စဉ်ကူးမြို့အနီးထိ တိုက်ပွဲပြင်းထန်လာပြီး မြို့ထဲလက်နက်ကြီးကျလို့ အရပ်သားထိခိုက်မှုရှိကာ မြို့အဝင်လည်း ပိတ်ထား

 

ဇူလိုင် ၁၅ – ၂၀၂၄
GG (VOM)

စဥ့်ကူးမြို့အနီးဝန်းကျင်အထိ တိုက်ပွဲတွေဖြစ်ပွားကာ PDF နဲ့ နစကတပ်တွေအကြား တိုက်ပွဲတွေပြင်းထန်နေပြီး မြို့ထဲကို လက်နက်ကြီးကျရောက်မှုကြောင့် လူထိခိုက်ဒဏ်ရာရမှုနဲ့ အဆောက်အအုံပျက်စီးမှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က ဇူလိုင်လ ၁၄ ရက်နေ့ကတည်းက စဥ့်ကူးမြို့အနီးနဲ့ ရတနာသိင်္ခခေါ် ဧရာဝတီမြစ်ကူး ကျောက်မြောင်း တံတားဘက်မှာ ယနေ့ထိ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်။

“အသံတွေကြားနေရတယ်။ပစ်ခတ်မှုတွေရှိနေတယ်။ဒါပေမယ့်မြို့ထဲထိတော့နှစ်ဖက်ထိတွေ့တာမရှိသေးဘူး။လက်နက်ကြီးကျတာတော့ရှိတယ်။ PDF တွေဘက်ကခုတိုက်နေတဲ့ကျောက်မြောင်းဘက်ကိုရရင်တော့မြို့ထဲကိုရောက်လာဖို့များသွားပြီ။ဘာလို်ဆိုအခုက ကျန်တဲ့ရွာတွေဘက်ကို အကုန်သူတို့သိမ်းထားတာ ။ ” လို့ စဥ့်ကူးမြို့ခံတယောက်ကပြောပါတယ်။

လက်ရှိစဥ့်ကူးမြို့ပေါ်မှာ စဥ့်ကူးရဲစခန်းနဲ့ထုံးကြီးရဲစခန်းအထိုင်ရှိနေသေးတဲ့အပြင် စစ်သားတွေလည်းရှိသလိုပြည်သူ့စစ်အဖွဲ့တွေလည်းရှိနေပြီး မြို့အပြင်ကိုအခြေအနေပေါ်လိုက်ပြီး ထွက်ခွင့်ပြုပေမယ့် မြို့ဝင်ခွင့်ကတော့ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
” အခုက မြို့ကိုဝင်မရဘူး။အထွက်ပဲရတယ်။စစ်တပ်ကပဲမြို့ကိုထိန်းချုပ်ထားသေးတယ်လေ။ဒီဘက်ကလက်ပန်လှ၊ရွှေပြည်၊နွယ်ရုံအပါရွာတွေကတော့ PDF တွေပဲရှိတယ်။အခုကမြို့ကိုရဖို့ပဲကျန်တဲ့ပုံဆိုတော့မြို့နားမှာဖြစ်နေတာပေါ့။” လို့ လက်ပန်လှဒေသခံတယောက်ကပြောပါတယ်။

စဥ့်ကူးမြို့ခံတွေထဲမှာတော့ စစ်ဘေးကြိုတင်တိမ်းရှောင်သူတွေရှိသလို နေအိမ်မှာပဲ နေထိုင်သူအများအပြားရှိနေသေးတယ်လို့သိရပါတယ်။

စဥ့်ကူးမြို့နယ်မှာ တော့ ဇွန်လ ၃၀ ရက်ကစပြီးတိုက်ပွဲတွေဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲဖြစ်ချိန်ကနေ လက်ရှိအချိန်ထိ ၁၅ ရက်အတွင်းမှာ PDF တွေက ရွှေပြည်ရဲစခန်း၊ လက်ပန်လှရဲစခန်း၊ ကျည်တောက်ပေါက်စခန်း၊ ကန်တောင်တပ်စခန်း၊ ပင်လယ်ကြီးစခန်းအပါအဝင် စခန်း ၁၁ခုကို သိမ်းပိုက်ထားတယ်လို့ PDF တွေဘက်ကသတင်းထုတ်ပြန်ထားမှုအရသိရပါတယ်။

စဥ့်ကူးမြို့နယ်တွင်း တိုက်ပွဲအကြားမှာ အရပ်သားပြည်သူ လေးယောက်ထက်မနည်းသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိသလို နေအိမ်၊စာသင်ကျောင်းအပါအဝင် ဘုန်းကြီးကျောင်းတွေလည်းထိခိုက်ပျက်စီးမှုရှိတယ်လို့သိရပါတယ်။

#Voiceofmyanmar #vom #စဥ့်ကူး #ကျောက်မြောင်း #တိုက်ပွဲပြင်းထန် #မြို့သိမ်းတိုက်ပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW