မြောက်ကိုရီးယား ဒရုန်းတွေကို အရည်ဖျော်ချပစ်မယ့် လေဆာလက်နက်တွေ တောင်ကိုရီးယား ဖြန့်ကြက်မယ်

 

ဆိုးလ်၊ ဇူလိုင်-၁၂-၂၀၂၄
မျိုးဆက် (VOM)

တောင်ကိုရီးယားဟာ မြောက်ကိုရီးယားရဲ့ ဒရုန်းတွေကို အရည်ဖျော်ချပစ်နိုင်တဲ့ လေဆာလက်နက်ကို ယခုနှစ်အတွင်းမှာ စတင်အသုံးပြုတော့မယ်လို့ တောင်ကိုရီးယားလက်နက်ဝယ်ယူရေး အေဂျင်စီက ဒီနေ့ဇူလိုင် ၁၂ ရက်မှာ အေအက်ပီ သတင်းဌာနကို ပြောပါတယ်။

StarWars အမည်ပေးထားတဲ့ စီမံကိန်းမှာ အသုံးပြုမယ် ဒီလေဆာလက်နက်အသစ်တွေဟာ မမြင်နိုင်တဲ့အပြင် ဆူညံသံမရှိဘဲ အပိုခဲယမ်းတွေမလိုအပ်ဘူးလို့ ကာကွယ်ရေးပစ္စည်းဝယ်ယူရေးအဖွဲ့ (DAPA)က ပြောပါတယ်။ ဒါအပြင် ပစ်ခတ်မှု ကုန်ကျစရိတ်နည်းပါးပြီး တချက်ပစ်တိုင်း ၁ ဒသမ ၄၅ ဒေါ်လာသာ ကုန်ကျတယ်လို့ ဆိုပါတယ်။

Hanwha Aerospace ကုမ္ပဏီက တီထွင်ထားတဲ့ Block-I စနစ် လေဆာလက်နက်တွေကို ယခုနှစ်အတွင်း တောင်ကိုရီးယားရဲ့ စစ်ဘက်ဆိုင်ရာ အစီအစဉ်တွေမှာ အသုံးပြုဖို့ထည့်သွင်းထားကြောင်း ကာကွယ်ရေးပစ္စည်းဝယ်ယူရေးအဖွဲ့ တာဝန်ရှိသူ လီဆန်ယွန်းက အေအက်ဖ်ပီသတင်းဌာနကို ပြောပါတယ်။

၁၉၅၀-၅၃ ခုနှစ် ကိုရီးယားစစ်ပွဲဟာ ငြိမ်းချမ်းရေးစာချုပ်မဟုတ်ဘဲ အပစ်အခတ်ရပ်စဲရေးအရ ပြီးဆုံးသွားတာကြောင်း တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားတို့ဟာ သဘောတရားအရ စစ်ဖြစ်နေဆဲဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း ငါးနှစ်အတွင်းပထမဆုံးအကြိမ်အဖြစ် မြောက်ကိုရီးယား မောင်းသူမဲ့လေယာဉ်ငါးစင်းဟာ တောင်ကိုရီးယားဘက်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး တောင်ကိုရီးယားစစ်တပ်က တိုက်လေယာဉ်များ စေလွှတ်ခဲ့သော်လည်း ပစ်ချနိုင်ခြင်းမရှိခဲ့ပါဘူး။

မြောက်ကိုရီးယား ဒရုန်းတွေရဲ့ ရန်စမှုတွေကို တုံ့ပြန်နိုင်စွမ်းဟာ ဒီလေဆာလက်နက်တွေကြောင့် သိသိသာသာ တိုးတက်လာမယ်လို့ တောင်ကိုရီးယားစစ်တပ် တာဝန်ရှိသူတွေက ပြောပါတယ်။ဒါ အနာဂတ်မှာ လေယာဉ်နဲ့ ပဲ့ထိန်းဒုံးကျည်တွေကို တန်ပြန်နိုင်မယ့် လက်နက်စနစ်ဖြစ်လာနိုင်တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။

Ref:AFP
Photo:AFP

#Voiceofmyanmar #VOM #တောင်ကိုရီးယား #မြောက်ကိုရီးယား #လေဆာလက်နက် #ဖြန့်ကြက်မယ်

Related posts

Leave a Comment

VOM News

FREE
VIEW