BlackLists ကနေပယ်ဖျက်ပေးမယ်ဆိုပြီး CDM ဝန်ထမ်းတွေကို လုပ်ငန်းခွင်ပြန်ဝင်ဖို့ နစက ခေါ်ပြန်

 

ဇူလိုင် ၁၃ – ၂၀၂၄
GG (VOM)

လုပ်ငန်းခွင်ကိုစွန့်ပြီး CDM လုပ်သွားတဲ့ ဝန်ထမ်းတွေကို အမည်မည်းစာရင်း Black Lists စာရင်းကနေပယ်ဖျယ်ပေးမှာဖြစ်လို့ ကိုယ်လုပ်ငန်းဆောင်ရွက်ခဲ့တဲ့ဌာနကို သတင်းပို့ကြဖို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထပ်မံအသိပေးလာပါတယ်။

နစက ဘက်ကတော့ CDM ဝန်ထမ်းအနေနဲ့ ဇူလိုင် ၁၅ ရက်ကစပြီး မိမိတို့ တာဝန်ထမ်းဆောင် ခဲ့တဲ့ သက်ဆိုင်ရာဌာနတွေကို ပြန်လည်သတင်းပို့ကြဖို့ ထုတ်ပြန်အသိပေးလာတာဖြစ်ပါတယ်။

လက်ရှိ နစက တာဝန်ယူတဲ့ ကာလအတွင်း ဌာနဆိုင်ရာအဖွဲ့အစည်းတွေကနေ ထွက်ခွာပြီး CDM လုပ်သွားတဲ့ ဝန်ထမ်းပေါင်းအများအပြားရှိခဲ့တာကြောင့် ပညာရေးဌာန၊ကျန်းမာရေးဌာန တွေမှာ ဝန်ထမ်းလိုအပ်ချက်တွေမြင့်နေတယ်လို့သိရပါတယ်။

” ဝန်ထမ်းလိုအပ်ချက်တွေရှိနေတာကကြာပြီ။ပညာရေးဌာနဆိုရင် ဆရာဆရာမရှိတဲ့နေရာကရှိတယ်။မရှိတဲ့ဒေသဆို တယောက်လောက်ပဲရှိတယ်။ ကျန်းမာရေးဌာနဆိုလည်းဒီလိုပဲ။ သူကတော့ပိုလိုအပ်တယ်။လူ့အသက်အန္တရာယ်နဲ့ဆိုင်တော့လူအင်အားပြည့်စုံမှဖြစ်မှာလေ။ဒါကြောင့် ဝန်ထမ်းတွေပြန်လာဖို့ခေါ်နေတာလို့မြင်တယ်။တချို့လည်း အလုပ်ပြန်ဝင်ချင်လို့ဆိုပြီးစာတင်တာမျိုးလည်းကြားရပေမယ့် အတည်တော့မပြုနိူင်ဘူးပေါ့။ ပြန်ဝင်ချင်သူရှိသလိုအဆုံးထိမလုပ်ဘူးဆိုသူလည်းများတယ်။ ခုကအလုပ်ပြန်ဝင်ရင်ဖမ်းမှာလား စစ်မှုထမ်းပို့ခံရမှာလားဆိုပြီး ကြောက်သူကပိုများတယ်ဆိုတော့ အစိုးရဘက်ကအဲဒီအပေါ် ယုံကြည်ရလေုက်တဲ့အချက်တွေလုပ်ပြဖို့လိုတယ် ” လို့ အငြိမ်းစားဝန်ထမ်းတယောက်က မှတ်ချက်ပြုပါတယ်။

လက်ရှိမှာတော့ CDM ဝန်ထမ်းတွေနဲ့ပတ်သက်လို့ နစကဘက်က နိုင်ငံကူးလက်မှတ်ထုတ်ပေးခြင်းပိတ်ထားသလို အချို့မှာ ပုဒ်မ ၅၀၅ နဲ့အမှုဖွင့်ခံထားရတာတွေရှိကြောင်း ၊ နိုင်ငံကူးလက်မှတ် ရှိထားပြီးတဲ့ CDM ဝန်ထမ်းတွေကိုဆိုရင်လည်း ပြည်ပထွက်ခွာခွင့်ပိတ်ထားတယ်လို့သိရပါတယ်။
CDM ဝန်ထမ်းအမျိုးသမီးတယောက်က ” CDM လုပ်ခဲ့တာပဲ နှစ်ပေါက်နေပြီဆိုတော့ ပြန်လည်းမဝင်ချင်တော့ဘူး။ ကျွန်မတို့ကိုလိုက်မဖမ်းရင်ဘဲကျေးဇူးတင်ပါပြီ။ဌာနမှာ ကျွန်မတို့နာမည်တွေရှိတာပဲ။တကယ် Blacklists ကနေပယ်ဖျယ်ပေးချင်ရင် ဖျက်လိုက်လို့ရတယ်လေ။ ဒါကိုသတင်းပို့ခိုင်းစရာမှမလိုတာ။တော်ကြာသတင်းသွားပို့မှဖမ်းခံရရင် တကျော့ပြန်ဒုက္ခရောက်အုံးမှာဆိုတော့ မသွားရဲပါဘူး။ အလုပ်လည်းပြန်မလုပ်ချင်ဘူး။အခုအလုပ်ကလည်းအဆင်ပြေနေပါတယ် ” လို့ ဆိုပါတယ်။

CDM ပြုလုပ်သွားသူတွေထဲမှာ လုပ်ငန်းခွင့်ပြန်လည်ဝင်ရောက်ဖို့ ဆန္ဒမရှိသူတွေ ရှိနေသလို လက်ရှိနိုင်ငံရေးကြောင့် အလုပ်အကိုင်အခွင့်အလမ်းရှားပြီး မိသားစုစားဝတ်နေရေးအတွက်ဒုက္ခရောက်နေကြတဲ့သူအချို့ကတော့ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်လိုသူရှိကြောင်း၊ အချို့ကလည်း CDM ကနေ Non – CDM ဘက်ကိုပြန်ပြောင်းပါက ေဝဖန်ပြောဆိုခံရမှာကို စိုးရိမ်မှုရှိနေကြတယ်လို့သိရပါတယ်။

” CDM လုပ်ပါဆိုပြီးဝိုင်းအော်ကြတယ်။ကျွန်မတို့လည်းခံယူချက်နဲ့လုပ်ခဲ့ကြတယ် ။ကြာလာတော့မိသားစုအတွက်ခက်ခဲလာတယ်။ခုလိုပြောတာ CDM ကနေ Non CDM လုပ်ချင်လို့မဟုတ်ဘူး။လက်ရှိအခြေအနေကိုပြောနေတာပါ။ကျွန်မဆိုစိုက်ပျိုးရေးဌာနက၊ အခုအလုပ်ကရှားနဲ့ခက်ခဲတယ်။ကျွန်မတို့ CDM ကိုနှစ်ဘယ်လောက်ကြာကြာလုပ်ခဲ့ပါစေ Non CDM လုပ်ပြီး အလုပ်ပြန်လုပ်တာနဲ့ မသိအောင်တမျိုးသိအောင်တမျိုးမေးငေါ့ကြတယ်။လူတိုင်းကအခက်အခဲတွေနဲ့ပါ ။ ” လို့ နောက်ထပ် CDM လုပ်နေသူတယောက်ပါပြောပါတယ်။

ပြည်ထောင်စုအဆင့်အဖွဲ့အစည်း၊ ပြည်ထောင်စုဝန်ကြီးဌာနတွေက နိုင်ငံ့ဝန်ထမ်း အချို့ဟာ အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက် မရရှိဘဲ လုပ်ငန်းခွင်ကို စွန့်ခွာသွားကြတဲ့အတွက် သက်ဆိုင်ရာဌာနတွေရဲ့ အမည်မည်းစာရင်းမှာ ပါဝင်နေလို့ နိုင်ငံတော်အတွက် လူသားအရင်းအမြစ်ဆုံးရှုံးမှုများ ဖြစ်ပေါ်တဲ့အပြင် ကာယကံရှင်ရဲ့ လူမှုဘဝလည်း နစ်နာနေရတယ်လို့ နစက ကဆိုပါတယ်။

ဒါကြောင့် နစ်နာမှုကို ကုစားပေးနိုင်ရေးအတွက် ဝန်ထမ်းတွေကို လုပ်ငန်းခွင်စွန့်ခွာရတဲ့ အကြောင်းခြင်းရာအပေါ်မူတည်ပြီး အမည်မည်းစာရင်း (Black Lists)မှ ပယ်ဖျက် ဖြေလျှော့ပေးပြီး ဥပဒေဘောင်အတွင်း နေထိုင်သွားလာနိုင်အောင် ဆောင်ရွက် ပေးမှာဖြစ်တယ် လို့အသိပေးလာတာဖြစ်ပါတယ်။

လက်ရှိ ပညာရေးဦးစီးရဲ့ဌာနအောက်မှာတာဝန်ထမ်းဆောင်နေတဲ့ Non – CDM ဝန်ထမ်းတယောက်က ” အရင်ကလည်း ပြန်ခေါ်နေတာပဲ။တချို့ပြန်ဝင်လာတာရှိပေမယ့် နည်းပါတယ် ။အခုလည်း သူတို့ကို blacklists ကနေဖျက်ပေးမယ်။မူလတာဝန်ပြန်ထမ်းဆောင်ပေါ့။သူတို့ချေးထားတဲ့ချေးငွေတွေကလည်းရှိသေးတယ်လေ။CDM လုပ်တဲ့ဝန်ထမ်းတွေထဲကိုယ်မိတ်ဆွေတွေအများကြီးရှိတာပဲ။သူတို့လည်းသူတို့သဘောပေါ့။ကျွန်မတို့ကတော့ကိုယ့်မိသားစုအခြေအနေအရဆက်လုပ်ဖြစ်တယ်။ကိုယ့်တာဝန်ကိုယ်လုပ်တယ်။ကျန်တဲ့နိုင်ငံရေးကိစ္စဝင်မပါဘူး။ဒါကြောင့် CDM သူငယ်ချင်းတွေလည်း ပြန်ဝင်ပါလို့မတိုက်တွန်းသလို မဝင်နဲ့လည်းမပြောဘူး။ ” လို့ မှတ်ချက်ပြုပြောပါတယ်။

ဒါအပြင် CDM ဝန်ထမ်းတွေဆိုရင်လည်း ပြည်တွင်းကဆေးရုံဆေးခန်းနဲ့ ပုဂ္ဂလိကစာသင်ကျောင်းတွေကဘအလုပ်ခန့်အပ်လို့မရအောင် တားမြစ်ထားတာမျိုးရှိနေပါတယ်။

နစကဘက်ကတော့ အရင်ကလည်း CDM လုပ်သွားတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ကြဖို့ အကြိမ်ကြိမ် ပြန်ခေါ်ခဲ့ကြောင်း ၊ CDM ဝန်ထမ်းအချို့လည်း လုပ်ငန်းခွင့်ပြန်ဝင်ရောက်လာတာတွေရှိခဲ့ပေမယ့် ့နည်းပါးတယ်လို့ ဝန်ထမ်းအသိုင်းအဝိုင်းက သိရပါတယ်။

#Voiceofmyanmar #vom #CDM #NonCDM #နစကပြန်ခေါ် #blacklists

Related posts

Leave a Comment

VOM News

FREE
VIEW