သံတွဲနဲ့ငပလီမှာ တိုက်ပွဲအတွင်း အရပ်သားသေဆုံးမှု ၅၀ ကျော်ထိ မြင့်တက်

 

ဇူလိုင် ၁၈ – ၂၀၂၄
GG (VOM)

သံတွဲ နဲ့ ငပလီမှာ တိုက်ပွဲကြောင့် အခုဇူလိုင်ပထမလဝက်အတွင်းမှာ အရပ်သားဒေသခံသေဆုံးမှု ၁၂ ယောက် ထက်မနည်းသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။

ဒါကြောင့် တိုက်ပွဲကာလ သုံးလနီးပါး အတွင်းမှာ လက်နက်ကြီး ထိမှန်မှုနဲ့ မြေမြုပ်မိုင်းကြောင့် သံတွဲနဲ့ ငပလီက အရပ်သား သေဆုံးမှု အယောက် ၅၀ ကျော်ထိ မြင့်တက်လာပြီး ထိခိုက်ဒဏ်ရာရသူလည်း အများအပြားရှိလာနေတယ်လို့သိရပါတယ်။

” အရင်ရက်က သံတွဲ ၅ရပ်ကွက်ထဲကိုလက်နက်ကြီးကျလို့ အမျိုးသမီးတယောက်သေတယ်။ အိမ်သုံးလုံးလည်းလက်နက်ကြီးကျလို့မီးလောင်သွားတယ်။ ငပလီဘက်လည်းပြင်းထန်နေတယ်။ ထိခိုက်သေဆုံးရှိတယ်။ သေဆုံးထိခိုက်စာရင်းက မြေပြင်တိုက်ပွဲအရ အတိအကျစာရင်းမကောက်နိုင်ဘူး။ ဒါပေမယ့်အနီးစပ်ဆုံးဆိုရင်တောင်၅၀လောက်ကတော့ရှိတယ်။ဒီထဲမှာလက်လှမ်းမမီလို့မသိလိုက်ရတာမျိုးတွေလည်းကျန်နိုင်သေးတယ်။မြေမြုပ်မိုင်းကလည်းရွာဘက်တွေမှာ မကြာခဏဆိုသလိုဖြစ်တယ် ။ဖြစ်လိုက်ရင်ခြေထောက်ပြတ်၊သေဆိုတာမျိုးကများတယ်။ ” လို့ ဒေသခံကပြောပါတယ်။

အရပ်သားသေဆုံးမှု မြင့်တက်လာသလို အဆောက်အဦးတွေ လက်နက်ကြီးထိမှန်ပျက်စီးမှုလည်းမြင့်လာပြီး သံတွဲ ခရိုင်ပြည်သူ့ဆေးရုံကြီး၊ အမှတ် ၂ အခြေခံပညာအထက်ကျောင်း ၊ သမိုင်းဝင် စေတီတချို့ ၊လူေန ထိခိုက်ပျက်စီးခဲ့ကာ လူနေအိမ်တွေ၊ သာသနိကအဆောက်ဦး၊ ဝန်ထမ်းအိမ်ယာနဲ့ အကျဥ်းထောင်လည်း လက်နက်ကြီးထိမှန် ပျက်စီးမှုတွေရှိခဲ့သလို ငပလီကမ်းခြေရွာတွေမှာလည်းနေအိမ်တွေပျက်စီးတာ ၊ ဟိုတယ်အချို့လည်း လက် နက်ကြီး ထိမှန်မှုတွေရှိနေ တယ်လို့ သိရပါ တယ်။

” မြို့ပေါ်မှာကလက်နက်ကြီးတွေကျတဲ့နေရာတွေကပျက်စီးတာပဲ။ထောင်လည်းပွင့်သွားပြီ။ဆေးရုံလည်းထိလို့ ဆရာဝန်တွေပြေးကုန်ပြီ။ဝန်ထမ်းတွေလည်းမရှိကြတော့ဘူး။အိမ်တွေလည်းဖောက်ထွင်းခံရတာတွေများလာတယ်။ရောင်းစားလို့ရတဲ့ပစ္စည်းတွေအကုန်ယူသွားကြတယ်။ကျွန်တော်တို့အိမ်ကို မြို့ထဲကျန်တဲ့မိတ်ဆွေကိုသွားကြည့်ခိုင်းတာ တအိမ်လုံးအကုန်လှန်လှောရှာဖွေယူသွားကြတယ်၊ တန်ဖိုးရှိတာဘာမှမကျန်တော့ဘူး။” လို့ ဒေသခံတယောက်ကပြောပါတယ်။

လက်ရှိ သံတွဲမြို့ပေါ်မှာတော့ နစကတပ်တွေမရှိတော့တဲ့အပြင် ရဲစခန်းမှရဲတပ်ဖွဲ့ဝင်တွေလည်းမရှိတော့ကြောင်း၊ အကျဥ်းထောင်ဝန်ထမ်း၊အုပ်ချုပ်ရေးဝန်ထမ်းအပါအခြားဌာနဆိုင်ရာအားလုံးမရှိတော့ဘဲ AA တပ်ဖွဲ့တွေသာနေရာယူထားကြောင်း ဒေသခံတွေက ပြောပါတယ်။

အလားတူငပလီကမ်းခြေငပလီလေဆိပ်နဲ့ ကမ်းခြေက ခြေလျင်တပ်ရင်း ခလရ ၅၅ ကိုလည်း AA က သိပ်းပိုက်ထားတာကြောင့် ကမ်းခြေဘက်တွေမှာ တိုက်ပွဲတွေပြင်းထန်နေတာဖြစ်တယ်လို့သိရပါတယ်။

သံတွဲအကျဥ်းထောင်မှာလည်း လက်နက်ကြီးကျချိန်က ထောင်ကျနေတဲ့အချုပ်သားတွေထဲကလည်း အကျဥ်းသားတွေ လွတ်မြောက်ခဲ့သူတွေရှိသလို လက်နက်ကြီးထိမှန်သေဆုံးသူတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။

“မြို့ပေါ်အခြေအနေက စစ်တပ်ကတော့မရှိတော့ဘူး၊AA ကရှိတယ်။ ဒါပေမယ့်ထိန်းချုပ်တယ်ဆိုတဲ့ပုံစံမျိုးတရားဝင်ကြေငြာတာတော့မရှိသေးဘူး။ရွာဘက်တွေတော့ ထိတွေ့တိုက်ပွဲတွေဖြစ်နေတုန်း။လေယာဥ်တွေလည်းဝဲတယ်။အခုသံတွဲမြို့တွင်းကိုဖုန်းလုံးဝဆက်သွယ်လို့မရဘူး။မြေပြင်သတင်းယူရင်ပြဿနာတက်တယ်။သွားလို့မရဘူး။စားသောက်စရာတွေဝယ်ရတာလည်းခက်ခဲတယ်။တရားဝင်ဝယ်မရတော့စျေးမတန်တဆပေးဝယ်နေရတယ်။ အ ခြေအနေတွေတည်ငြိမ်မှပဲ အဆင်ပြေမယ်။ဘယ်အချိန်မှာဖြစ်မလဲမပြောတတ်ဘူး။ အခုမြို့ကမလုံခြုံတော့ဘူး။အိမ်ဖောက်ခံရတာတွေလည်းများလာတယ်။ ” လို့ သံတွဲမြို့ခံ တယောက်ကပြောပြပါတယ်။

လက်ရှိအထိ သံတွဲမြို့ကို အဝင်အထွက်ပိတ်ထားတာကြောင့် စားသောက်ကုန်ဝယ်ယူရတာပို ခက်ခဲလာတဲ့အပြင် စျေးနူန်းတွေလည်းအဆမတန်မြင့်တက်လို့ မြို့ထဲကျန်နေတဲ့သူတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ စစ်ရှောင်နေရသူတွေ ဒုက္ခရောက်နေရတယ်လို့သိရပါတယ်။

သံတဲွဲမြို့ပေါ်မှာတော့ ကျန်းမာရေးအရစစ်ရှောင်ဖို့ခက်သူနဲ့ငွေကြေးမပြည့်စုံတဲ့အတွက် စစ်ရှောင်နိုင်ခြင်းမရှိလို့ ကျန်ရစ်ခဲ့ရသူတွေများတာကြောင့် ပိုပြီးဒုက္ခရောက်နေရတယ်လို့သိရပါတယ်။

#Voiceofmyanmar #vom #သံတွဲ #ငပလီ #AA #အရပ်သားသေဆုံးမှုမြင့်တက်

Related posts

Leave a Comment

VOM News

FREE
VIEW