နေပြည်တော်မှာ မိသားစုလိုက် သုံးလောင်းပြိုင် လူသတ်မှုဖြစ်ပွား

 

ဩဂုတ် ၁၁ – ၂၀၂၄
GG (VOM)

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဇဝနသိဒ္ဓိရပ်ကွက်၊ မြတ်လေးလမ်းက အိမ်တအိမ်မှာ သုံးလောင်းပြိုင်လူသတ်မှု ဩဂုတ်လ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

အသတ်ခံရတဲ့သူသုံးယောက်က မိသားစုဝင်တွေဖြစ်ပြီး ဓားဒဏ်ရာတွေနဲ့နေအိမ်အတွင်းရှိ တနေရာစီမှာ အသတ်ခံထားရတာဖြစ်ကြောင်း၊ ကားတစီးနဲ့ဖုန်းတွေလည်း ပျောက်ဆုံးနေ တယ်လို့သိရပါတယ်။

” အဖေ၊အမေ၊သား အားလုံးသုံးယောက်။အဖေဖြစ်သူကမီးဖိုချောင်ထဲမှာအသတ်ခံရတယ်။အမေဖြစ်သူကရေချိုးခန်းထဲမှာ၊သားဖြစ်သူကတော့သူ့အခန်းထဲမှာအသတ်ခံထားရတာတွေ့တယ်။အကုန်လုံးဓားဒဏ်ရာပဲတွေ့တယ်။သားဖြစ်သူကတော့ကုတင်ပေါ်မှာမှောက်ရက်အနေအထားနဲ့သေနေတာ ။ ” လို့ နေပြည်တော်အခြေစိုက်လူမှုကူညီရေးအဖွဲ့ဝင်တယောက်ကပြောပါတယ်။

အသတ်ခံရသူတွေထဲက အသက်၄၉ နှစ်အရွယ်ရှိ ဖခင်ဖြစ်သူ ဦးသန်းနိုင်ထွန်းမှာ ထိုးသွင်းဒဏ်ရာ နှစ် ချက် ၊အသက် ၄၈ နှစ်အရွယ် မိခင် ဖြစ်သူ ဒေါ်စောသန္တာဦးမှာ ထိုးသွင်းဒဏ်ရာ လေးချက်နဲ့ အသက် ၂၉ နှစ်အရွယ် သားဖြစ်သူ မောင်ရွှေအုပ်စိုးမှာ ထိုးသွင်းဒဏ်ရာ သုံးချက်တွေ့ရှိရတယ်လို့သိရပါတယ်။

လက်ရှိမှာတော့ အဆိုပါ ရုပ်အလောင်းတွေကို နေပြည်တော် ကုတင်တထောင်ဆေးရုံကို ပို့ဆောင်ထားပြီး ကျူးလွန်သူတွေကိုတော့မမိသေးကြောင်း သက်ဆိုင်ရာ နယ်မြေရဲစခန်းက အရေးယူဆောင်ရွက်နေတယ်လို့သိရပါတယ်။

မေလ ၂၆ ရက်ကလည်း မန္တလေးတိုင်း ၊ မိုးကုတ်မြို့အရှေ့ပိုင်းက ရွှေကူရပ်ကွက်မှာနေအိမ်ထဲမှာပဲ မိသားစုလိုက်အသတ်ခံရလို့ လောင်းပြိုင်လူသတ်မှုဖြစ်ပွားမှုရှိခဲ့ပါတယ်။

ဇန်နဝါရီလ ၁၁ ရက်နေ့တုန်းကလည်း မန္တလေးတိုင်း၊မိတ္တီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ အမှတ် ၃ ဗဟိုရပ်ကွက်မှာရှိတဲ့ ယက်ကန်းရုံဝန်းထဲမှာ မိသားစုဝင် သုံးယောက်နဲ့အလုပ်သမားတယောက်အပါအဝင် လေးလောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့ပါတယ်။

#Voiceofmyanmar #vom #နေပြည်တော် #သုံးလောင်ပြိုင် #လူသတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW