ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့် ချယ်ရီထက် ထောင်ကနေ ဒီနေ့လွတ်လာဖို့ရှိ

 

ဩဂုတ် ၉ – ၂၀၂၄
GG (VOM)

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်လုံခြုံရေးတပ်ဖွဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ သက်တော်စောင့်ဖြစ်သူ ဒုရဲအုပ်ချယ်ရီထက် ထောင်ကနေ ပြန်လွတ်လာပြီ လို့သတင်းထွက်နေပေမယ့် ပစ္စည်းတွေသာ အပြင်ရောက်လာပြီး လူကတော့ခုထိအပြင်ရောက်မလာသေးဘူးလို့ ကနဦးသိရပါတယ်။

” ချယ်ရီထက်ရဲ့ ပစ္စည်းတွေပဲ အပြင်ကိုရောက်လာသေးတယ်သိရတယ်။လူကတော့ ထောင်ပြင်မရောက်လာသေးဘူး။သူကထောင်ငါးနှစ်ချခံထားရတာဆိုတော့ လွတ်ရက်စေ့လို့လွတ်တာတဲ့ သဘောထင်တယ်။အခြေအနေစောင့်ကြည့်နေတုန်းပါ။ ” လို့ ချယ်ရီထက်နဲ့ နီးစပ်တဲ့ အသိုင်းအဝန်းက သတင်းရင်းမြစ်တယောက်က ပြောပါတယ်။

ချယ်ရီထက်ကို ၂၀၂၁ ခုနှစ်ဒီဇင်ဘာလ ၃၀ ရက်မှာ ရဲအထူးတရားရုံးက ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေ နဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့ပြီး ၂၀၂၂ ခုနှစ် မတ်လ၃၁ ရက်မှာနေပြည်တော်အချုပ်ထောင်အထူးတရားရုံးက ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ ( က ) အရ ထောင်ဒဏ် ၂ နှစ် ထပ်မံအမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။

ချယ်ရီထက်ကို နစကက တာဝန်စတင်ယူခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာပဲ ဖမ်းဆီးပြီး အကျယ်ချုပ်နဲ့ထားပြီးနောက် အမှုဖွင့်တရားစွဲဆိုကာ ထောင်ဒဏ်တွေ ချမှတ်ခဲ့တာဖြစ်ပါတယ်။

ချယ်ရီထက်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အနီးကပ်ဆုံးနေခဲ့ရသူဖြစ်ပြီး နိုင်ငံတော်အဆင့် ပြည်တွင်း၊ ပြည်ပခရီးစဉ်တွေမှာ ဘေးကနေ အမြဲလိုက်ပါခွင့်ရခဲ့သူ တယောက် ဖြစ်ပါတယ်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ NLD ပါတီက ရွေးကောက်ပွဲ အနိုင်ရရှိခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့်အဖြစ် ချယ်ရီထက် က တာဝန်ယူခဲ့သူဖြစ်ပါတယ်။

#Voiceofmyanmar #vom #ချယ်ရီထက် #ထောင်ကပြန်လွတ်

Related posts

Leave a Comment

VOM News

FREE
VIEW