လားရှိုးမှာ ရပ်ကွက်အလိုက် အုပ်ချုပ်ရေးအဖွဲ့တွေ စတင်ဖွဲ့စည်းနေတယ်လို့ ဒေသခံတွေပြော

 

ဩဂုတ် ၁၃ – ၂၀၂၄
CC (VOM)

ရှမ်းမြောက် ၊ လားရှိုးမြို့မှာ ရပ်ကွက်အလိုက်အုပ်ချုပ်ရေးအဖွဲ့တွေစတင်ဖွဲ့စည်းနေသလို ကျန်းမာရေးအတွက်လည်း ဆေးအဖွဲ့တွေဖွဲ့စည်းပြီး အုပ်ချုပ်ရေးယန္တရားလည်ပတ်ဖို့ လုပ်ဆောင် နေပြီဖြစ်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

လားရှိုးမြို့ထဲမှာ ခုချိန်ထိအုပ်စုဖွဲ့ပြီးနေအိမ်ဖောက်ထွင်းကာ ပစ္စည်းယူဆောင်မှုတွေရှိနေတာကြောင့် လုယက်သူတွေကိုတွေ့ရှိပါက သက်ဆိုင်ရာရပ်ကွက်အလိုက်အုပ်ချုပ်ရေးအဖွဲ့တွေကို ဆက်သွယ်သတင်းပေးတိုင်ကြားနိုင်ကြောင်းသိရပါတယ်။

ရပ်ကွက်အလိုက်လဲ ဆန်ပေးဝေမှုတွေကိုလုပ်ဆောင်နေတဲ့အပြင် မကြာခင်မှာ ဖုန်းလိုင်းတွေရရှိနိုင်ပြီး လျှပ်စစ်မီးရရှိအောင်လည်း လုပ်နေတယ်လို့သိရပါတယ်။

” ခုလားရှိုးမြို့မှာ ရပ်ကွက်အလိုက် အုပ်ချုပ်ရေးတွေစုဖွဲ့လုပ်တဲ့ အစည်းဝေးပြီးသွားပြီ။စစ်မရှောင်ဘဲကျန်ခဲ့တဲ့ အိမ်တိုင်းကို အစည်းဝေးခေါ်တယ်။သူခိုးတွေတွေ့ရင် လာတိုင်ဖို့ပြောတယ်။အုပ်ချုပ်ရေးရုံးတွေမှာ ဆန်ကို သွားယူလို့ရကြောင်းပြောတယ်။ဆေးအဖွဲ့လည်း ဖွဲ့ပြီးသွားပြီ ။မီးရဖို့ကြိုးစားနေတယ် ။ နောက်အပတ်ကစပြီး မြို့ထဲ ဖုန်းလိုင်းရမယ်လိူ့လည်းပြောတယ်။သူတို့မတတ်နိုင်တာ လေကြောင်းတခုပဲလို့ပြောတယ်။” လို့ လားရှိုးဒေသခံကပြောပါတယ်။

MNDAA အဖွဲ့ကလားရှိုးမြို့ကို အုပ်ချုပ်ရေးယန္တရားပြန်လည်စတင်ဖို့ လုပ်ဆောင်နေတာဖြစ်ပြီး မြို့ထဲမှာလုံခြုံရေးအရ လှည့်လည်စစ်ဆေးမှုတွေရှိပြီး မသင်္ကာပါကစစ်ဆေးခံရတာမျိုးရှိတယ်လို့သိရပါတယ်။

ဒါအပြင် နစက တပ်ဖွဲဝင်တွေဖြစ်တဲ့ ရဲ၊စစ်တပ် က လုံခြုံရေး တပ်ဖွဲ့ဝင် တွေနဲ့ Non-CDM ဝန်ထမ်းတွေရဲ့နေအိမ်တွေကိုပါ ချိတ်ပိတ်တာတွေလုပ်နေတယ်လို့သိရပါတယ်။

” ရဲနဲ့တပ်အိမ်တွေရောချိတ်ပိတ်တယ်။အိမ်ထဲကပစ္စည်းတွေလည်း ပြည်သူတွေလိုအပ်တာယူဆိုပြီးခွင့်ပေးတာရှိတယ်။သတင်းပေး (ဒလန်) အိမ်တွေရောပဲ။သူတို့ကိုဘယ်သူမှစာရင်းပေးမတိုင်ပါဘူး။စာရင်းကသူတို့မှာရှိပြီးသားတွေ။လားရှိုးကအခုလွတ်လွတ်လပ်လပ်ပါပဲ။” လို့ ဒေသခံကပြောပါတယ်။

လက်ရှိမှာတော့ လားရှိူး မြို့မှာတိုက်ပွဲတွေပစ်ခတ်မှုတွေလည်းမရှိတာကြောင့် မြို့ထဲအသွားအလာတွေပုံမှန်နီးပါးပြန်ဖြစ်လာသလို စစ်ရှောင်သွားသူတွေထဲကလည်း နေရပ်ပြန်ဝင်လာသူတွေရှိနေတယ်လို့သိရပါတယ်။

တိုက်ပွဲအတွင်း လက်နက်ကြီးထိမှန်ပျက်စီးခဲ့ရတဲ့နေအိမ်ပိုင်ရှင်တွေကိုလည်း စာရင်းကောက်ယူပြီး ထောက်ပံ့မှုတွေပေးဖို့လုပ်နေတယ်လို့သိရပါတယ်။

“ဗုံးထိမှန်ပျက်စီးတဲ့ အိမ်ပိုင်ရှင်တွေကိုလည်း အမှတ်၁ ရဲစခန်းအတွင်းက ရဲသူရိန်ခန်းမကို အိမ်ပုံနဲ့တကွသွားရောက်သတင်းပို့ကြဖို့ပြောလာတယ်။အတိုင်းအတာတခုထိတစုံတရာပြန်လည်ဖြည့်ဆည်းပေးမယ်လို့တော့သိရတယ်။ဘယ်လိုပုံစံလဲဆိုတာတော့မသိရသေးဘူး။” လို့မြို့ခံတယောက်ကပြောပါတယ်။

လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်း (ရမခ) စစ်ဌာနချုပ်ကို ဩဂုတ်လ ၃ ရက်နေ့မှာ MNDAA ကအပြီးသတ်တိုက်ခိုက်ခဲ့ပြီး လားရှိုးမြို့ကိုထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။

လားရှိုးမြို့တိုက်ပွဲအတွင်းမှာ အရပ်သားအများအပြားသေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရသူအများအပြားလည်းရှိကြောင်း၊နေအိမ်တွေ၊သာသနိကအဆောက်အအုံအများအပြား လက်နက်ကြီးထိမှန်ပျက်စီးခြင်း၊ နေအိမ်တွေနဲ့စျေးအပါအဝင် တန်ဖိုးရှိပစ္စည်းအရောင်းဆိုင်အများအပြားလည်းဖောက်ထွင်းခံခဲ့ရပါတယ်။
Photo:CJ

#Voiceofmyanmar #vom #လားရှိုး #အုပ်ချုပ်ရေးယန္တရား #စစ်ရှောင်တွေနေရပ်ပြန်

Related posts

Leave a Comment

VOM News

FREE
VIEW