မြောက်ဦးမှာ လက်နက်ကြီးကျလို့ ခြောက်ယောက်သေ၊ ခုနစ်ယောက် ဒဏ်ရာရ

 

ဩဂုတ် ၁၀ – ၂၀၂၄
SN (VOM)

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ ဒီကနေ့ ဩဂုတ် ၁၀ ရက်၊ နေ့လယ်ပိုင်းက လက်နက်ကြီး ကျရောက်ခဲ့တာကြောင့် ကလေးတယောက်အပါအဝင် ခြောက်ယောက် သေဆုံးခဲ့ပြီး ခုနစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ နေ့လယ် ၁၂ နာရီခွဲဝန်းကျင်မှာ မြောက်ဦးမြို့က လူစည်းကားရာ နေရာတခုဖြစ်တဲ့ ရှစ်သောင်းသွားလမ်း၊ မြောက်ဦးဟိုတယ်နဲ့ ဦးဥတ္တမပန်းခြံအနီးတဝိုက်ကို  လက်နက်ကြီး ကျရောက်ခဲ့တာဖြစ်ပြီး အမျိုးသား ခြောက်ယောက် နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“လက်နက်ကြီးက ခရီးသည်တင်ပြီး လမ်းပေါ်မှာသွားနေတဲ့ တုတ်တုတ်ပေါ်ကို ကျသွားတာ။ တုတ်တုတ်ပေါ်က လူတွေ အကုန်ထိတာပဲ။ နေရာမှာတင် ပွဲချင်းပြီး သေကုန်တယ်။ ဒဏ်ရာ ရတဲ့သူတွေလည်း တော်တော်ကို ထိသွားတယ်။ အဲဒီနေရာက ခရီးသွားကားတွေ၊ ခရီးသည်တွေ၊ စျေးဆိုင်ခန်းတွေနဲ့ လူအရမ်းစည်တဲ့နေရာပါ” လို့ ဒေသခံတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၆ ရက်နေ့ကလည်း မြောက်ဦးမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာအနီးရှိ FDA ရုံးအနီးမှာ နှစ်ကြိမ်တိုင်တိုင် လက်နက်ကြီးရောက်ခဲ့ပြီး ထိခိုက်ဒဏ်ရာမှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

ဒါအပြင် ဇွန်လ ၄ ရက်နေ့ကလည်း မြောက်ဦး၊ ပေါက်တောပြင်ကျေးရွာနဲ့ ဝေသာလီကျေးရွာကြား လက်နက်ကြီး ကျရောက်ခဲ့တာကြောင့် အသက် ၁၃ နှစ်အရွယ် ကလေးတယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

Photo:CJ

#voiceofmyanmar #VOM #မြောက်ဦး #လက်နက်ကြီးကျ #ခြောက်ယောက်သေ #ခုနစ်ယောက်ဒဏ်ရာရ

Related posts

Leave a Comment

VOM News

FREE
VIEW