သူတို့အိမ် အခန်း (၂၂၇)

 

 

ဆူးငှက်

 

 

ဝမ်းအပ်နှင့် ပြန်ခဲ့တယ်
————————
ရန်ကုန်က မနက်ထွက်သည့် ရထားကို ၂၅နာရီကျော် တအိအိစီးပြီးမှ မန္တလေးရောက်သည်။ နောက်ရက် မနက် ၁၀နာရီနီးပါးမှာ အိမ်သို့ရောက်တော့ အမေက သတိမရတစ်ချက် ရတစ်ချက်နှင့် အိပ်ရာထဲမှာပဲ အိပ်နေသည်။ မမခင်ဝင်းတို့က အမေ့ဘေးမှာပဲရှိနေကြသည်။ ခင်သော်ဇင်ကတော့ မီးဖိုခန်းထဲမှာပေါ့။ ကလေးတွေက ကျောင်းသွား ကြသတဲ့။ ကျွန်တော်လည်း ရောက်တာနှင့် ၃ညဆက်တိုက် အိပ်ရေးပျက်တာမို့ မှေးခနဲ အိပ်ပျော်သွားလိုက်တာ ညနေ နေဝင် မီးထွန်းမှ နိုးတော့သည်။ ကလေးတွေလည်း ကျောင်းက ပြန်ရောက်ကြပြီ။ မြစ်ဖြစ်သူ ကျော်မင်းဦးလည်း ရှိနေသည်။

 

 

အမေက အိပ်ဆဲ၊ တစ်ခါလား နိုးလာ သတိရပြီး ကျွန်တော့်ကို မေးသတဲ့။ မြေးဖြစ်သူ ရွှေစင်ဇော်ဝင်းက လေးဆန်း ရှိတယ် အမေကြီး လို့ပြောတော့ မျက်လုံးလှန်ကြည့်ပြီး ပြန်အိပ်သွားသတဲ့။ ကျွန်တော်က အမေ့ခုတင်ဘေးထိုင်ပြီး အမေ့လက်လေးကို ကိုင်ထားမိသည်။ သည်လက်လေးက အခုတော့ အကြောပြိုင်းပြိုင်းနှင့် ချိနဲ့ နွမ်းဖတ် ကြွေလုလေပြီ။ သည်လက်က ရွာမှာ ပေါင်းပေါက်ခဲ့သည်၊ မြေပဲကောက်ခဲ့သည်၊ မျှစ်ချိုးခဲ့သည်။ နွားစာစဉ်း၊ ရေခပ၊် မုန့်ကြော်၊ ကန်တော့ပွဲရွက၊် ဆီမှုတ်ကိုင်၊ ဆီဗျပ်ပင၊့် ဆီချင၊် ဟင်းချေးများသော ကျွန်တော့်အတွက် ခရမ်းချဉ်သီး ငပိချက်၊ မြေးတွေကို ချွေးခံအိတ်ထဲနှိုက်ကာ မုန့်ဖိုးပေး၊ ပုတီးတခြောက်ခြောက်စိပ် ခဲ့သည်။ အခု အမေ့လက်လေးက နွမ်းချိနေပြီ၊ ကြွေလုပေါ့။

 

 

သည်မြေ သည်အိမ် သည်ပတ်ဝန်းကျင်မှာ
——————————————–
တကယ်တော့ အမေကအသက် ၉၄နှစ်ထဲရောက်ပါပြီ။ ဘာရောဂါမှ ထွေထွေထူးထူး မရှိခဲ့ပေ။ ၁၂၇၀ခုနှစ် တန်ခူးလဆန်း ၁၁ရက်မှာ မွေးဖွားပြီး ၁၇နှစ်သမီး အိမ်ထောင်ကျ ကတည်းက မြို့တောင်ပြင် အနောက်ပြင် အရှေ့ပြင်တခို ပိဿာချိန်၁၀လောက်ရှိသော ဆီဗျပ်ကို ခေါင်းရွက် လမ်းလျှောက် ဈေးရောင်းတော့ အမြဲဖျပ်လပ် ကျန်းမာနေသည်။ အသက်၉၀နီးပါးအရွယ် ၂၀၀၀ခုနှစ် (၁၃၆၂ခု) မှာ ကျွန်တော်နှင့် အတူ လက်ရှိ လယ်တောအိမ်လေးမှာ လိုက်ပါ အတူနေသည်။ အသက်၆၀ကျော်အထိ မန္တလေး ၄ပြင်၄ရပ် တစ်နေ့ ၂ခေါက် ခေါင်းရွက် ဗျပ်ထိုး ခြေကျင်လှည့်လည် ဈေးရောင်းခဲ့သည့် အကျိုးအနေနှင့် ဆီးချို နှလုံး သွေးတိုးလည်း မရှိခဲ့။ ကျွန်တော် အခုနေတဲ့ လယ်ကွင်း အိမ်ကလေးကို ပြောင်းတော့ အမေကအသက်၉၀ စွန်းပါပြီ။

 

 

ကျွန်တော့် အိမ်လေးမှာ အမေက သိပ်ပျော်ရှာသည်။ အသက်၁၇နှစ် သမီးကတည်းက မန္တလေးမှာ အခြေချခဲ့ပေမယ့် ကိုယ်ပိုင်အိမ်ရာနှင့် မနေဖူးခဲ့လေတော့ အခုလို အစွန်အဖျား ရွံ့တော ဗွက်တော မီးမရှိ ရေမရှိ အိမ်ကလေးက ကိုယ်ပိုင်လေးမို့ အမေ့မှာ ပျော်နေရှာသည်။ မနက်လင်းတာနှင့် သူ့အခန်းလေးထဲက ထွက်လာလျှင် ကျွန်တော့်သားတွေက သူ့အမေကြီး (အဖွားကို အမေကြီးလို့ပဲ ခေါ်ကြ၏) ကိုတွဲပြီး အိမ်ရှေ့ သကြားပင် အရိပ်အောက် ခုံကလေးမှာ ပို့ပေးကြသည်။ ခုံလေးမှာ ထိုင်ရင်း ပုတီးစိပ်နေတာ..။ နေပူလာရင် အိမ်ထဲရွှေ့ပေးပြီး ကျွန်တော် ဖွင့်ထားတဲ့ ရေဒီယိုသံလေး နားထောင်၏။ အမေက ဇာတ်ကြိုက်သည်။ သီချင်းကြိုက်သည်။ လေဘာတီနှင့် ပဲခူးမြကြိုက်သည်။ မာမာအေးကြိုက်သည်။ မေဆွိကြိုက်သည်။ မင်းသားထဲက ရဲအောင် ကြိုက်သည်။ အသက်၉၀ကျော် အိပ်ရာထဲကနေ တီဗီက မေဆွိ သီချင်းသံကြားလျှင် မေဆိလားဟဲ့လို့ လှမ်းမေးတတ်သည်။

 

 

တကယ်တော့ အမေသည် အသက်ရာကျော် နေနိုင်လိမ့်ဦးမှာ သေချာသည်။ မီးမရှိ ရေမရှိ ကျွန်တော့် အိမ်လေးမှာ ပျော်နေတာ။ အိမ်ဘေး ရေကြည်မြောင်းလေး ဘေးက မြင်းခွာရွက်တွေ၊ အိမ်ခေါင်းရင်း ငှက်ပျောပင်က ဖီးကြမ်း ပင်မှည့်တွေ၊ တစ်ခြံကျော် ကိုအောင်သန်းခြံက က ခြံထွက်ကြက်ဥတွေ၊ တောင်ဘက် ဘိုင်ကြီးနှင့် အမီနာတို့ခြံက လတ်လတ်ဆတ်ဆတ် နွားနို့တွေ၊ မနက်လင်းရင် ရောက်လာသည့် အရှေ့တောက မျှစ်နှင့် ဟင်းသီးဟင်းရွက်၊ တောကြက်နှင့် လယ်ငါးလေးတွေကို သူကိုယ်တိုင် ဟင်းစီမံပြီးပျော်လို့ရွှင်လို့ ကျန်းမာလို့။ အခုတော့လေ..။

 

 

တစ်ချိန်က သန်မာခဲ့သည့် အမေ့လက်ကလေး
————————————————
ကျွန်တော်က အမေ့လက်လေးကို ကိုင်နေစဉ် အမေ သတိရလာသည်။ မျက်လုံးလေးလှန်ကြည့်သည်။ ကျွန်တော်က အမေ ကျွန်တော်ရှိတယ်နော်ဟု ဆိုတော့ မျက်လုံးကို အားယူကြည့်ပြန်သည်။ မမခင်ဝင်းက ကျော်ဆန်းလေ အမေ၊ ဘေးမှာရှိတယ်နော်ဟု ထပ်ပြောသည်။ ခဏနေတော့ ဒေါက်တာစောလှခိုင် က ဆိုင်ကယ်လေးနှင့် ရောက်လာကာ နားကျပ်ထောက် စမ်းသပ်ပြီး ကျွန်တော့်ကို အမေကြီး သက်သက်သာသာနဲ့ သူသွားလိုတာ သွားပါစေတော့၊ မီးစာကုန် ဆီခမ်းပြီပေါ့ ကိုဆူးရေဟု ပြောပြီး ကျွန်တော့်ကို တောင်းပန်ကာ ဆေးခန်းဖွင့်ဖို့ ပြန်ထွက်သွားသည်။

 

 

အရုဏ်တက် အုန်းမောင်းခေါက်သံနှင့် အတူ
———————————————
ကျွန်တော်လည်း အမေ့ဘေးပြန်ထိုင်၍ ရွှေစင်ဇော်ဝင်းကို မျက်ရိပ်မျက်ကဲပြပြီး ပရိတ်ရွတ်စေသည်။ ရွှေစင်တစ်လှည့် ကျွန်တော်တစ်လှည့် ပရိတ်ရွတ်လိုက်ကြတာ သန်းခေါင်ကျော် လင်းလုပြီ။ ဒီဇင်ဘာ၏ ရာသီဥတုက အစွမ်းပြနေပြီ။ အားလုံးမှာ ငြိမ်သက်တိတ်ဆိတ်လို့။ တစ်အိမ်လုံးကလည်း အမေ့ခုတင်လေးဘေးနှင့် အမေ့အခန်းပေါက်မှာ ငြိမ်သက်စွာ ထိုင်နေကြသည်။ ရွှေစင်ဇော်ဝင်း၏ ပရိတ်ရွတ်သံက ငြိမ်သက်မှုနှင့်အတူ နုညံ့နေ၏။ ကျွန်တော်က ရင်ဘတ်ပေါ် တင်ထားသည့် အမေံလက်လေးကို ကိုင်ထားရင်း မျှင်းမျှင်းမျှ အားယူ အသက်ရှူနေသည်။

 

 

သည်လိုနှင့် သရက်ကုန်းဘုန်းကြီးကျောင်းက အရုဏ်တက် အုန်းမောင်းခေါက်သံ သဲ့သဲ့ကြာရပေါ့၊ အုန်းမောင်းသံ တိတ်ချန် အမေလည်း မျှင်းမျှင်မျှ အသက်ရှူသံ ညင်သာစွာ ရပ်သွားပြီပေါ့။ ရွှေစင်က ပရိတ်ကို တစ်ပိုဒ်ဆုံးအောင ်ရွတ်လိုက်ပြီး ပရတ်စာအုပ်လေး ပိတ်ကာ ကျွန်တော့်ကို လှမ်းကြည့်သည်။ ကျွန်တော်က ခေါင်းရမ်းပြလိုက်ပြီး အမေ့လက်လေးကို ရင်ပတ်ပေါ် ၂ဖက်ယှက်၍ တင်ပေးလိုက်သည်။ ကျွန်တော်တို့ မငိုတော့ပါ။ အမေ့ကို သားတွေ သမီးတွေ ချွေးမနှင့် မြေးတွေ မြစ်တွေ အားရအောင် ပြုစုပြီးပါပြီ။ အထူးသဖြင့် အဘလိုပဲ အမေကလည်း ကျွန်တော့်လက်ပေါ်မှာပင် နောက်ဆုံးထွက်သက်ကို ပွေ့ပိုက်စေခဲ့ပြီ။ မမခင်ဝင်းကလည်း အမေ့ မျက်လုံး ရင်ပတ် လက်ကောက်ဝတ်တွေ စမ်းကြည့်ပြီး အမေမရှိတော့ဘူးဟု ပြောသည်။

 

 

အမေ့နာရေး ကိုယ်တိုင်ပဲ ပြင်ဆင်ခဲ့
————————————
သည်တော့ ကျွန်တော်က လုပ်စရာရှိတာတွေ လုပ်ဖို့ ခေါင်းထဲ အစီအစဉ်ချပြီး သားကြီး မောင်သူရိန်နှင့် တူမ၏သား ကျော်မင်းဦးတို့ ၂ယောက်ကို ခေါ်သည်။ အမေ့ခေါင်းရင်းမှာ လိပ်၍ထောင်ထားသည့် သင်ဖြူးဖျာလေးကို အိမ်မြောက်ဘက်ဘေး ငှက်ပျောပင်တွေကြားက မြေပြန့်လေးမှာ ခင်းစေသည်။ ထို့နောက် ကိုင်း မင်းတို့ အမေကြီးကို ရေချိုးပေးရအောင် မ ခဲ့ကြတော့ဟု ဆိုကာ ဖျာလေးပေါ်မှာပဲ အမေ့ကို ရေချိုးပေး လိုက်သည်။ ရေချိုးနေစဉ် မမခင်ဝင်း ခင်သော်ဇင်နှင့် ရွှေစင်တို့က အမေ့ခုတင်လေးကို ရှင်းလင်းပြီး အိမ်ရှေ့ ဘုရားစင်ဘေးမှာ ရွှေ့ခင်းပြီး မိုးရေးစောင်အသစ်၊ ခေါင်းအုံး အသစ်တွေ ခင်းသည်။

 

 

ထို့နောက် အမေ့ကို သုတ်သင်သန့်ရှင်းပြီး အမေ့ သံသေတ္တာလေးထဲက လည်ဂျာဂေါက်စင်း ရင်ဖုံးအင်္ကျီဖြူနှင့် ဇင်းမယ်လုံချည်လေးထုတ်ကာ ဝတ်ဆင်ပေး၍ ခုတင်လေးပေါ် ပြင်ဆင်ပေး လိုက်သည်။ ဆောင်းတွင်းမို့ မနက်၅နာရီက မှောင်နေဆဲပင်။ အားလုံးပြင်ဆင်ပြီးတော့ အိမ်ရှေ့ သကြားပင်လေးအောက် ရသမျှ ထင်းခြောက်များစုပြီး မီးဖို၍ မမခင်ဝင်းကို ခေါ်ပြီး “ ကျွန်တော်တို့ အမေ့အတွက် တာဝန်ကျေပါပြီ။ မနက်လင်းရင် ကျန်တဲ့ အစ်မ၃ယောက်နဲ့ အမျိုးတွေကို အသိပေးပါ့မယ်။ နာရေးကိစ္စကို ဒီနေ့ ညနေ ၃နာရီမှာပဲ ကိစ္စပြီးပါမယ်။ ဒါ ကျွန်တော့် ဆုံးဖြတ်ချက်ပါ။ အဲ့ဒါ မမကို ပထမဆုံး အသိပေးတာပါဟု ပြောပြီး မြောက်ဘက် အိမ်က အိပ်ရာထသံ ကြားမှ အကြောင်းကြားလို့ အန်တီစံက အံ့အားတသင့် ကူးလာကာ လိုအပ်သည်များ ဆောင်ရွက်ပေးသည်။

 

 

ထို့နောက် သူကပင် ကျန်အိမ်နီးချင်းများကို အကြောင်းကြားပေးသည်။ မနက်လင်းမှ အိမ်က ဆိုင်ကယ်လေးနှင့် သူရိန်နှင့် ကျော်မင်းဦးတို့က ကျန်အစ်မများနှင့် အမျိုးများကို အသိပေးရင်း လူထုတိုက်ဝင်ကာ ဖိတ်စာလေး စာစီရိုက်ခဲ့သည်။ မနက်လင်းလို့ မမတို့တတွေရောက်လာတော့ အိမ်မှာ အစစစီစဉ်ဆောင်ရွက်ပြီးစီးနေပါပြီ။ ကျွန်တော်က ညနေ ၃နာရီမှာပဲ ကိစ္စပြီးဖို့ စီစဉ်ပြီးပြီ၊ ၃ရက်မြောက်လျှင် ရက်လည်မည်။ ခဏနေလျှင် သရက်ကုန်းကျောင်းတိုက်က သံဃာ ၅ပါးပင့်ထားပြီး သရဏဂုံတေင်မည်။ ညနေ ၃နာရီတွင် (ထိုစဉ်က) ကြာနီကန်သုသာန်သို့ ပို့ဆောင်ဖို့ လူထုတိုက်ကတဆင့် အကြောင်းကြားပြီးပြီ၊ လိုက်ပါပို့ဆောင်မည့် သူများအတွက် ယဉ်ပျံအနောက်ပေါက် နဂါးကွက်သစ်ထိပ်ရှိ ကားပြာအသင်း ရုံးက ဘတ်စ်ကား ၃စီးလည်း ငှားပြီးပြီ။

 

အရေးကြီးသည့် သေစာရင်းအတွက် ဒေါက်တာစောလှခိုင်က သူကိုယ်တိုင် အမှတ်၃ရဲစခန်းရှေ့ရှိ ဒေသန္တရ ကျန်းမာရေးရုံးက လက်မှတ်ယူကာ ကိုသန်းဦးက စည်ပင် သုသာန်တာဝန်ခံ ကိုခင်မောင်ထွတ်ထံ မီးသင်္ဂြိုဟ် စာရင်းသွင်းပြီးပြီ။ နာရေးချတော့ လမ်းထိပ်ရေနီမြောင်းဘောင်က ဒေါက်တာ မောင်မောင်လွင် က စောင့်ပြီး ဗြဟ္မစိုရ်နာရေးယာဉ်ကို အိမ်သို့ လမ်းညွှန်ပေးသည်။ ကိုင်း.. မိခင်ကြီး ဒေါ်ချောရင် (အသက်၉၃နှစ်) က သူမျှော်လင့် ဝမ်းမြောက် ပျော်ရွှင်ခဲ့သော သရက်ကုန်းအိမ်လေးက ထာဝရခွဲခွာသွားခဲ့ပါပြီ။ ၂၀၀၃ခုနှစ်၊ ဒီဇင်ဘာ ၁၃ရက်နေ့ နံနက် ၄နာရီ ၁၅မိနစ်ကလေ။ တစ်ခုပဲ စိုးရိမ်တာက ဒို့မြေတွေ သိမ်းမှာတဲ့၊ အိမ်တွေ ဖျက်ရမှာတဲ့ဟူသော အစွဲကို တမလွန်မှာ ပါမသွားဖို့ပဲ ဖြစ်ပါ၏။ သူ့ခမျာ ၁၃၀၀ပြည့် အရေးတော်ပုံ မတိုင်ခင် ကတည်းက မန္တလေးရောက်လာပြီး ၁၃၆၂ ခုနှစ်ရောက်မှ ကိုယ်ပိုင်မြေ၊ ကိုယ်ပိုင်အိမ်လေးနှင့် နေခွင့်ရကာရှိသေး ၁၃၆၅ခုနှစ်တွင် သူ့မြေသိမ်း သူ့အိမ်ဖျက် ရမည်ဟူသည်က နောက်ဆုံးထွက်သက်အထိ ရင်ထဲထိ နင့်နေအောင် ခံစားရမှာက သေချာသည်။

 

တောသူ တောင်သားပေမယ့်
——————————-
မွေးသည်မှ စ၍ အသက် ၃၀အရွယ်အထိ အဘ အမေနှင့် အတူနေခဲ့ရသည်။ အသက်၃၀မှ ၄၅နှစ်အထိ အမေနှင့်နေခဲ့ရသည်။ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးကအစ မိဘ၂ပါးကပဲ ရှေ့ဆောင်ခဲ့သည်။ ကျွန်တော် အသက်၃၀အရွယ် (၁၉၈၈) တွင် အဘက ရုတ်တရက် ကွယ်လွန်ခဲ့ရာ ကျန်ရစ်သည့် အမေက ကျန်းကျန်းမာမာဖြင့် အိမ်၏ ပြုဖွယ်ကိစ္စများကို ဦးဆောင်ခဲ့ပြန်သည်။ ဥပမာ ဆိုပါတော့ သင်္ကြန်ကြိုအိုး ပြင်ဆင်တာ၊ အခါကြီးရက်ကြီးများတွင် ကုသိုလ်ကောင်းမှု ပြုတာ၊ သီတင်းကျွတ်လဆန်း ၁၄ရက်၊ လပြည့်နှင့် လပြည့်ကျော် ၁ရက်နေ့များတွင် ဆီမီးထွန်းညှိပူဇော်တာ၊ ထိုလပြည့်ကျော် ၁ရက်နေ့ တွင် ဘုရာမီးပူဇော်ရုံမက အိမ်ပေါက် အိမ်တွင်း ရေကန်ရေတွင်း၊ ဆန်အိုး မီးဖိုကအစ မီးထွန်းညှိတာ၊ တပိုတွဲလပြည့်နေ့နံနက်စောစော မီးပုံးထင်းနှင့် ထမနှဲ ဆွမ်းပူဇော်တာ စသည်တို့ ဖြစ်သည်။

 

သည်နေရာတွင် ကျွန်တော် သတိတရ ပြောပါဦးမည်။ အဘတို့ အမေတို့က တောသူတောင်သားဖြစ်ပေမယ့် ကိုကွယ်ရာအဖြစ် ဘုရားတရားသံဃာ ရတနာ၃ပါးပဲ ဖြစ်သည်။ အဘ၏ မိခင်ရင်းရော၊ မိခင်ဆုံပြီး မိထွေးရော ၂ယောက်စလုံးက က အလုံဘိုးဘိုးကြီး၏ နန်းရ နတ်ကတော်များ ဖြစ်ကြပြီး ပွဲတော်တွင် နန်းဦးမှာ ကနားတဲနန်း ရကြသော်လည်း ရွာရောက်မှ အိမ်နေရာရှိ နတ်စင်ကို သွား၍ အရိုအသေပေးတာ၊ တစ်နှစ်တစ်ခါ တပေါင်းလ ဘိုးဘိုးကြီးပွဲတွင် ရေစင်ဘိုး တစ်မတ်ဆက်ပြီး ရေစင် သောက်တာက လွဲလို့ သည်းသည်းလှုပ်မရှိခဲ့ပေ။ ကျွန်တော် ကိုယ်တိုင်ပင် အလုံဘိုးဘိုးကြီး ပွဲကို တစ်ခေါက်ပဲ ရောက်ဖူးသည်။ အရပ်ထဲ နတ်ကနား ရှိလျှင်သော်မှ ဆိုင်းဝါသနာပါလှသော အဘက သွားမကြည့်။ ကျွန်တော်တို့ သွားမော့လျှင်ပင် မကြိုက်ပေ။ စိုင်ပြွန်ဝင်းထဲနေစဉ်က အိမ်မှာ ဒုတိယ အစ်မအလတ်က အုန်းဆွဲသည်။ အစမှာတော့ အဘက ဘာမှမပြော။ အုန်းတစ်ကြိမ် လဲပြီးနောက် ဆွဲခွင့် မပြုတော့။ ဟေမာဇလရပ် အောင်ရတနာတိုက် ရောက်တော့လည်း တတိယ အစ်မက တိုက်အပေါ်ထပ် ဘုရားစင်ဘေးမှာ အုန်းဆွဲသည်။ ဘာမှ မကြာလိုက်၊ အဘက ဖြုတ်ခိုင်းတော့သည်။

 

ယောက်ျားသား အဘသာမဟုတ်၊ မိန်းမသား အမေကလည်း နတ်ကိစ္စ စိတ်မဝင်စားလှ။ နတ်ပွဲကိုလည်း ရတနာ့ဂူပွဲပဲ အပျော်သဘောသွားသည်။ ဒါလည်း အိမ်ကနေ လူစုပြီး လှည်းနှင့် တီးမှုတ် ကခုန် သွားကြ၊ တောင်သမန်အင်းထဲ ငှက်စီးကြတာ၊ မယ်ဇယ်ပင်တန်းမှာ ဝိုင်းဖွဲ့ ထမင်းစားကြတာ သဘောကျလို့ ဖြစ်မည်။ နန်နန်းကိုပင် ရောက်မှာ မဟုတ်ပေ။ ထို့ကြောင့် တောင်ပြုန်းပွဲကို အဘက သူတို့လည်းမသွား၊ ကျွန်တော်တို့ကိုလည်း ပို့မပေးခဲ့ပေ။ အတူနေ အစ်မတွေ အိမ်ထောင်ကျမှသာ သူတို့ သဘောနှင့် သွားလိုက သွားစေသည်။ ဘာမှ မပြောတော့။ ထို့ကြောင့် ကျွန်တော်လည်း အိမ်ထောင်ကျမှ ခင်သော်ဇင့် အမေကြီးနှင့် တောင်ပြုန်းပွဲကို ၁၉၈၃ခုနှစ်မှ စတင်ရောက်ဖူးခဲ့၏။ နောက် ဆရာစိန်ခင်မောင်ရီတို့ ဗွီဒီယိုရိုက်ကူးရေးအဖွဲ့နှင့် ၁၉၈၇ ခုနှစ်တွင် ဒုတိယအကြိမ် ရောက်ဖူးသည်။ ဒါပါပဲ နောက်ထပ် မရောက်ဖြစ်တော့။

 

 

ထို့ပြင် အဘတို့က ဗေဒင်ယတြာကိုလည်း ကဲလွန်း သည်းလွန်းမရှိကြ။ ရိုးရာအရ သားသမီးမွေးလျှင် ဗောဓိကုန်းက ဆရာကြီးဦးလှကြိုင်ထံ သွားပြီး ဇာတာရက်ချုပ် ပြုလုပ်ပေးသည်။ နောက်တော့ သားသမီးသာမက မြေတွေအထိ မွေးစာရင်း အချိန်ရသည်နှင့် ထီးကောက်ကြီး ပုခုံးချိတ်၍ ဦးလှကြိုင်ထံသွားတော့သည်။ ထို့ကြောင့် သူ့မြေးကြီးတွေမှာ အဘ လုပ်ပေးသော ဇာတာ ရက်ချုပ်တွေရှိသည်။ သူကိုယ်တိုင်ကလည်း ဗေဒင်အခြေခံလေးတွေ သိထားသောအခါ တော်ရုံ နေ့ကောင်းရက်သာကို သူကိုယ်တိုင်ပဲ ရွေးသည်။ ဒီလောက်ပါပဲ၊ ဗေဒင်အပေါ် အားမကိုးလှ။

 

အဘနှင့် အမေ မရှိကြသောအခါ
———————————–
အမေက သင်္ကြန်အကြိုတွင် အတာအိုးနှင့် အတာပန်း မမေ့မလျော့ ထိုးသည်။ အဘက သီတင်းကျွတ် မီးထွန်းပွဲတွင် ကိုယ်တိုင် မီးပုံးချိုး ကိုယ်တိုင် မီးကြာခွက်လုပ်၍ မီးပူဇော်သည်။ တပို့တွဲ လပြည့် အဖိတ်နေ့ညမှာ ထမနဲထိုးသည်။ အမေက တပို့တွဲလပြည့် အရုဏ်တက်တွင် ကိုယ်တိုင် ထ၍ ထမနှဲဆွမ်းနှင့် မီးပုံးထင်း ပူဇော်သည်။ ထိုပြုဖွယ်ကိစ္စများ အားလုံး အဘနှင့် အမေက ဦးဆောင်ကာ ကျွန်တော်တို့က နောက်လိုက်ပဲ ဖြစ်ခဲ့သည်။

 

 

အခု အဘရော အမေရောမရှိတော့။ အမေဆုံးပြီး ပထမဆုံးကြုံရသည့် တပို့တွဲလတွင် လပြည့်အဖိတ်နေ့ ရောက်သည်နှင့် လူထုတိုက်က အပြန် ၈၂လမ်း ကယ်လီကျောင်း အနောက်ဘက်က ဒေါ်ရှိဆိုင်က ထမနှဲ အစိတ်သား ၂ထုပ်ဝယ်သည်။ ထိုဆိုင်ကပဲ မီးပုံးထင်းနှင့် မြေစလောင်းတစ်ချပ် ဝယ်ခဲ့သည်။ အိမ်ရောက်တာနှင့် ထမနှဲ အစိတ်သား တစ်ထုပ်ကို မြောက်ဘက်အိမ် အန်တီစံကို ပေးလိုက်သည်။ ထို့နောက် နှိုးစက်ချထားပြီး မနက် ၄နာရီ အရုဏ်တက်တွင် ထမနှဲဆွမ်းကပ်ကာ မီးပုံးထင်းပူဇော်သည်။ ယခင် တလျှောက်လုံး အမေ ပြုလုပ်ခဲ့သည့် အလုပ်ကို အမေမရှိတော့လို့ ကျွန်တော် ပထမဆုံး ကုသိုလ် ပြုလုပ်ရသောအခါ အမေ့ကို သတိရပြီး မျက်ရည် တွေတွေ ကျခဲ့ပါ၏။ အခုထိ အိမ်မှာ အုန်းဆွဲတာ မရှိဘဲ သင်္ကြန်ကြိုအိုး၊ သီတင်းကျွတ် ဆီမီးပူဇော်၊ တပို့တွဲ ထမနှဲဆွမ်းနှင့် မီးပုံးထင်း ပူဇော်အမှုကိုတော့ အဘနှင့် အမေ့ကိုယ်စား နှစ်စဉ် မပျက်မကွက် ကျွန်တော်ဆောင်ရွက်ဆဲ ဖြစ်သည်။ ထို့အပြင် နတ်ပွဲကိုလည်း တောင်ပြုန်း မပြောပါနှင့် ရတနာ့ဂူပွဲ ကိုပင် မရောက်တော့။

 

 

ဒီနေရာမှာ နေကြတုန်းပဲကို၊ ပြောင်းသွားပြီမှတ်လို့
—————————————————–
ကျွန်တော်တို့ သရက်ကုန်း အိမ်မြေကိစ္စကတော့ သွေးအေး မသွားသေး။ အိမ်မှာ အရပ်ထဲမှာ ပုံမှန်အတိုင်း ဖြစ်သော်လည်း အပြင်ထွက်လိုက်တာနှင့် တစ်နေ့တစ်မျိုး သတင်းက မရိုးပေ။ ကျွန်တော်တို့ ထိုနေရာမှာ အခြေမပျက် ရှိနေဆဲ ဆိုတာကိုပင် အံ့အားသင့်နေကြသည်။ အခြားမပြောပါနှင့် အမေ့နာရေးကို လာမေး လာပို့ကြသည့် ဆွေရင်းမျိုးရင်း မိတ်ရင်းဆွေရင်းတွေကပင် “သြော်.. ဒီအိမ်မှာပဲ ဆုံးတာကိုး၊ ဒီမြေတွေ အသိမ်းခံရလို့ ဒီအိမ်က မရှိတော့ဘဲ အခြားတစ်နေရာ ပြောင်းသွားကြပြီလို့ ကြားနေတာ” ဟုချည်း ပြောကြသည်။ ကြာတော့ စေတနာလား ဝေဒနာလားပင် မခွဲခြားနိုင်တော့ပေ။

 

 

အသိပေး အကြောင်းကြားပါ့မယ်တဲ့
—————————————-
ရန်ကုန်က ဦးတက်တိုး၏ အကြောင်းကြားချက်အရတော့ ချိန်းထားသည့် တနင်္လာနေ့မှာပဲ ၈မိုင်ရုံးမှာ သူတို့ မင်းသား လက်ထဲ စာရောက်သွားသတဲ့။ အရေးတကြီး ကိစ္စရှိလာလို့ ချက်ချင်း ပြန်ထွက်သွားသောကြောင့် လူချင်းတော့ တွေ့လိုက်ရပြီး စကားတော့ မပြောလိုက်ရဘူးတဲ့။ သို့သော် ရုံးမှာရှိနေသော သူ့ပီအက်စ်အို တစ်ဦးထံ သေချာ ပြောခဲ့သောကြောင့် အကြောင်းထူးပါက မန္တလေးရှိ သူတို့ လူတစ်ဦးထံမှတဆင့် ကျွန်တော်တို့ထံ အသိပေး ပါမယ်တဲ့။ ဦးတက်တိုးကလည်း ကျွန်တော်တို့ထံ အသိပေးမည့် လမ်းကြောင်းရှိပါတယ်။ ဘယ်လမ်းကြောင်း ဘယ်သူ ဆိုတာ သိစရာမလိုပါ။ စိတ်မပူပါနှင့်ဟု ဘုန်းကြီးကျောင်းကတဆင့် လှမ်းပြောထား၏။

 

 

ထို့ကြောင့် ကျွန်တော်ကလည်း စိတ်အေး စိတ်ချ မရသေးသော်လည်း စိတ်ပူသော်ငြား ပုံမှန်နေမြဲအတိုင်း နေမြဲ သွားမြဲ လာမြဲ ဖြစ်နေပါသည်။ တစ်ခုပါပဲ၊ အပြင်ရောက်တော့ အပြင်က သတင်းတွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရသလို အိမ်ပြန်ရောက်တော့ တွေ့နေ မြင်နေကျ အမေ့ကို မမြငရ်တော့တာ၊ အမေ့အသံ မကြားရတော့တာ နှင့် ကျွန်တော် စိုက်ပျိုး ပြုစုခဲ့သော အပင်လေးတွေ ရွက်စိမ်းဖားလာ ပွင့်ငုံဖူးလာ သီးကင်း ဝေဆာလာတာတွေ မြင်တွေ့ လာရသော်လည်း ထားရစ်ခဲ့ရမှာလား ဟူသော စိုးရိမ် သံသယဖြင့် အိမ်နေမပျော် ညအိပ်မပျော် ရက်များကား ရှည်လျားဆဲ ဖြစ်သည်။

 

ဆူးငှက်

Related posts

✕
VOM News

FREE
VIEW