စဉ့်ကူးမှာ မြို့ခံသုံးပုံနှစ်ပုံ မြို့ကိုစွန့်ခွာ ၊ စစ်ရှောင်နေအိမ် အများအပြား ဖောက်ထွင်းခံရမှုတွေရှိနေ

 

ဇူလိုင် ၁၇ -၂၀၂၄
GG (VOM)

မန္တလေးတိုင်း ၊ စဥ့်ကူးမြို့မှာ တိုက်ပွဲကြောင့် မြို့ပေါ်က နေအိမ်ရာနဲ့ချီမီးလောင်ပျက်စီးခဲ့ရသလို စစ်ရှောင်နေအိမ်အများအပြားလည်း ဖောက်ထွင်းခံရပြီး ပစ္စည်းတွေလုယက်ခံရမှုတွေရှိခဲ့တယ်လို့သိရပါတယ်။

စဥ့်ကူးမြို့မှာ တိုက်ပွဲတွေပြင်းထန်လာတာကြောင့် မြို့ခံလူထုရဲ့သုံးပုံ နှစ်ပုံလောက်ဟာ မြို့ကိုစွန့်ခွာပြီး စစ်ဘေးရှောင်နေကြသလို မြို့တွင်းကျန်ခဲ့တဲ့ပြည်သူတွေကလည်း တိုက်ပွဲကြောင့် ဘုန်းကြီးကျောင်းနဲ့မိမိနေအိမ်တွေမှာ ပုန်းခိုနေကြချိန် မြို့လယ်က အိမ်တော်တော်များများ ဖောက်ထွင်းခံရတာဖြစ်တယ်လို့ သိရပါတယ် ။

” မြို့လယ်မှာရှိတဲ့ ပိုက်ဆံအရှိဆုံးအိမ်တွေ တော်တော်များများ ဖောက်ထွင်းခံရတယ်။ မြို့ထဲကျန်တဲ့ပြည်သူတွေက ဘုန်းကြီးကျောင်းတွေထဲမှာရှိတယ်၊တချို့က နေအိမ်ထဲမှာရှိပေမယ့် အိမ်ပြင်ကို မထွက်ရဲကြဘူးဗျ။ အခုတော့မြို့ထဲလည်းအိမ်တွေတော်တော်မီးလောင်တယ် ။ ရပ်ကွက်၁ နဲ့ရပ်ကွက် ၂ မှာအများဆုံးလောင်တယ်။အိမ် ၁၀၀ ကျော်လောက်ရှိတယ်။ ” လို့ စဥ့်ကူးမြို့ထဲမှာ စစ်မရှောင်ဘဲကျန်နေသေးတဲ့ မြို့ခံတယောက်ကပြောပါတယ်။

လက်ရှိမှာတော့ PDF က စဥ့်ကူးမြို့ နေရာအများစုကို ထိန်းချုပ်ထားတာကြောင့် မရှိတော့သလို အုပ်ချုပ်ရေးယန္တရားလည်းရပ်သွားတဲ့ အခြေအနေဖြစ်တယ်လို့သိရပါတယ်။ တိုက်ပွဲအတွင်းမှာ စဥ့်ကူးအချုပ်စခန်းက အချုပ်သားတွေလည်း လွတ်မြောက်သွားတယ်လို့သိရပါတယ်။

လက်ရှိစဥ့်ကူးမြို့ပေါ်မှာ နစကတပ်ဖွဲ့ဝင်တွေမရှိတော့တဲ့အပြင် မြေပြင်ထိတွေ့တိုက်ပွဲတွေမရှိတော့ပေမယ့် မြို့ထဲက PDF တွေကို နစကဘက်က လေကြောင်း ပစ်ခတ်မှုအပြင် ကျောက်မြောင်းဘက်ရှိ စစ်တပ်စခန်းကနေပါ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေရှိနေသေးတယ်လို့သိရပါတယ်။

စဥ့်ကူးမြို့ပေါ် မှာ လက်နက်ကြီး ကျရောက်မှုကြောင့် ဒေသခံထိခိုက်သေဆုံးမှုရှိပေမယ့်လည်း တိုက်ပွဲကြောင့် မြေပြင်ကယ်ဆယ်ရေးမလုပ်နိုင်တဲ့အတွက် ထိခိုက်သေဆုံးစာရင်းကိုတော့ အသေးစိတ် မသိရှိရသေးပါဘူး။ စဥ့်ကူးမြို့နယ်တွင်းမှာ ဇွန်လ ၃၀ ရက်ကစပြီး PDF တပ်တွေနဲ့ နစကတပ်တွေအကြားမှာ တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်

Photo:CJ

#Voiceofmyanmar #vom #စဥ့်ကူးမြို့သိမ်းတိုက်ပွဲ #မြို့အုပ်ချုပ်ရေးယန္တရားရပ်ဆိုင်း #နေအိမ်မီးလောင်

Related posts

Leave a Comment

VOM News

FREE
VIEW