သီလဝါဆိပ်ကမ်းမှာ ဆီဘောက်ဆာကား ရာနဲ့ချီပြီး တပတ်ကျော်ကြာ စောင့်ဆိုင်းနေပေမယ့် စက်သုံးဆီ ချမပေးသေး

 

ဩဂုတ် ၁၅ – ၂၀၂၄
SS (VOM)

ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းမှာ စက်သုံးဆီ ချမပေးသေးတဲ့အတွက် ဘောက်ဆာကားတွေ ရာနဲ့ချီပြီး တန်းစီ စောင့်ဆိုင်းနေရတယ်လို့ ယာဉ်မောင်းတွေဆီက သိရပါတယ်။

မြန်မာတနိုင်ငံလုံးကို စက်သုံးဆီ ဖြန့်ဖြူးပေးနေတဲ့ သီလဝါဆိပ်ကမ်းမှာ အခု ဩဂုတ်လဆန်းပိုင်းမှစတင်ကာ ဆီတင်ဘောက်ဆာကေားတွေ အများအပြား ဆီတင်ဖို့ စောင့်ဆိုင်းနေရတာဖြစ်ပြီး အချိန်ကာလအားဖြင့် တပတ်ကျော် ကြာမြင့်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။

“ဆီဘောက်ဆာသမားတွေအကုန်လုံး သီလဝါမှာ သောင်တင်နေတာ။ ကျွန်တော်ဆို အိမ်မပြန်ရတာ တပတ်နီးပါးလောက် ရှိပြီ။ တချို့ ဆီဘောက်ဆာကားတွေဆိုရင် ၁၀ ရက်ကျော်နေပြီ။ အခုထိ ဆီမရသေးဘူး။ ညပိုင်း ကားပေါ်မှာအိပ်ရတာ လုံခြုံမှုမရှိဘူး။ ဧည့်စာရင်းတိုင်ပြီး အိပ်တာတောင် ခေတ်ကာလ အခြေအနေအရ စိတ်က အဆင်မပြေဘူး။ ဒီနေရာမှာပဲ အိပ်လိုက်စားလိုက်နဲ့ စောင့်နေရတာ။ ဘယ်နေ့ ဆီရမယ်မှန်းလည်း အတိအကျ မသိရဘူး။ ကျွန်တော်တို့ ဒီကမထွက်နိုင်သရွေ့ ဆိုင်တွေမှာ ဆီပြတ်နေမှာပဲ” လို့ ဆီဘောက်ဆာ ယာဉ်မောင်းတယောက်က ပြောပါတယ်။

စက်သုံးဆီတွေကို ခွဲတမ်းစနစ် (Purchase Order-PO) စနစ်နဲ့ ပေးနေတာကြောင့် စက်သုံးဆီ ထုတ်ယူသူတွေဟာ ရက်နဲ့ချီ စောင့်ဆိုင်းနေကြရတာဖြစ်ပြီး လိုသလောက်လည်း ဝယ်ယူခွင့်မရဘူးလို့ သိရပါတယ်။

လက်ရှိမှာ သီလဝါဆိပ်ကမ်းနဲ့ ရန်ကုန်မြစ်ဝအထိ ဆီတင်သင်္ဘောတွေ ရောက်ရှိနေပေမယ့် ငွေပေးချေနိုင်ခြင်း မရှိတာကြောင့် ဆီချမပေးတဲ့ အခြေအနေတွေနဲ့ ကြုံတွေ့နေရတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

“ဆီသင်္ဘောတွေက ပင်လယ်ဝမှာရှိပါတယ်။ ဒေါ်လာပေးချေနိုင်မှု မရှိလို့ ဆီကုမ္ပဏီတွေရဲ့ ဆိပ်ကမ်းကို ဆိုင်ကပ်နိုင်ခြင်းမရှိတာပါ။ ရှေ့လျှောက် အခုထက် ပိုဆိုးနိုင်ပါတယ်” လို့ စက်သုံးဆီ လုပ်ငန်းရှင်တယောက်က ပြောပါတယ်။

စက်သုံးဆီ မရရှိတာကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နေ့မှစတင်ကာ ရန်ကုန်နဲ့ မန္တလေးအပါအဝင် တိုင်းနဲ့ ပြည်နယ်အများစုမှာ ဆီပြတ်လပ်မှုတွေ ဖြစ်ပေါ်နေပြီး စက်သုံးဆီ အရောင်းဆိုင်တွေမှာ ကားတွေ အချိန်ကြာမြင့်စွာ တန်းစီဝယ်နေရသလို တချို့ဆိုင်တွေကတော့ ဆီမရှိလို့ အရောင်းပိတ်ထားရတဲ့အထိ ဖြစ်နေပါတယ်။

စက်သုံးဆီအရောင်းဆိုင် နှစ်ရာလောက်ရှိတဲ့ ရန်ကုန်မြို့မှာတော့ အခုရက်ပိုင်းအတွင်း ဆီပြတ်လပ်မှုကို ဆိုးဆိုးရွားရွား ကြုံတွေ့နေကြရပြီး ဆီဆိုင်တိုင်းမှာ ကားအစီးရေ ရာနဲ့ချီ တန်းစီစောင့်ဆိုင်းနေကြရကာ ဆီရဖို့ ပိုခက်ခဲလာတယ်လို့ ရန်ကုန်မြို့က အငှားယာဉ်မောင်း တယောက်က ပြောပါတယ်။

“ဆီပြတ်တာက ဒီနေ့ပိုဆိုးတယ်။ တန်းစီနေကြပေမယ့် ဆီဆိုင်တွေမှာ ဆီမရှိဘူး။ ဆီဆိုင်ရှိတဲ့နေရာတိုင်းမှာ ဆီရဖို့တန်းစီနေတဲ့ ကားတွေက နှစ်ထပ်၊ သုံးထပ်လောက်ရှိတယ်။ သုံးလမ်းမောင်းက နှစ်ကြောက ဆီတန်းနေတာလေ။ တကြောပဲ မောင်းလို့ရတယ်။ ကားတန်းကလည်း အရှည်ကြီးပဲ။ တချို့ကတော့ ကားထားပြီး ညကတည်းက တန်းစီကြတယ်။ ကျွန်တော်ကတော့ ဟိုတရက်က မနက် ၃ နာရီလောက်ကနေ သွားတန်းစီတာ၊ ညနေ ၅ နာရီထိုးတဲ့အထိ ဆီမရဘူး။ ပြန်လာရတယ်။ ကားမောင်းတာကိုလည်း ခဏ ရပ်ထားရတယ်” လို့ သူက ပြောပါတယ်။

အခုလို စက်သုံးဆီရှားပါးပြီး ဝယ်ယူလို့မရတာတွေကြောင့် လူမူကူညီရေးအသင်းတွေလည်း အခက်တွေ့နေပြီး ပရဟိတလုပ်ငန်းတွေကို ရပ်နားထားရမယ့် အခြေအနေနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

အရင်က အရေးပေါ်လူနာတင်ကားတွေကို ဦးစားပေးစနစ်နဲ့ စက်သုံးဆီ ရောင်းချပေးပေမယ့် လက်ရှိမှာတော့ အများနည်းတူ ဆိုင်တွေမှာ တန်းစီပြီးဝယ်ရတာကြောင့် ပိုခက်ခဲလာတယ်လို့ ရန်ကုန်မြို့က ပရဟိတသမားတယောက်က ပြောပါတယ်။

“အရေးပေါ်ကားတွေမှာ ဆီလက်ကျန် အရမ်းနည်းနေပြီ။ ဘယ်မှာမှလည်း ဝယ်လို့မရဘူး။ လမ်းဘေးဆိုင်တွေတောင် ဆီမရှိတော့ဘူး။ ဝယ်လို့ရတဲ့ဆိုင်ဆိုရင်လည်း တလီတာကို ကျပ် ရှစ်ထောင်၊ တသောင်းလောက် ဖြစ်နေပြီ” လို့ သူက ပြောပါတယ်။

အခုတကြိမ် စက်သုံးဆီပြတ်လပ်မှုက အရင်ကထက် ပိုဆိုးရွားနေတယ်လို့ သိရပြီး ဘယ်နေ့ပြန်လည်ရရှိနိုင်မယ် ဆိုတာကိုလည်း ခန့်မှန်းနိုင်ခြင်းမရှိတဲ့အတွက် လူထုအတွင်း စိုးရမ်ပူပန်မှုတွေ မြင့်တက်လျက်ရှိပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကလည်း စက်သုံးဆီတင် သင်္ဘောတွေ သီလဝါဆိပ်ကမ်းကို ဆိုက်ကပ်ခဲ့ပေမယ့် ငွေချေနိုင်ခြင်းမရှိတဲ့အတွက် ဆီချမပေးနိုင်လို့ ဆီဘောက်ဆာယာဉ်တွေ ရက်အတော်ကြာတဲ့အထိ တန်းစီ စောင့်ဆိုင်းခဲ့ရပါသေးတယ်။

Photo:CJ

#voiceofmyanmar #VOM #သီလဝါဆိပ်ကမ်း #ဆီဘောက်ဆာယာဉ် #ရာနဲ့ချီပြီး #တန်းစီစောင့်ဆိုင်း #ဆီပြတ်လပ်

Related posts

Leave a Comment

VOM News

FREE
VIEW