တွေရဲ့ငွေသားရှိတဲ့အပေါ် ထုတ်ပေးမှုအပေါ်သာမူတည်ပြီး အကန့်အသတ်နဲ့ ထုတ်ယူရတဲ့အခြေအနေထိဖြစ်လာတယ်လို့သိရပါတယ်။

” အရင်က kpay ကနေ ကိုယ်ထုတ်ချင်သလောက်ထုတ်လို့ရတယ်။ရာခိုင်နူန်းကလည်း ၂၀၀၀ လောက်ပဲရှိတယ်။ဆိုင်အလိုက်တော့ကွာတယ်။အခုကျတော့ ရာခိုင်နူန်း လည်းတက်တဲ့အပြင် ကိုယ်ထုတ်ချင်သလောက်လည်းမရတော့ဘူး။အေးဂျင့်တွေကတော့ သူတို့မှာလည်း ေငွသားရှိသလောက်ကိုပဲမျှထုတ်ပေးရတာလို့ပြောတာပဲ။တိုက်ပွဲဖြစ်တဲ့ဘက်ဆို ပိုဆိုးတာပေါ့။ဘဏ်ကအရင်တခုထဲကစိတ်မချရတာနဲ့ လူတွေကငွေမကိုင်ကြဘဲကိုယ့်ရှိတဲ့ Kpay လေးတွေထဲပဲထည့်ထားကြတာ။ခုကျအကန့်အသတ်နဲ့ထုတ်ရတော့ဒုက္ခရောက်ပြန်ရော ” လို့ ဂွမြို့နယ်ဒေသခံတယောက်ကပြောပါတယ်။

နယ်မြေအေးချမ်တဲ့ပြည်မဘက်ခြမ်းကမြို့တွေမှာတောင် ငွေထုတ်ခတွေမြင့်တက်လာတဲ့အပြင် လုပ်ငန်းရှင် နဲ့ ကုန်သည်အချို့က Kpay နဲ့ငွေပေးချေမှုကို လက်မခံတော့ဘဲ ငွေသားလက်ငင်းချေခိုင်းတာမျိုးအထိရှိလာပါတယ်။

” Kpay ကနေကုန်ဖိုးချေတာကို လက်မခံတော့ဘူးပြောလို့ ဒုက္ခရောက်ရတယ်။တချို့ကျတော့လည်း ငွေထုတ်ခပါအပိုလွှဲခိုင်းတယ်။ ဘဏ်မှာကျတောလည်း ၅ သိန်း၁၀ သိန်း လောက်ရဖို့ကိုတုံကင်အရှည်ကြီးစောင့်ရတယ်။အဆင်မပြေဘူး။ Special account ဆိုရင်ကြိုက်သလောက်ထုတ်ရတယ်ဆိုပြီးပြောထားပြီးခုကျ ၁၀ တောင်မရချင်ဘူး။ဘဏ်တွေကိုဘယ်လိုယုံကြည်ရမလဲ။ဘဏ်ကထုတ်ရခက်လို့အပြင်မှာထုတ်ပြီးကုန်ဖိုးငွေချေမယ်ဆိုတော့လည်း ရာခိုင်နူန်းကနေ့ချင်းညချင်းခုန်တက်တယ်။အရင်ကတသိန်းကို ၃၀၀ တောင်းတာကနေ အခု ၅၀၀၀ အထိတွေဖြစ်လာတယ် ” လို့ ပဲခူးတိုင်းက ကုန်စိမ်းလက်လီလက်ကားရောင်းဝယ်ရေးလုပ်ကိုင်သူတယောက်ကပြောပါတယ်။

ပြည်တွင်းပုဂ္ဂလိကဘဏ်တွေက ဇူလိုင်လ ၂ ရက်လောက်ကစပြီးငွေသားထုတ်ပေးမှု ဘဏ်အလိုက် ငွေပမာဏအကန့်အသတ်နဲ့သာထုတ်ပေးခဲ့တဲ့အပြင် ကုန်ပစ္စည်းဖိုးငွေပေးချေမှုကိုပင် အကန့်အသတ်နဲ့ ထုတ်ပေးခဲ့တာကြောင့် ကုန်သည်တွေအပါ ပြည်သူအားလုံးအဆင်မပြေဘဲ အခက်တွေ့ခဲ့ကြရတာဖြစ်ပါတယ်။

အဲဒီနောက်ဗဟိုဘဏ်က ဇူလိုင်လ၁၀ ရက်နေ့မှာ ပုဂ္ဂလိကဘဏ်လုပ်ငန်းရှင်တွေကို ခေါ်ယူတွေ့ဆုံခဲ့ပြီး ဘဏ်တွေအနေနဲ့ သတ်မှတ်စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ငွေသားထုတ်ယူခွင့်ပြုဖို့ ညွှန်ကြားထားကြောင်း၊ဥပမာအနေနဲ့ပြည်သူတွေအနေနဲ့ မိမိအပ်နှံထားတဲ့ အပ်နှံငွေအမျိုးအစားပေါ် မူတည်ကာ ငွေထုတ်ယူရာမှာ ကွဲပြားမှုရှိနိုင်ပေမယ့် Special Account ဆိုရင် မိမိငွေသားထည့်သွင်းခဲ့တဲ့ ပမာဏအတိုင်း ငွေသားထုတ်ယူနိုင်တယ်လို့ ဗဟိုဘဏ်ဒုဥက္ကဋ္ဌက ပြောဆိုထား ပါတယ်။

ဒါပေမယ့် လက်တွေ့မှာတော့ ဘဏ်တွေမှာငွေထုတ်ဖို့ခက်ခဲနေဆဲဖြစ်သလို အကန့်အသတ်နဲ့သာရရှိနေတဲ့အပြင် ငွေထုတ်ခရာခိုင်နူန်းကလည်းအဆမတန်မြင့်တက်နေတာဖြစ်ပါတယ်။

ဘဏ်တွေငွေထုတ်ရခက်သလို ATM စက်တွေမှာလည်းငွေလုံးဝထုတ်မရတော့ဘဲ Kpay စင်တာတွေမှာပင် ငွေ ၁ သိန်းထုတ်ပါက ၁၀၀၀ ကျပ်ပေးပြီးနေရတယ်လို့ ငွေထုတ်ယူသူတွေက ပြောပါတယ်။

Photo:VOM

#Voiceofmyanmar #vom #Kpay #Wavemoney #ငွေထုတ်ခမြင့်တက် #ငွေအကန့်အသတ်နဲ့သာထုတ်ပေး #

Related posts

Leave a Comment

VOM News

FREE
VIEW