ဂျွန်ဒျူဝီအတွေးအခေါ်၊ တရုတ်ပညာရေးနဲ့ မြန်မာပြည်အတွက် အတုယူစရာ

MT(VOM)
ဆရာကြီး John Dewey ရဲ့ “ပညာရေးဆိုတာ အနာဂတ်အတွက် ပြင်ဆင်တာမဟုတ်ဘူး၊ ဘဝကိုယ်တိုင်ဟာ ပညာရေးဖြစ်တယ်” ဆိုတဲ့ အယူအဆနဲ့ပဲ စလိုက်ရအောင်။ သူက စာအုပ်ထဲက သီအိုရီတွေကို ကျက်မှတ်နေတာထက် လက်တွေ့လုပ်ဆောင်ရင်း သင်ယူတဲ့ Learning by Doing နဲ့ လူ့အဖွဲ့အစည်းကို ပြုပြင်ပြောင်းလဲဖို့ အဓိကထားခဲ့တာပါ။
​၁၉၁၉ ကနေ ၁၉၂၁ ကြား Dewey တရုတ်ပြည်မှာ ဟောပြောပွဲတွေ လုပ်ခဲ့တုန်းက ဒီအတွေးအခေါ်ဟာ တရုတ်ပညာရှင်တွေကြား အတော်လေး လွှမ်းမိုးသွားခဲ့တယ်။ နောက်ပိုင်း မော်စီတုံးရဲ့ ပညာရေးအယူဝါဒပေါ်မှာပါ သွားသက်ရောက်တာတွေ့ရပါတယ်။ မော်စီတုံးက ပညာရေးဆိုတာ ရာထူးတက်ဖို့ မဟုတ်ဘူး၊ လူထုကြီးကို အကျိုးပြုရမယ်လို့ ယူဆခဲ့တာကိုး။ ဒါကြောင့် Dewey ရဲ့ လက်တွေ့သင်ယူရေးကို မာ့ခ်စ်ဝါဒနဲ့ ပေါင်းစပ်လိုက်ပြီး “စာတွေ့နဲ့ လက်တွေ့ ပေါင်းစပ်ရေး” ရယ်၊ “လုပ်အားပေးရင်း သင်ယူရေး” ဆိုပြီး ပြောင်းလဲကျင့်သုံးခဲ့ပါတယ်။ ဒါကြောင့်လည်း တရုတ်ပညာရေးဟာ စာအုပ်ထဲက အသိပညာသက်သက် မဟုတ်တော့ဘဲ တိုင်းပြည်ကို ခေတ်မီအောင် တည်ဆောက်တဲ့ အဓိကမောင်းနှင်အား ဖြစ်လာခဲ့တာပါ။
​၁၉၄၉ ကနေ ဒီနေ့အထိ တရုတ်ပညာရေးရဲ့ သမိုင်းဝင် အပြောင်းအလဲတွေကို အပိုင်းလိုက် ကြည့်ကြည့်ရအောင်။ ချန်ကေရှိတ်လက်အောက် ကနေ လွတ်မြောက်ပြီးနောက် ၁၉၄၉ ခုနှစ်ကနေ ၁၉၆၅ ခုနှစ်လောက်ထိ ဟာ ​စာတတ်မြောက်ရေးအဓိက ထားပြီး ဆိုဗီယက်ပုံစံ ပညာရေးစနစ် ပါပဲ။
၁၉၄၉ မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စတင်ထူထောင်တော့ လူဦးရေ ၈၀% နီးပါး စာမတတ်ကြပါဘူး။ ဒါကြောင့် ၁၉၅၀ ပြည့်နှစ်တွေမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စာတတ်မြောက်ရေး လှုပ်ရှားမှုကြီးတွေ လုပ်ခဲ့ရတယ်။ ရေးရလွယ်အောင် Simplified Chinese (စာလုံးရှင်းစနစ်) ကို စပြီးမိတ်ဆက်ပေးခဲ့ပါတယ်။ ၁၉၅၂ ကျတော့ တက္ကသိုလ်တွေကို ပြန်လည်ဖွဲ့စည်းပြီး ဆိုဗီယက်ပုံစံအတိုင်း အင်ဂျင်နီယာနဲ့ နည်းပညာအထူးပြု ကောလိပ်တွေကို သီးသန့်ခွဲထုတ်လိုက်ပါတယ်။ ဆင်းရဲသားနဲ့ လယ်သမား၊ အလုပ်သမားတွေရဲ့ သားသမီးတွေ ပညာသင်နိုင်အောင် စာသင်ကျောင်းတွေကို ကျေးလက်အထိ တိုးချဲ့ဖွင့်ပေးခဲ့ပါတယ်။
​ယဉ်ကျေးမှုတော်လှန်ရေး ကာလ ၁၉၆၆ လောက်ကနေ ၁၉၇၆ လောက်အထိကတော့ တရုတ်ပညာရေးဒီရေကျချိန် လို့တောင်ပြောရမှာပါ။
ယဉ်ကျေးမှုတော်လှန်ရေး ကာလမှာတော့ တက္ကသိုလ်ဝင်စာမေးပွဲ (Gaokao) ကို ဆိုင်းငံ့လိုက်ရပြီး တက္ကသိုလ်တွေ နှစ်ရှည်လများ ပိတ်ထားခဲ့ရပါတယ်။ စာပေအသိပညာထက် နိုင်ငံရေးအတွေးအခေါ်ကိုပဲ ဦးစားပေးခဲ့တာကြောင့် ပညာရှင်တွေ၊ ဆရာ/ဆရာမတွေနဲ့ လူငယ်တွေကို ကျေးလက်စေလွှတ်ပြီး လုပ်အားပေးခိုင်းခဲ့တယ်။ ကျောင်းသားတွေ သင်ရိုးအပြည့်အဝ မသင်ရဘဲ အယူဝါဒရေးရာတွေကိုပဲ သင်ခဲ့ရလို့ ဆယ်စုနှစ်တစ်ခုစာ ပညာတတ်အရင်းအမြစ်တွေ အများကြီး ဆုံးရှုံးခဲ့ရပါတယ်။ကျနော်တို့ နိုင်ငံမှာ ၂၀၂၁ နိုင်ငံရေးအပြောင်းအလဲ ကာလကနေ ၂၀၂၆ အထိ မပြီးစီးသေးတဲ့ ပညာရေး CDM တွေ နဲ့ Non-CDM ဆိုတာတွေကြား နိုင်ငံရေးမုန်တိုင်းကြောင့် ပညာတတ်အရင်းအမြစ်တွေ ဆုံးရှုံးနေတာဟာ ယဉ်ကျေးမှုတော်လှန်ရေးကာလ တရုတ်ပြည်နဲ့ နှိုင်းယှဉ်ရင် ဆိုးလှပြီလို့ မဆိုနိုင်သေးပါဘူး။ တရုတ်ပြည်မှာ ဒီဆုံးရှုံးမှုကို ဘယ်လို ကုသ ခဲ့သလဲ ၊ကျနော်တို့ ဘာတွေ သင်ခန်းစာယူမလဲဆက်လေ့လာကြည့်ရအောင်ပါ။
၁၉၇၇ ခုနှစ် လောက်ကနေ ၁၉၈၉ ခုနှစ်လောက်ထိကတော့ တရုတ်ပညာရေး ဒီရေမြင့်သစ်ပါပဲ။
၁၉၇၇ ဒီဇင်ဘာမှာ တိန့်ရှောင်ဖိန်ရဲ့ ဦးဆောင်မှုနဲ့ Gaokao စာမေးပွဲကို ၁၁ နှစ်အကြာမှာ ပြန်ကျင်းပခဲ့ပါတယ်။ လူငယ် ၅.၇ သန်းကျော် ဖြေဆိုခဲ့ကြပြီး ပညာရေး ပြန်ဦးမော့ဖို့ လမ်းပွင့်သွားတာပါ။
လေးမျိုးခေတ်မီရေး (Four Modernizations) မူဝါဒအရ သိပ္ပံနဲ့ နည်းပညာကို အဓိကထားပြီး ပညာရှင်တွေကို နေရာမှန် ပြန်ပေးခဲ့တယ်။ ၁၉၈၅ မှာ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး ဆုံးဖြတ်ချက်ချခဲ့သလို ၁၉၈၆ မှာတော့ ၉ နှစ်တာ မဖြစ်မနေ အခမဲ့ ပညာသင်ယူရေး ဥပဒေ ကို ပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။
၁၉၉၀ နောက်ပိုင်းမှာ တရုတ်ပြည်ဟာ ကမ္ဘာ့အဆင့်မီ ပညာရေးဆီ ဦးတည်လာခဲ့ပါတယ်။၁၉၉၃ မှာ Project 211 (၂၁ ရာစုအတွက် ထိပ်တန်း တက္ကသိုလ် ၁၀၀) နဲ့ ၁၉၉၈ မှာ Project 985 တို့ကို စတင်ခဲ့ပါတယ်။ ဘတ်ဂျက်မြောက်မြားစွာ သုံးပြီး တက္ကသိုလ်တွေနဲ့ သုတေသနဌာနတွေကို ကမ္ဘာ့အဆင့်မီအောင် မြှင့်တင်ခဲ့တာပါ။ ကျောင်းသားတွေနဲ့ သုတေသီတွေကို အနောက်နိုင်ငံတွေဆီ စေလွှတ်သင်ယူစေခဲ့သလို နိုင်ငံတကာ နည်းပညာတွေကိုလည်း ကူးယူပေါင်းစပ်ခဲ့တယ်။ ၂၀၁၅ နောက်ပိုင်းမှာတော့ Peking နဲ့ Tsinghua စတဲ့ တက္ကသိုလ်တွေဟာ ကမ္ဘာ့ထိပ်တန်း စာရင်းဝင် ဖြစ်လာခဲ့တာ တွေ့ရပါတယ်။
​နည်းပညာနဲ့ AI ခေတ်ပြိုင် ပညာရေး ဒီရေမြင့်သစ် ကာလကတော့ ၂၀၁၆ ခုနှစ် ကနေ အခု ၂၀၂၆ ခုနှစ်ကြားကာလပါပဲ။၂၀၁၅ မှာ Double First-Class Initiative ကို စတင်ပြီး သုတေသနကဏ္ဍကို အရှိန်မြှင့်ခဲ့ပါတယ်။ ကျောင်းသားတွေရဲ့ ဖိအားနဲ့ ကျူရှင်စရိတ် လျှော့ချဖို့ ၂၀၂၁ မှာ Double Reduction Policy ကို ပြဋ္ဌာန်းပြီး ပုဂ္ဂလိကကျူရှင်တွေကို ထိန်းချုပ်ကာ ကျောင်းတွင်း အရည်အသွေးကို မြှင့်ပေးခဲ့တယ်။ ဒီနေ့ခေတ်မှာတော့ AI စနစ်တွေ၊ Smart Classroom တွေနဲ့ STEM ပညာရေးကို အခြေခံကျောင်းတွေအထိ ထည့်သွင်းပေးထားပြီး ကျေးလက်နဲ့ မြို့ပြ ကွာဟမှုကို ဒစ်ဂျစ်တယ်စနစ်နဲ့ ပေါင်းကူးပေးနေပါပြီ။
​တရုတ်ပြည်ရဲ့ ပညာရေးစနစ်ဟာ လူဦးရေအများဆုံး တိုင်းပြည်တစ်ခုကို စာမတတ်သူဘဝကနေ ကမ္ဘာ့နည်းပညာနဲ့ သုတေသန ထိပ်သီးနိုင်ငံဖြစ်အောင် ပြောင်းလဲပေးနိုင်ခဲ့တာပါ။ ဆင်းရဲနွမ်းပါးတဲ့ ဒေသတွေအထိ ပညာရေး တန်းတူညီမျှခွင့် ရအောင် လုပ်နိုင်ခဲ့တာ၊ သုတေသနနဲ့ နည်းပညာမှာ ဘတ်ဂျက်အမြောက်အမြား ရင်းနှီးမြှုပ်နှံပြီး မူပိုင်ခွင့်တွေနဲ့ စာတမ်းတွေမှာ ကမ္ဘာ့ထိပ်တန်း ရောက်လာတာ၊ ကျောင်းသားတွေရဲ့ စာရိတ္တ၊ အနုပညာ၊ အားကစားနဲ့ နည်းပညာ ဖွံ့ဖြိုးရေးအတွက် မူဝါဒတွေကို ခေတ်နဲ့အညီ အမြဲမပြတ် ပြုပြင်ပြောင်းလဲနိုင်တာတွေဟာ သူတို့ရဲ့ အဓိက အားသာချက်တွေပါပဲ။
တရုတ်ပညာရေး ကိုလေ့လာခြင်း ကနေ ကျနော်တို့​မြန်မာနိုင်ငံအတွက် ရယူနိုင်တဲ့ သင်ခန်းစာတွေ ရှိပါတယ်။​လက်တွေ့နဲ့ သီအိုရီ ပေါင်းစပ်ရေး ဟာ မြန်မာ့ပညာရေးရဲ့ အဓိက ဟာကွက်ကြီးပါ။ စာအုပ်ထဲက သီအိုရီတွေကို ကျက်မှတ်တဲ့ စနစ်ထက် ဘဝနဲ့ လက်တွေ့အလုပ်အကိုင်ကို အထောက်အကူပြုမယ့် Learning by Doing စနစ်ကို ဦးတည်ရပါမယ်။
​အခြေခံပညာရေးကို မဖြစ်မနေ (အမှန်တကယ်)အခမဲ့ သင်ယူခွင့် ရှိဖို့လိုပါတယ်။တိုင်းပြည် အမှန်တကယ် တိုးတက်ဖို့အတွက် ကျေးလက်နဲ့ မြို့ပြ ကွာဟချက်မရှိဘဲ ကလေးတိုင်း အနည်းဆုံး အခြေခံပညာကို မဖြစ်မနေ အခမဲ့ သင်ယူခွင့် ရဖို့ လိုပါတယ်။ ကိုယ်ပိုင်နဲ့ ပုဂ္ဂလိကကျောင်းတွေမှာ တက်ရောက်နိုင်တဲ့ လူ့မလိုင် လူတန်းစားထက် အစိုးရကျောင်းတွေမှာပဲတက်ရောက်နေကြရတဲ့ သာမန်လူတန်းစားမိသားစုတွေရဲ့ ကလေးတွေ ရဲ့ပညာရေး ဟာ တိုင်းပြည်ရဲ့ ပနာဂါတ်အစစ်ပါ။ ဒါကြောင့် အစိုးရကျောင်းတွေ အားကောင်းဖို့လိုပါတယ်။ အစိုးရကျောင်းတွေမှာ သိပ္ပံလက်တွေ့နဲ့ ဘာသာစကားသင်ကြားရေး အဆင့်အတန်းမြင့်မားဖို့ကို နိုင်ငံတော်အဆင့်ထောက်ပံ့ပေးဖို့လိုပါတယ်။ အစိုးရကျောင်း ဆရာ၊ဆရာမတွေရဲ့ လုပ်ခလစာမြင့်မားမှသာ အရည်အချင်းရှိတဲ့ ကလေးတွေ ဟာ အနာဂါတ်အာမခံချက်ခိုင်မာတဲ့ဆရာ၊ဆရာမ ဘဝ ကို ရွေးချယ်လာမှာပါ။ အစိုးရကျောင်း ဆရာ၊ဆရာမတွေအတွက် စဉ်ဆက်မပြတ် အရည်အသွေးမြှင့်တင်ရေးစီမံချက်တွေကို အပြောမဟုတ်အလုပ်နဲ့သက်သေပြဖို့လိုပါတယ်။နိုင်ငံရေး အစွဲအလန်း အဟန့်အတားတွေထက် ပညာရှင်တွေ၊ စာပေနဲ့ နည်းပညာဆိုင်ရာ အရည်အချင်းရှိသူတွေကို နေရာမှန်ပေးပြီး ဘတ်ဂျက် စနစ်တကျ ရင်းနှီးမြှုပ်နှံရပါမယ်။
​ ခေတ်သစ် အသိပညာဖြစ်တဲ့ AI၊ နည်းပညာနဲ့ STEM သင်ရိုးတွေကို အခြေခံပညာကစပြီး ထည့်သွင်းပေးခြင်းအားဖြင့် အနာဂတ်မျိုးဆက်တွေကို ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်အောင် လေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်။
​အနှစ်ချုပ်ပြီးပြောရရင် မော်စီတုံးရဲ့ “အတိတ်ကို လက်ရှိအတွက် အကျိုးပြုစေဖို့နဲ့ အပြင်ကအရာတွေကို တရုတ်ပြည်အတွက် အသုံးချဖို့” ဆိုတဲ့ အတွေးအခေါ်အတိုင်းပဲ၊ တရုတ်နိုင်ငံဟာ မိမိတို့ရဲ့ သမိုင်းဆိုင်ရာ သင်ခန်းစာတွေကို နိုင်ငံတကာ နည်းပညာတွေနဲ့ ပေါင်းစပ်ပြီး ကိုယ်ပိုင်အခြေအနေနဲ့ ကိုက်ညီအောင် သုံးခဲ့လို့ အခုလို ခေတ်သစ်ကို ရောက်လာတာ ဖြစ်ပါတယ်။ အဲ့ဒီလိုပဲ မြန်မာနိုင်ငံအနေနဲ့လည်း ကမ္ဘာ့အဆင့်မီ စနစ်တွေကို လေ့လာအတုယူရင်း မိမိတို့ လူ့အဖွဲ့အစည်းရဲ့ ပကတိလိုအပ်ချက်တွေနဲ့ ပေါင်းစပ်ကာ ရေရှည်ခိုင်မာမယ့် ပညာရေးပြုပြင်ပြောင်းလဲမှုကို မဖြစ်မနေ ဖော်ဆောင်သွားရမှာ ဖြစ်ပါတယ်။
မဖြစ်မနေလိုအပ်တာတစ်ခုတော့ရှိပါတယ်။ အဲ့ဒါကတော့ တိုင်းပြည်ကို ဦးဆောင်နေတဲ့ နိုင်ငံရေးသမားတွေရဲ့ တိုင်းပြည် နဲ့ အနာဂါတ်မျိုးဆက်တွေအပေါ်ထားတဲ့စေတနာပါပဲ။ တိုင်းပြည်ကို အုပ်ချုပ်မင်းလုပ်နေတဲ့အစိုးရမင်းတွေရော၊ အတိုက်အခံတွေရော ပြောလေ့ရှိတာက တိုင်းပြည်အတွက် ပြည်သူလူထုအတွက် သူတို့ အလုပ်လုပ်နေကြတယ်ဆိုတဲ့စကားပါပဲ။ဒီနေ့နိုင်ငံရေးသမားတွေမှာတိုင်းပြည်နဲ့ နောက်မျိုးဆက်အတွက် စေတနာဘယ်လောက်ပါသလဲဆိုတာ အနာဂါတ်တိုင်းပြည်အခြေအနေက သက်သေပြပါလိမ့်မယ်။ ဥက္ကဌမော်တို့၊တိန့်ရှောင်ဖိန်တို့ရဲ့ ခေါင်းဆောင်မှု တွေဟာ နိုင်ငံရေး တစ်ရာ ရာခိုင်နှုန်းမှန်ကန်ချင်မှ မှန်ကန်ခဲ့ပါလိမ့်မယ်။သို့ပေတဲ့ သူတို့အနေနဲ့ တရုတ်ပြည်ကြီးအပေါ်ထားခဲ့တဲ့စေတနာ ဘယ်လောက်မှန်ခဲ့တယ်ဆိုတာကိုတော့ ခေတ်သစ်တရုတ်ပြည်ရဲ့ ပညာရေးတိုးတက်မှုကသက်သေပြနေပါပြီလို့ရေးသားလိုက်ရပါတယ်။
MT(VOM)

Related posts

VOM News

FREE
VIEW