ဗဟိုဘဏ်က ဒေါ်လာတွေ ထုတ်ရောင်းနေပေမယ့် ဈေးကွက်လိုအပ်ချက် မဖြည့်နိုင်သေး

ဩဂုတ် ၂၂ – ၂၀၂၄
SS (VOM)
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အမေရိကန်ဒေါ်လာတွေ ထုတ်ရောင်းပေးနေပေမယ့် ပြင်ပဈေးကွက်အပေါ် တစုံတရာ သက်ရောက်မှုမရှိဘဲ ဒေါ်လာဈေး ကျပ် ၆၀၀၀ အထက် မြင့်တက်နေဆဲဖြစ်တယ်လို့ နိုင်ငံခြားငွေကြေး ရောင်းဝယ်နေသူတွေဆီက သိရပါတယ်။
ဗဟိုဘဏ်အနေနဲ့ စက်သုံးဆီလုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာ သန်း ၁၀၀ ပံ့ပို့ပေးဖို့ စီစဉ်ထားတယ်လို့ ပြီးခဲ့တဲ့ ဩဂုတ် ၁၄ ရက်က ထုတ်ပြန်ကြေညာပြီးနောက် ငွေလဲလှယ်နှုန်း ၃၄၁၀ ကျပ်နဲ့ အမေရိကန်ဒေါ်လာ သန်း ၁၀၀ နီးပါးကို ဩဂုတ် ၁၅ ရက်နဲ့ ၁၉ ရက်နေ့တွေက ထုတ်ရောင်းခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါပေမယ့် ပြင်ပ ငွေလဲဈေးကွက်အတွင်းမှာတော့ အမေရိကန်ဒေါ်လာဈေးတွေ မြင့်တက်နေဆဲဖြစ်ပြီး ဒီကနေ့ ဩဂုတ် ၂၂ ရက်မှာတော့ တဒေါ်လာ ၆၁၀၀ ကျပ်ဝန်းကျင်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။
“ဗဟိုဘဏ်ကသာ ဒေါ်လာတွေ ဆက်တိုက် ရောင်းချပေးနေတယ်ပြောတာ။ ဈေးကတော့ ကျမသွားဘဲ တင်းခံနေတယ်။ ရောင်းတာ၊ ဝယ်တာတွေက ပွင့်လင်းမြင်သာမှု ရှိဖို့လိုတယ်။ တကယ် လိုအပ်နေတဲ့သူတွေဆီကို တိုက်ရိုက်ရောက်သလား၊ မရောက်သလားလည်း မသိရဘူး။ တကယ်ဆိုရင် ဈေးက ကျကို ကျရမှာလေ။ အခုက မကျဘဲ ၆၀၀၀ ကျော်မှာပဲ နေမြဲဖြစ်နေတယ်” လို့ နိုင်ငံခြားငွေကြေး ရောင်းဝယ်သူတယောက်က ပြောပါတယ်။
စက်သုံးဆီ ဖြန့်ဖြူးရောင်းချနေတဲ့ လုပ်ငန်းရှင်တွေကတော့ ဗဟိုဘဏ်က ရောင်းချပေးနေတဲ့ ဒေါ်လာဟာ လုံလောက်မှုမရှိသလို ခွဲတမ်းရရှိမှု နည်းပါးတဲ့ အခြေအနေဖြစ်တာကြောင့် လုပ်ငန်းရှင်အများစုဟာ အပြင် ဈေးကွက်ကိုသာ အားထားနေရတယ်လို့ ပြောဆိုကြပါတယ်။
“ဗဟိုဘဏ်ရဲ့ လုပ်ဆောင်ချက်တွေက လက်ရှိ အချိန်အထိတော့ ငွေကြေးဈေးကွက်အပေါ် ထိ‌‌ရောက်တဲ့ လုပ်ဆောင်ချက် မရှိသေးဘူး။ ခွဲတမ်းရတာလည်း နည်းတယ်။ လိုသလောက် မရဘူး။ ဈေးက တောက်လျှောက် ၆၀၀၀ အထက်မှာပဲ ရှိနေတာ။ ဩဂုတ် ၂၁ ရက်နေ့ တရက်ပဲ ၅၀၀၀ အောက် ရောက်တာ။ ကျန်တဲ့နေ့တွေ ၆၀၀၀ ကျော်မှာပဲ။ ဘာမှ ထူးခြားမလာသေးဘူး။ ဘာအကျိုးသက်ရောက်မှုမှ ရှိမလာသေးဘူး” လို့ စက်သုံးဆီ လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း မြန်မာကျပ်ငွေတန်ဖိုး တရိပ်ရိပ် ထိုးကျသွားခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ မတိုင်ခင်က တဒေါ်လာ ၁၅၀၀ ကျပ်အောက်မှာ ရှိခဲ့တဲ့ ကျပ်ငွေတန်ဖိုးဟာ သုံးနှစ်ခွဲအကြာ ဩဂုတ် ၁၃ ရက်နဲ့ ၁၄ ရက်နေ့တွေမှာ တဒေါ်လာကို ကျပ် ၇၀၀၀ ကျော်အထိ စံချိန်တင် မြင့်တက်သွားခဲ့ပြီး လက်ရှိမှာတော့ ကျပ် ၆၀၀၀ ကျော်ဝန်းကျင်ကို ရောက်ရှိနေတာဖြစ်ပါတယ်။
ငွေကြေးဈေးကွက် တည်ငြိမ်စေဖို့အတွက် ဗဟိုဘဏ်အနေနဲ့ ဒေါ်လာဝယ်ရောင်း လုပ်ကိုင်သူတွေနဲ့ ငွေလဲကောင်တာတွေကို စစ်ဆေး အရေးယူတာ၊ ဈေးနှုန်း ထိန်းချုပ်‌တာတွေ ကြပ်မတ် လုပ်ဆောင်ခဲ့ပေမယ့် ပြင်ပမှောင်ခိုဈေးကွက်ရဲ့ ငွေလဲနှုန်းကတော့ တရိပ်ရိပ်ထပ်တက်လာတဲ့ အနေအထားနဲ့ ကြုံနေရတာ ဖြစ်ပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW