သုံးဆယ်မြို့ ဘဏ​်မှငွေ ထုတ်လာသူဆီကနေ ငွေသိန်း၂၀၀ လုခံရပေမယ့် လုယက်သူတွေကိုချက်ခြင်းဖမ်းမိ

 

ဇူလိုင် ၃၁ – ၂၀၂၄
GG (VOM)

ပဲခူးတိုင်းအနောက်ပိုင်း ၊သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့မှာ ဘဏ်မှ ငွေထုတ်လာတဲ့သူဆီကနေ ငွေတွေလုယက်ခံရမှု ဒီနေ့ဇူလိူင်လ ၃၁ ရက်နေ့မနက်ပိုင်းမှာဖြစ်ပွားခဲ့ပြီး လုယက်သူတွေကို ချက်ခြင်းဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။

ဖြစ်စဥ်မှာ ရန်ကုန်-ပြည်လမ်း၊ ဗိုလ်ချုပ်လမ်းထောင့်၊ သုံးဆယ်မြို့ ကမ္ဘောဇဘဏ်ကနေထုတ်ယူလာတဲ့ ငွေကျပ် သိန်း ၂၀၀ ကို အသင့်စောင့်နေတဲ့ လူငါးယောက်က လုယက်ခဲ့ရတာဖြစ်ကြောင်း ၊ လုယက်သူတွေကိုတော့ အချိန်ပိုင်းအတွင်းမှာ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့သိရပါတယ်။

” ထုတ်တဲ့သူက ကြို့ကုန်းရွာကပါ။သူကငွေထုတ်ပြီး ဆိုင်ကယ်ပေါ်တင်နေချိန် ဝင်လုခံရတာ။စောင့်ကြည့်နေတဲ့သဘောရှိတယ်။ဖမ်းမိတာက နယ်မြေလှည့်ကင်းကမိတာ။မိနစ်၂၀လောက်ပဲကြာတယ်။ဆိုင်ကယ်နဲ့ထွက်ပြေးတာကို မိတာ။ ဖြစ်တာက မနက်၁၁ နာရီလောက်ဖြစ်တာ။၁၁ခွဲလောက်မိတာပေါ့ ။” လို့ သာယာဝတီမြို့ဒေသခံကပြောပါတယ်။

ငွေလုယက်သူတွေက အမျိုးသား ငါးယောက်ဖြစ်ပြီး ဆိုင်ကယ်လေးစီးနဲ့လုယူထွက်ပြေးသွားတာဖြစ်ကြောင်း၊ လက်ပံတန်းမြို့နယ်အပိုင် ရန်ကုန်-ပြည်ကားလမ်းဘေးက မကျီးကွင်းအရှေ့စုရွာဇရပ်အတွင်းမှာ လုယက်သူတွေကို ငွေကျပ် သိန်း ၂၀၀ နဲ့အတူ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့သိရပါတယ်။

လက်ရှိ မှာတော့ ဖမ်းဆီးရမိတဲ့ လုယက်မှုကျူးလွန်သူတွေကို သုံးဆယ်နယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၉၅ နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့သိရပါတယ်။

#Voiceofmyanmar #vom #သုံးဆယ် #KBZ #ငွေထုတ်သူဆီကငွေလုယက်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW