မိုးကုတ်မှာ ဆန်ပြတ်လပ်လို့ အဆာခံနိုင်မယ့် အစားအစာတွေ အစားထိုး စားသုံးရတဲ့အထိဖြစ်လာ

 

ဇူလိုင် – ၂၀၂၄
GG (VOM)

မိုးကုတ်မြို့မှာ ဆန်ပြတ်လပ်မှုဖြစ်ပြီး ဝယ်ယူလို့မရတဲ့အခြေအနေတွေဖြစ်ပွားနေတာကြောင့် ဆန်အစားထိုးအဖြစ် ဗိုက်ပြည့်ပြီးအဆာခံနိုင်မယ့် အစားအစာတွေကို ဝယ်ယူစားသုံးရတဲ့အထိရှိလာနေတယ်လို့ဒေသခံတွေဆီကသိရပါတယ်။

လက်ရှိမိုးကုတ်မြို့ပေါ်က ဆန်ဆိုင်တွေမှာလည်း ဆန်လုံးဝ ဝယ်ယူလို့မရတော့သလို စားသုံးဆီ၊ စက်သုံးဆီတွေလည်း လည်းစျေးမြင့်တက်ကာ ဝယ်ယူရခက်နေကြောင်း ၊ အခြားစားသောက်ကုန်တွေလည်းပြတ်လပ်လာသလို ကုန်စိမ်းသီးနှံတွေလည်း စျေးနူန်းမြင့်တက်နေတယ်လို့သိရပါတယ်ယေ

” ဆန်တွေကပြတ်နေပြီ။ဆန်တွေတင်မကပါဘူး တခြားအခြောက်အခြမ်းဘာညာလည်းပြတ်နေပြီ။ ဟင်းရွက်ကန်းစွန်းကလည်းစျေးတက်နေပြီ။မိုးကုတ်မြို့ကုန်ကားမဝင်တာလဝက်လောက်ရှိနေပြီ။တမြို့လုံးကဘာမှမထွက်တာလေ။ကုန်ကားပေးမဝင်တော့ ဆန်၊ဆီ တခြားဘာညာရော ။ဆေးဝါးတွေကတော့ရောဂါမဖြစ်လို့ကျန်းမာနေလို့လားမသိကျန်သေးတယ်။ဆန်တွေဘာတွေ ဆိုင်မှာဝယ်မရတော့ဘူး။ခုလှူဖို့အတွက်ကို ရှာမရတော့ဘူး။ဆီ ၊ချက်စားစရာလည်းအတူတူပဲ။ ” လို့ မိုးကုတ်အရှေ့ပိုင်းမှာအလှူရှင်တွေကိုယ်စား ဆန်တွေလိုက်လှူပေးနေတဲ့ ဒေသခံတယောက်ကပြောပါတယ်။

ဒါကြောင့် ဒေသခံလူမှုကူညီရေးသမားတွေအနေနဲ့လည်း ငွေကြေးမပြည့်စုံတဲ့ ဆန်လိုအပ်ချက်ရှိနေတဲ့ အိမ်ထောင်စုတွေကို အရင်ကဆန်လှူဒါန်းနိုင်ခဲ့ပေမယ့် လက်ရှိမှာတော့ဆန်ဝယ်ယူလို့မရတဲ့အခြေအနေကြောင့် ငချိတ်ဆန်၊ ပြောင်းဖူးကွေကာ၊အာလူး၊ကိတ်ခြောက်၊ခေါက်ဆွဲခြောက်အပါအဝင် အချို့ကိုပြောင်းလဲလှူဒါန်းနေရတဲ့အခြေအနေဖြစ်တယ်လို့သိရပါတယ်။

” အခုက ဆန်က ဝယ်ဖို့အရမ်းခက်လာတဲ့။ဝယ်ယူလို့ကိုမရဘူးဖြစ်လာတာပေါ့။ဝယ်လို့ရတဲ့နေရာဆိုလည်း တယောက်ကို တပြည်ပဲရောင်းတယ်။ဒါလည်းလူအကန့်အသတ်နဲ့ပါ။ပရဟိတသမားတွေဆိုလည်း ခုငချိတ်ဆန်ရသလောက်ဝယ်ပြီး လှူနေရတာမျိုးတွေ့ရတယ်။တချို့ငွေကြေးပြည့်စုံသူကတော့ ကြိုဝယ်ထားတာတွေရှိကြတယ်။အခုအခြေခံလူတန်းစားတွေအဓိကပိုဒုက္ခရောက်ရတယ် ” မိုးကုတ်မြို့ခံတယောက်ကပြောပါတယ်။

မန္တလေး – မိုးကုတ်ကားလမ်းမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေအပါအဝင် မိုးကုတ်မြို့မှာဖြစ်နေတဲ့တိုက်ပွဲကြောင့် ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်လောက် ကစပြီး မိုးကုတ်ကို ကုန်ကားတွေဝင်ရောက်နိုင်ခြင်းမရှိတဲ့အတွက် ဆန်ဝယ်ယူရခက်ပြီးအခြား စားသောက်ကုန်ပစ္စည်းတွေပါ ပြတ်လပ်လာတာဖြစ်တယ်လို့သိရပါတယ်။

လက်ရှိအထိလည်း မိုးကုတ်မြို့နယ်အရှေ့ပိုင်းမှာ TNLA နဲ့နစကတပ်တွေအကြား တိုက်ပွဲတွေဖြစ်ပွားနေဆဲဖြစ်ပြီး လက်နက်ကြီးကျရောက်ပေါက်ကွဲကာ နေအိမ်တွေထိခိုက်ပျက်စီးမှုတွေရှိသလို ဒေသခံတယောက်လည်းထပ်မံသေဆုံးခဲ့ပြီး သုံးယောက်ထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

မိုးကုတ်မြို့နယ်တွင်းတိုက်ပွဲဖြစ်ပွားနေတဲ့အပြင် မိုးကုတ် – မန္တလေးလမ်းတလျှောက်မှာလည်းတိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ကားလမ်းတွေပိတ်နေလို့ မိုးကုတ်မြို့ခံတွေအနေနဲ့ စစ်ရှောင်မရတဲ့အခြေအနေကိုလည်းရင်ဆိုင်နေရတာဖြစ်ပါတယ်။

Photo: ရွှေနှလုံးသားပရဟိတအသင်း

#Voiceofmyanmar #vom #မိုးကုတ် #ဆန်ပြတ်လပ် #ဆီ #ကုန်ခြောက် #ကုန်ကားမဝင်

Related posts

Leave a Comment

VOM News

FREE
VIEW