နောင်ချို တောင်ခမ်းအနီး နားရှိုးရွာမှာ တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးကျလို့ နေအိမ်တွေ ထိခိုက်

ဩဂုတ် ၂၁၊ ၂၀၂၄
Shy V (VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ တောင်ရှည် ကျေးရွာအုပ်စု၊ တောင်ခမ်းအနီး နားရှိုးရွာမှာ TNLA ပူးပေါင်း တပ်ဖွဲ့တွေနဲ့ နစက တပ်ဖွဲ့ တို့အကြား တိုက်ပွဲပြင်းထန်နေပြီး နားရှိုးမှာ လက်နက်ကြီးကျလို့ နေအိမ်တွေ ထိခိုက်ပျက်စီး သွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“နောင်ချို နားရှိုးရွာမှာ ဒီမနက်က ပစ်ခတ်နေတာ။ တောင်ခမ်းနဲ့နီးတယ်။ လူတော့မသိသေးဘူး။ အိမ်တွေတော့ ထိသွားတယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။
တိုက်ပွဲက ဒီ မနက်မှ ပိုပြင်းထန်လာပြီး နားရှိုးရွာထဲ လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲတာလို့သူက ပြောပါတယ်။
မဲပုတ်၊ နောင်ဇင်၊ နောင်ချိုလေး ရွာတွေဘက်က ဒေသခံတွေက ဉာဏ်တောရွာဘက် ထွက်ပြေး တိမ်းရှောင်နေကြရပြီး မက်လွတ်ရွာခံတွေလည်း တိုက်ပွဲ ဘေးလွတ်ရာ တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။
နောင်ချို တောင်ခမ်းအနီးက ရွာတွေမှာ လက်နက်ကြီးဆင်ပြီး အမြှောက်တပ်ကို တိုက်ဖို့ ပြင်နေတဲ့ TNLA နဲ့ PDF အဖွဲ့တွေကို လှုပ်ရှားတပ်တွေ ဝိုင်းဝန်းတိုက်ခိုက်နေပြီး ဒီမနက်မှာ တိုက်ပွဲပြင်းထန်နေတယ်လို့ နစက နဲ့ နီးစပ်သူတွေက ပြောပါတယ်။
တောင်ခမ်း လေကြောင်းရန်ကာကွယ်ရေး အမြှောက်တပ်မက TNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ဒရုန်းတွေကို ဩဂုတ်လ ၁၈ ရက်နေ့က လေယဉ်ပစ် စက်အမြှောက်နဲ့ ပစ်ချနေတာ ရှိကြောင်း TNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
လက်ရှိမှာတော့ TNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက နောင်ချို တောင်ခမ်းဘက် စစ်မျက်နှာ တခု ဖွင့်နေပြီး နောင်ချို တောင်ခမ်း အမြှောက် စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် မစခ – ၉၀၂ ကို ထိုးစစ်ဆင်နေတာ ဖြစ်ကြောင်း သိရပါတယ်။
သီပေါမှာတော့ တိုက်ပွဲကာလ အတွင်း ဩဂုတ်လ ၁၆ ရက်နေ့အထိ လက်နက်ကြီးနဲ့ လေကြောင်း ဗုံးကြောင့် အရပ်သားပြည်သူ ၁၅ ယောက် သေဆုံးခဲ့ပြီ ဖြစ်ပြီး ၄၈ ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း ကူညီ နေသူတွေဆီက သိရပါတယ်။
TNLA ရဲ့ သတင်းနဲ့ ပြန်ကြားရေး ဌာနကတော့ သီပေါမြို့မှာ ဩဂုတ်လ ၁ ရက်နေ့ကစ ဩဂုတ်လ ၁၉ ရက်နေ့ အထိ လေကြောင်းနဲ့ လက်နက်ကီ့း ပစ်ခတ်မှုကြောင့် အရပ်သား ၁၄ ဦး သေဆုံးပြီး ၄၂ ဦး ထိခိုက် ဒဏ်ရာရကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
နမ့်လန် အနီးနားဘက်တွေမှာလည်း စစ်ရေး တင်းမာနေဆဲ ဖြစ်ပြီး ကျောက်မဲ နဲ့ လားရှိုး မြို့တွေမှာတော့ လက်ရှိ တည်ငြိမ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့ကစ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြောက်ပိုင်းမဟာမိတ် ညီနောင် ပူးပေါင်း တပ်ဖွဲတွေက ဒုတိယ အကျော့ ၁၀၂၇ စစ်ဆင်ရေး ပြန်လည် စတင်နေတာ ဖြစ်ပါတယ်။
Video, Photo Crd# ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW