တောဖျားချောင်းဒေသက စစ်ရှောင်တွေ ဝမ်းရောဂါဖြစ်ပွားနေမှု ဆေးဝါးပြတ်လပ်လို့ အခက်ကြုံနေ

 

ဇူလိုင် ၁၅ – ၂၀၂၄
SN (VOM)

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားချောင်းဒေသရှိ ကျေးရွာတွေမှာ ငှက်ဖျားရောဂါနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်ပွားနေပြီး ဆေးဝါးရှားပါးတာကြောင့် ဆေးကုသဖို့ အခက်အခဲတွေရှိနေတယ်လို့ ‌စစ်ရှောင်အရေး ကူညီဆောင်ရွက်နေသူတွေက ပြောပါတယ်။

တောဖျားချောင်းဒေသရှိ ဆင်သည်၊ ဂန့်ဂါ(ခမီ)၊ ဂန့်ဂါ(ရခိုင်)၊ ဆင်သီဖျား၊ တွင်းဆင်သည်၊ ဩရမ၊ လွန်ပူ၊ ဒိပ္ပ၊ သလူချောင်း၊ ခွေးသေ၊ ဖားကြွယ်၊ ကြက်ချေ၊ ဂြစ်ချောင်း၊ မူးပြင်၊ ဆင်ဂေါင်း အစရှိတဲ့ ကျေးရွာ ၁၁ ရွာမှာ စစ်ဘေးရှောင်နဲ့ ဒေသခံ ၁၀၀၀ ကျော် ငှက်ဖျားရောဂါနဲ့ ဝမ်းရောဂါတွေ ဖြစ်ပွားနေပြီး ဆေးဝါး လုံလောက်မှုမရှိ ဖြစ်နေတယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်နေသူက ပြောပါတယ်။

“မိုးတွင်းကာလပေမယ့် အမိုးအကာ လုံလုံလောက်လောက် မရှိဘူး။ ခြင်ထောင်လည်း မလုံလောက်ဘူး။ အဲဒီတော့ ရာသီတုပ်ကွေး ဖြစ်ကြတယ်။ ရေမသန့်တာတွေကြောင့် ဝမ်းပျက်ဝမ်းလျှော ဖြစ်ကြတယ်။ တောဖျားဒေသက မြို့နဲ့ဆိုလည်း အရမ်းကို အလှမ်းဝေးတယ်။ အဲဒါကြောင့် လမ်းပန်းဆက်သွယ်ရေးလည်း ခက်တယ်။ နစက ကလည်း နိုင်ငံတကာနဲ့ အလှူရှင်အဖွဲ့တွေကို ရခိုင်ဒေသကို ဝင်ရောက်ကူညီခွင့် ပိတ်ထားတာ ဆိုတော့ စစ်ဘေးရှောင်တွေက ပိုပြီး အထိနာနေကြတာပေါ့” လို့ သူက ပြောပါတယ်။

တောဖျားချောင်းဒေသဟာ နဂိုကတည်းက ဝေလံခေါင်ဖျားတဲ့ ဒေသတခုဖြစ်တဲ့အလျောက် ဖုန်းလိုင်း၊ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ အခက်အခဲတွေ ရှိနေရတဲ့အထဲ စစ်ရေးကာလမှာ ဒေသခံတွေ ပိုပြီး ဒုက္ခရောက်နေရတာ ဖြစ်ပါတယ်။

စစ်ရေးကာလ ခရီးသွားလာခွင့်အခက်အခဲ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် တောဖျားချောင်းဒေသရှိ ကျေးလက်ကျန်းမာရေးဌာန အပါအဝင် ကုန်စုံဈေးဆိုင်တွေမှာ အခြေခံ အိမ်သုံးဆေးဝါးကအစ ပြတ်လပ်နေတယ်လို့ ဆိုပါတယ်။

တောဖျားချောင်း အထက်ပိုင်းမှာ ကျေးရွာပေါင်း ၃၀ ကျော်ရှိပြီး ဒေသခံတွေဟာ ကျန်းမာရေးမကောင်းတဲ့အခါ ပိုးရွှီပြင်တိုက်နယ်ဆေးရုံကို သွားရပြီး လက်ရှိ အဲဒီ ဆေးရုံမှာလည်း ဆေးဝါးတွေ ပြတ်လပ်နေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။

စစ်ရေးပဋိပက္ခကြောင့် ပုဏ္ဏားကျွန်း ဒေသခံပြည်သူတွေဟာ တောဖျားချောင်းဒေသရှိ ကျေးရွာတွေမှာ ခိုလှုံနေကြပြီး နေအိမ်အမိုးအကာ၊ စားနပ်ရိက္ခာနဲ့ ကျန်းမားရေးစောင့်ရှောက်မှုတွေ အရေးပေါ် လိုအပ်လျက်ရှိကာ နိုင်ငံတကာနဲ့ ဒေသတွင်း အဖွဲ့အစည်းတွေဆီက အကူအညီတွေ မရရှိတာကြောင့် အခက်တွေ့နေရတယ်လို့ ဆိုပါတယ်။

ဒါအပြင် သံတွဲ၊ ငပလီမြို့နယ်က စစ်ဘေးရှောင်တွေဟာလည်း လက်ရှိအချိန်အထိ အကူအညီတွေ လိုအပ်နေဆဲဖြစ်ပြီး အဲဒီမြို့နယ်တွေကနေ ဂွနဲ့ ကျိန္တလီမြို့ကို စစ်ရှောင်လာကြတဲ့ ပြည်သူတွေဟာ စုစုပေါင်း လူဦးရေ တသောင်းကျော်ရှိနေကာ စားသောက်၊ နေထိုင်ရေးအတွက် လိုအပ်ချက် များစွာ ဖြစ်ပေါ်နေကြတယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်နေသူတွေက ပြောပါတယ်။

“စစ်ရှောင်တွေက ဂွနဲ့ ကျိန္တလီမြို့တွေမှာ ဖြစ်သလို နေနေကြရတယ်။ အခက်အခဲတွေကတော့ ပြောလို့မကုန်အောင်ပါပဲ။ ကျွန်တော်တို့လို စစ်ရှောင်ကူညီရေးအဖွဲ့တွေ၊ ပုဂ္ဂိုလ်တွေကလည်း ကူညီကြတာ ရှိပါတယ်။ ဒါပေမယ့်လည်း လောက်ငှမှုမရှိဘူး ဖြစ်နေတယ်။ ကျန်းမာရေးက အစပေါ့။ အများကြီး လိုအပ်နေပါသေးတယ်” လို့ စစ်ရှောင်တွေကို ကူညီပေးနေသူက ပြောပါတယ်။

လက်ရှိ ဖြစ်ပွားနေတဲ့ တကျော့ပြန်တိုက်ပွဲအတွင်း စစ်ဘေးရှောင်ရသူတွေဟာ အရင်တိုက်ပွဲ ဖြစ်စဉ်တွေလို ယာယီ စစ်ရှောင်စခန်းတွေမှာ ခိုလှုံရခြင်းမျိုးမဟုတ်ဘဲ မိမိနဲ့ နီးစပ်ရာ မြို့ရွာတွေမှာသာ ခိုကပ်ပြီး နေထိုင်နေကြရတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ရခိုင်က စစ်ဘေးရှောင်တွေအနေနဲ့ အရင်က အစိုးရမဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေဆီက လူသားချင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့မှုတွေ ရရှိခဲ့ပေမယ့် လက်ရှိမှာတော့ အကူအညီတွေ မရရှိတာကြာပြီလို့ ဆိုပါတယ်။

ရခိုင်စစ်ဘေးရှောင်တွေဟာ စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မောင်တော၊ သံတွဲ စတဲ့ မြို့နယ်တွေမှာ အများဆုံးဖြစ်ပြီး အဲဒီအထဲကမှ တချို့ဟာ စစ်ရှောင်ကာလ ငါးလကနေ ခုနစ်လအထိ ရှိနေပြီဖြစ်တယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်နေသူတွေက ပြောပါတယ်။

#voiceofmyanmar #VOM #ပုဏ္ဏားကျွန်း #တောဖျားချောင်းဒေသ #စစ်ရှောင် #တုပ်ကွေး #ဝမ်းရောဂါ #ဖြစ်ပွားနေ

Related posts

Leave a Comment

VOM News

FREE
VIEW