လားရှိုး၊ နောင်ချို၊ ကျောက်မဲ၊ သီပေါနဲ့ မိုးကုတ်မြို့တို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး အရပ်သား ထိခိုက် သေဆုံးမှု ဆက်လက်မြင့်တက်နေ

 

ဇူလိုင် ၁၄ – ၂၀၂၄
SN (VOM)

ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပြီး အရပ်သား ထိခိုက်၊ သေဆုံးမှု ရှိတဲ့အပြင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ကုန်စည်စီးဆင်းမှုတွေလည်း ရပ်တန့်နေတယ်လို့ ဒေသခံတွေနဲ့ ကုန်သည်တွေက ပြောပါတယ်။

ရှမ်းပြည်နယ်ရှိ လားရှိုး၊ နောင်ချို၊ ကျောက်မဲ၊ သီပေါနဲ့ မန္တလေးတိုင်းရှိ မိုးကုတ်မြို့တို့မှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး နစကတပ်စခန်းတွေကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ လားရှိုးမြို့အဝင် (၁၂) ရပ်ကွက်၊ အေတီတံတားအကျော်မှာရှိတဲ့ ခြေလျင်တပ်ရင်း (ခလရ – ၆၈) ကို ကိုးကန့်တပ်ဖွဲ့ (MNDAA) က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ခြေမြန်တပ်ရင်း (ခမရ – ၅၀၇) နဲ့ လွယ်ပြေစခန်းတို့မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေဆဲ ဖြစ်တယ်လို့ လားရှိုးဒေသခံက ပြောပါတယ်။

“အခုက ခလရ – ၆၈ ကျပြီလို့ ပြောလို့ရတယ်။ ဒါပေမယ့် MNDAA ဘက်ကတော့ တရား၀င် ထုတ်ပြန်လာခြင်းမရှိသေးပါဘူး။ ကျွန်တော်တို့ နီးစပ်ရာအချင်းချင်း အတည်ပြုထားတာပဲ ရှိသေးတယ်။ တိုက်ပွဲကတော့ လားရှိုးမှာ MNDAA တပ်ပေါင်းစုက နေရာပေါင်းစုံကနေ တိုက်ခိုက်နေတာ။ အတော်ပြင်းထန်တယ်။ မြို့ထဲအထိ တိုက်ပွဲတွေလည်း ရှိလာနိုင်တယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

ဇူလိုင်လ ၁၂ ရက်နေ့က လားရှိုးမြို့၊ ရပ်ကွက် (၄) ရှိ အ.ထ.က (၅) ကျောင်းဝင်းအတွင်း လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ပြည်သူ သုံးယောက် သေဆုံးခဲ့သလို မနေ့ ဇူလိုင် ၁၃ ရက်ကလည်း ရပ်ကွက် (၂) နဲ့ (၁၀) တို့မှာ လက်နက်ကြီးကြောင့် ပြည်သူ ငါးယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ရပ်ကွက် (၁) ဘက်မှာလည်း လက်နက်ကြီး ကျရောက်မှုကြောင့် အရပ်သား နေအိမ် တလုံး မီးလောင် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီလိုပဲ နောင်ချိုမြို့မှာလည်း မြို့အခြေစိုက် နစကတပ်ရင်းသုံးခုထဲက နောက်ဆုံးကျန်တဲ့ ၆၀၆ ဒုံးတပ်ရင်း သိမ်းပိုက်ခံရပြီးတဲ့နောက် ဆက်လက်ပြီး ဂုတ်တွင်းစခန်းကိုလည်း ဇူလိုင် ၁၂ ရက်နေ့က ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ထားပါတယ်။

လက်ရှိ ရှမ်း (မြောက်) တိုက်ပွဲကာလအတွင်း TNLA ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်နေတဲ့ ကျောက်မဲမြို့ရှိ မန်ခဲကျေးရွာမှာလည်း လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် အသက် ၁၀ နှစ်အောက် ကလေး နှစ်ယောက်နဲ့ အမျိုးသား နှစ်ယောက် ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီလိုပဲ သီပေါမြို့မှာလည်း တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး သီပေါမြို့နယ်ရှိ နစကတပ်စခန်း ဆန်ဖိတ်နဲ့ ၅၀၃၊ ၅၀၄ စခန်းတို့ကိုလည်း TNLA က တိုက်ခိုက်လျက်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါအပြင် မန္တလေးတိုင်း၊ မိုးကုတ်မြို့ (အရှေ့ပိုင်း) မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) အဖြစ် ဇွန် ၂၅ ရက်မှစတင်ကာ TNLA ပူးပေါင်းတပ်တွေက မိုးကုတ်မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ မိုးကုတ်မြို့ (အနောက်ပိုင်း)၊ ကျပ်ပြင်ကို သိမ်းပိုက်ထားပြီးဖြစ်ကာ မြို့လုံးကျွတ် ထိန်းချုပ်နိုင်ဖို့အတွက်တော့ မိုးကုတ် (အရှေ့ပိုင်း) မှာ နစကစခန်း လေးခု ကျန်ရှိနေသေးတယ်လို့ TNLA က အသိပေးထားပါတယ်။

ဇူလိုင် ၁၂ ရက်ကစလို့ မိုးကုတ်မြို့ (အရှေ့ပိုင်း) က နစက တပ်စွဲထားတဲ့ မင်းတံတားရပ်ကွက်၊ လျှပ်စစ်ရုံးနဲ့ ပန်းမထိပ်ရပ်ကွက်တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့တဲ့အတွက် အရပ်သား သေဆုံးတာ၊ နေအိမ် မီးလောင်ပျက်စီးတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါအပြင် မနေ့ ဇူလိုင် ၁၃ ရက်ကလည်း မိုးကုတ်မြို့ (အရှေ့ပိုင်း)၊ ဗိုလ်ကုန်း၊ သဖန်းပင်၊ မြို့မ စတဲ့ ရပ်ကွက်တွေနဲ့ နေရာအနှံ့အပြားမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အရပ်သား နှစ်ယောက် သေဆုံးပြီး ခြောက်ယောက် ဒဏ်ရာရရှိခဲ့တဲ့အပြင် ဈေးဟောင်းရပ်ကွက်က လူနေအိမ် ငါးလုံးလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုးကုတ်တိုက်ပွဲအတွင်း မနေ့ ဇူလိုင် ၁၃ ရက်အထိ မြို့ခံပြည်သူ ၁၅ ယောက်ဝန်းကျင် သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ၂၄ ယောက်ခန့် ရှိပြီး သာသနိက အဆောက်အဦးတွေအပါအဝင် နေအိမ် ၂၆ လုံးလောက် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန် ၂၅ ရက်ကစတင်တဲ့ မိုးကုတ် မြို့သိမ်းတိုက်ပွဲတွေအတွင်း သိန်းနဲ့ချီတဲ့ ပြည်သူတွေပိတ်မိနေကာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ပြီး ကုန်စည်စီးဆင်းမှုလည်း ရပ်တန့်နေတာကြောင့် စားသောက်ရေး အခက်ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မြို့ထဲကို ကုန်ကားတွေ ပေးမဝင်တာကြာပြီ။ ဇွန် ၂၅ ရက်နေ့ကတည်းက။ အဲဒီတော့ မြို့ထဲမှာ ဘာမှ မရှိတော့ဘူးလေ။ ဆန်၊ ဆီ၊ ဆား အခြေခံစားကုန်တွေ အကုန်ပြတ်နေပြီ” လို့ မိုးကုတ်ဒေသခံက ပြောပါတယ်။

ကုန်စည်စီးဆင်းမှု ဖြတ်တောက်ခံရတာ နှစ်ပတ်ကျော်ကြာလာချိန် ကြက်ဥ တလုံး ကျပ် ၁၀၀၀ ဝန်းကျင်၊ ကန်စွန်းရွက် တစည်း ကျပ် ၂၀၀၀ ဝန်းကျင်၊ ဓာတ်ဆီ တဂါလံ ကျပ်တသိန်းအထိ ဈေးမြင့်တက်နေပြီး လက်ထဲငွေရှိရင်တောင် စားသောက်ကုန်နဲ့ ဓာတ်ဆီကို လိုသလောက် ဝယ်မရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ကုန်စည် စီးဆင်းမှု ဖြတ်တောက်ထားလို့ ဒေသခံပြည်သူတွေဟာ အလှူရှင်တွေဝေငှတဲ့ ဆန်ရရှိရေး တန်းစီနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

#voiceofmyanmar #VOM #ရှမ်းပြည်နယ် #မန္တလေးတိုင်း #တိုက်ပွဲ #ပြင်းထန်နေဆဲ

Related posts

Leave a Comment

VOM News

FREE
VIEW