သာပေါင်း၊ ရေကြည်နဲ့ လေးမျက်နှာမြို့နယ်ရှိ ကျေးရွာ ၁၀၀ ဝန်းကျင် ရေမြုပ်နေပြီး ကြံခင်း-ပုသိမ် ရထားပြေးဆွဲမှု ရပ်နားထားရ

 

ဇူလိုင် ၂၈ – ၂၀၂၄
SN (VOM)

ဧရာဝတီတိုင်း သာပေါင်း၊ ရေကြည်နဲ့ လေးမျက်နှာမြို့နယ်တွေမှာ ကျေးရွာပေါင်း ၁၀၀ ဝန်းကျင် ရေနစ်မြုပ်နေပြီး ကြံခင်း-ပုသိမ် ရထားပြေးဆွဲမှုတွေကိုလည်း ယာယီရပ်နားထားကြောင်း ဒေသခံတွေနဲ့ လူမှုကူညီရေးအသင်းတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။

“ကြံခင်း-ပုသိမ် ရထား၂၅ ရက်နေ့လောက်ကစပြီး မထွက်နိုင်တော့တာ။ မြစ်ရေကတော့ တန့်သွားပါပြီ။ တာကျော်အောင်မတက်သေးဘူး ။ တောရေလို့ခေါ်မှာပေါ့ ။ မိုးများတာနဲ့ မမြတို့ ၊ ကွန်ချောင်းတို့လိုဆည်တွေက ရေပိုတချို့ဖောက်ထုတ်တာကြောင့် ရထားလမ်း ရေမြုပ်နေတာ။ ထူးကြီးအကျော် မယ်ဇလီကုန်းမှာလည်း ကားလမ်းရေကျော်လို့ ကားတွေသွားမရဖြစ်သေးတယ်။ ခုတော့ ကားကြီးတွေ သွားရနေပြီ” လို့ ကြံခင်းမြို့တယောက်ကပြောပါတယ်။

ငဝန်မြစ်ရေ မြင့်တက်လာမှုကြောင့် သာပေါင်းမြို့နယ်က ကျေးရွာ ၄၀ နီးပါး၊ ရေကြည်မြို့နယ်က ကျေးရွာ ၄၀ နီးပါး၊ လေးမျက်နှာမြို့နယ်က ကျေးရွာ ၂၀ နီးပါး ရေနစ်မြုပ်လျက်ရှိကာ အခြေခံပညာကျောင်းပေါင်း ၈၀ ဝန်းကျင်ကိုလည်း ယာယီပိတ်ထားရတယ်လို့ သိရပါတယ်။

လက်ရှိမှာ သာပေါင်းမြို့နယ်အတွင်းက အငူကြီး၊ မယင်းချောင်၊ သစ်ပုတ်ကုန်း၊ မာလကာကုန်း၊ ဘုရားကြီး၊ သရက်တော၊ တင်းကုတ်ကြီး၊ ရွှေလှေကွင်း၊ ကတတ်ရိုး၊ လေးအိမ်တန်း အပါအဝင် ကျေးရွာပေါင်း ၄၀ နီးပါးမှာ ရေဝင်ရောက်နေတာဖြစ်ပြီး နေအိမ် ၅၀၀ ထက်မနည်းရေနစ်မြုပ်လျက်ရှိတယ်လို့ သိရပါတယ်။

“လူအယောက် ၃၀၀၀ ဝန်းကျင် ရေဘေးကြုံနေရတယ်။ အစားအစာနဲ့ ဆေးဝါး ရေသန့်တွေ အကူအညီတွေ အများကြီး လိုအပ်နေပါတယ်။ ဒီနှစ်ရေကြီးတာက မနှစ်ကထက်ကို ပိုဆိုးတယ်။ အခု ငဝန်မြစ်ကမ်းဘေးက ရွာတွေအကုန်လုံး ရေမြုပ်ကုန်တာ” လို့ သာပေါင်းဒေသခံက ပြောပါတယ်။

ဒါအပြင် သာပေါင်းမြို့နယ်မှာ အခြေခံပညာကျောင်းပေါင်း ၃၇ ကျောင်းအထိ ထပ်တိုးကာ ယာယီပိတ်ထားလိုက်ရပြီး သင်ခန်းစာတွေ နောက်မကျစေဖို့ မြစ်ရေတွေ ပြန်လည်ကျဆင်းတဲ့အခါ အပတ်စဉ် တနင်္ဂနွေနေ့မှာ အချိန်ပိုဖွင့်လှစ်ပြီး ပြန်လည် အစားထိုး သင်ကြားပေးသွားမှာဖြစ်တယ်လို့ မြို့နယ်ပညာရေးမှူးရုံးမှ သိရပါတယ်။

အဲဒီလိုပဲ ရေကြည်မြို့နယ်မှာလည်း ငဝန်မြစ်ရေကြောင့် အခြေခံပညာအထက်တန်းကျောင်း နှစ်ကျောင်း၊ အလယ်တန်းကျောင်း ရှစ်ကျောင်းနဲ့ မူလတန်းကျောင်း ၂၆ ကျောင်း၊ စုစုပေါင်း စာသင်ကျောင်း ၃၆ ကျောင်းကို ပိတ်ထားရတယ်လို့ သိရပါတယ်။

ဒါအပြင် လေးမျက်နှာမြို့မှာလည်း ငဝန်မြစ်ရေ မြင့်တက်မှုကြောင့် ရေကာတာအပြင်ဘက် မြို့နယ်အနောက်ဘက်ခြမ်း ဒေသရှိ လှော်ကထားတိုက်နယ်နဲ့ ပန်းတောကြီး တိုက်နယ်တို့ရှိ ကျေးရွာ ၂၀ နီးပါး ရေနစ်မြုပ်မှုဒဏ်ခံနေရပြီး ကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ထားခြင်း မရှိသေးဘဲ လက်ရှိ ရေမြုပ်နေတဲ့ နေအိမ်တွေမှာသ ဆင့်ထိုးပြီး နေထိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေဝင်ရောက်မှုကြောင့် လက်ရှိမှာ လေးမျက်နှာမြို့နယ်အတွင်းက အခြေခံပညာ အလယ်တန်းကျောင်း တကျောင်း၊ မူလတန်းကျောင်း နှစ်ကျောင်း စုစုပေါင်း ကျောင်း သုံးကျောင်းတို့ကိုလည်း ယာယီပိတ်ထားတယ်လို့ သိရပါတယ်။

ဒါအပြင် ဧရာဝတီတိုင်းထဲက မြန်အောင်၊ ကြံခင်း၊ ဟင်္သာတ၊ ဇလွန်၊ ပန်းတနော်၊ ညောင်တုန်း၊ မအူပင်၊ ငါးသိုင်းချောင်း စတဲ့ မြို့နယ်တွေမှာလည်း မြစ်ရေမြင့်တက်ပြီး ရေကြီးနေဆဲဖြစ်ကာ လက်ရှိ ရေဝင်ရောက်နေတဲ့ မြို့နယ်အသီးသီးက စပါး၊ ပဲ၊ နှမ်းနဲ့ ကွမ်းစိုက်ခင်းတွေလည်း ရေနစ်မြုပ်လျက်ရှိတယ်လို့ သိရပါတယ်။

လက်ရှိ ဟင်္သာတမြို့မှာ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် အိပ်ပျက်ကျေးရွာအုပ်စုက လူနေအိမ် ၁၅၀ ထက်မနည်း ပြောင်းရွှေ့ခဲ့ရသလို ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်မှာလည်း ဧရာဝတီ မြစ်ရေမြင့်တက်မှုကြောင့် လယ်ဧက ၂၀၀၀ ဝန်းကျင် ရေနစ်မြုပ်နေဆဲဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်မှုကြောင့် အခု ဇူလိုင်လ ၃၀ ရက်အထိ တိုင်းနဲ့ ပြည်နယ်အနှံ့မှာ မိုးရွာသွန်းမယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဇူလိုင် ၂၅ ရက်မှာ ထုတ်ပြန် အသိပေးထားပါတယ်။

#voiceofmyanmar #VOM #ဧရာဝတီတိုင်း #သာပေါင်း #ရေကြည် #လေးမျက်နှာ #ကျေးရွာ #၁၀၀ဝန်းကျင် #ရေမြုပ်နေပြီး #စာသင်ကျောင်း #ယာယီပိတ်

Related posts

Leave a Comment

VOM News

FREE
VIEW