ဇူလိုင် ၂၅ – ၂၀၂၄
GG (VOM)
မိုးကုတ်မြို့ကို TNLA ပူးပေါင်းတပ်တွေထိန်းချုပ်လိုက်ပြီးနောက် မနေ့ကညနေကတည်းက ဒီနေ့ဇူလိုင်လ ၂၅ ရက်နေ့မနက်ပိုင်းအထိ ပစ်ခတ်မှုမရှိ တိုက်ပွဲတွေငြိမ်သက်နေတယ်လို့သိရပါတယ်။
ဒါပေမယ့် အရှေ့ပိုင်းမှာ pdf တပ်တွေ၊တိုင်းရင်းသားလက်နက်ကိုင်တွေထိန်းချုပ်လိုက်တဲ့မြို့အများစုမှာ လေကြောင်းပစ်ခတ်မှု လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ထိခိုက်သေဆုံးပျက်စီးမှုတွေ ရှိနေတဲ့အတွက် မြို့ခံတွေကတော့ တိုက်ပွဲထပ်မံဖြစ်မှာကိုစိုးရိမ်နေကြပါတယ်။
” သတင်းတွေအရ သိနေတာပဲလေ။မြို့တွေသိမ်းသွားပြီဆိုရင် မြေပြင်ပစ်ခတ်မှုထက်လေ ကြောင်းပစ်ခတ်မှုတွေ၊လက်နက်ကြီးတွေအပြန်အလှန်ပစ်ကြတာမျက်မြင်ပဲ။ဒီတော့စိုးရိမ်တာပေါ့။ကျွန်တော်တို့ဒေသခံတွေကလေကြောင်းကိုအကြောက်ဆုံးပဲ။မြေပြင်နှစ်ဖက်ပစ်တာက ကိုယ့်အိမ်ထဲကိုယ်နေရသေးတယ်။လေကြောင်းနဲ့လက်နက်ကြီးကတော့ အိမ်ထဲနေလည်း အိမ်ပေါ်လာကျရင် ခံရတာပဲ။ညကပေါင်၅၀၀ဗုံးကြဲတယ်ဆိုတာသတင်းမှားပါ။ခုထိတော့ငြိမ်နေတုန်းပဲ ။မြို့ထဲမှာတော့မနေ့ထဲက TNLA နဲ့ PDF တပ်တွေရောက်နေပြီ ။ ” လို့ ဒေသခံတယောက်ကပြောပါတယ်။
မိုးကုတ်မြို့နယ်တခုလုံးကို TNLA ပူးပေါင်းတပ်တွေထိန်းချုပ်လိုက်ပေမယ့် လက်ရှိအထိတော့ ကားလမ်းတွေပြန်မဖွင့်သေးသလို မြို့အဝင်အထွက်လည်းပိတ်ထားဆဲဖြစ်ပြီး ဖုန်းလိုင်းတွေလည်းဆက်သွယ်လို့မရသေးဘူးလို့သိရပါတယ်။
မိုးကုတ်မြို့အရှေ့ပိုင်းက နစကတပ်စခန်းတွေကိုတော့ TNLA ပူးပေါင်းတပ်တွေက မနေ့ကဇူလိုင်လ ၂၄ ရက်နေ့ညနေပိုင်းမှာအပြီးသတ်တိုက်ခိုက်ထိန်းချုပ်ခဲ့တာဖြစ်တယ်လို့ TNLA ဘက်ကထုတ်ပြန်သလို ဒေသခံတွေကလည်းပြောဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ နစက ဘက်ကတော့ တစုံတရာ ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။
မိုးကုတ်မြို့အနောင်ပိုင်းဒေသကိုလည်း ဇွန်လ ၃၀ ရက်နေ့ကတည်း TNLA ပူးပေါင်းတပ်တွေကထိန်းချုပ်ထားတာဖြစ်လို့ ခုဆိုရင် မိုးကုတ်တမြို့နယ်လုံးကို ထိန်းချုပ်ထားနိုင်တာဖြစ်တယ်လို့ TNLA ဘက်ကဆိုထားပါတယ်။
TNLA ပူးပေါင်းတပ်တွေက မိုးကုတ်မြို့တခုလုံးကိုရက်ပေါင်း ၃၀ အကြာမှာအပြီးသတ်ထိန်းချုပ်လိုက်တာဖြစ်တယ်လို့လည်းဆိုပါတယ်။တိုက်ပွဲကာလအတွင်းမှာ ဒေသခံသေဆုံးမှု အယောက်၃၀ထက်မနည်းရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူအများအပြားရှိသလို နေအိမ်တွေ၊ဘုန်းကြီးကျောင်းတွေလည်း ပျက်စီးမှုရှိခဲ့ပါတယ်။
#Voiceofmyanmar #vom #မိုးကုတ် #TNLA #PDF #ထိန်းချုပ်