မိုးကုတ်မှာ အေးချမ်းနေပေမယ့် တပိုင်တနိုင်ကျောက်တူးခွင့်မပြုသေးလို့ ဒေသခံတွေ အဆင်မပြေ

ဩဂုတ် ၂၇ – ၂၀၂၄
GG (VOM)
မိုးကုတ်မြို့မှာ တိုက်ပွဲတွေမရှိတော့ဘဲ အေးချမ်းနေပေမယ့် ကျောက်တူးဖော်ခြင်းတွေမရှိတာကြောင့် အလုပ်အကိုင်အခွင့်အလမ်းနည်းပြီး အခက်အခဲတွေကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးကုတ်ကို ထိန်းချုပ်ထားတဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PSLF/TNLAကတော့ မိုးကုတ်မြို့မှာ ဒေသခံ တွေ စားဝတ်နေရေး အဆင်ပြေဖို့အတွက် တပိုင်တနိုင် ကျောက်မျက်တူးဖော်မှု လုပ်ငန်းတွေ လုပ်ကိုင်ခွင့် ပြုဖို့ ဆောင်ရွက်နေတယ်လို့ ပြည်တွင်းမီဒီယာတချို့ကို ပြောဆိုထားပေမယ့် လက်ရှိမှာတော့ အကောင်ထည်ဖော်ဆောင်နိုင်ခြင်းမရှိသေးတာကြောင့် ဒေသခံတွေအခက်တွေ့နေရတာဖြစ်တယ်လို့ဆိုပါတယ်။
” သူတို့ကတော့ တပိုင်တနိုင်တွေခွင့်ပြုပေးမယ့်ပြောထားပေမယ့် ဘယ်တော့လဲဆိုတာမသိရသေးဘူး။အခုက မြို့က တိုက်ပွဲမရှိဘဲအေးချမ်းသွားတယ်ဆိုပေမယ့် အလုပ်ကမရှိဘူး။အလုပ်မရှိတော့ စားဝတ်နေရေးအဆင်မပြေဘူး။ကြာရင်ဒုက္ခရောက်မယ်။အဝေးမှာအလုပ်လုပ်နေတဲ် မိသားစုရှိသူတွေကတော့ ငွေတွေပို့ပေးနေကြရတယ်။ပို့ပေးမယ့်သူမရှိတဲ့ သူတွေကဒုက္ခရောက်ရတယ်။” လို့ မြို့ခံတယောက်ကပြောပါတယ်။
မိုးကုတ်မှာက ဘဏ်စနစ်တွေရပ်ဆိုင်းသွားတဲ့အပြင် Kpay နဲ့ Wave money ကနေငွေသွင်းငွေထုတ်လုပ်ကိုင်သူကလည်း နည်းပြီးငွေထုတ်ရအဆင်မပြေတာကြောင့် မိုးကုတ်ကို ပြေးဆွဲနေတဲ့ကားသမားတွေကနေတဆင့် ငွေလွှဲပို့နေကြရတယ်လို့ ဆိုပါတယ်။
ဒီလို ငွေပို့ဝန်ဆောင်ခအတွက် အခမဲ့ပို့ဆောင်ပေးသူရှိသလို စက်သုံးဆီကုန်ကျငွေအတွက် ၅၀၀၀ ကျပ်၊ ၃၀၀၀၀ ကျပ်ထိပေးရတာ လည်းရှိတယ်လို့ဒေသခံတွေက ဆိုပါတယ်။ ဒါအပြင် ငွေလွှဲပို့ပေးမယ်ဆိုပြီး အလိမ်ခံရတဲ့ဖြစ်စဥ်တွေလည်း များလာနေတယ်လို့သိရပါတယ်။
မိုးကုတ်မှာ တိုက်ပွဲတွေမရှိတော့တာကြောင့် မြို့ကိုဝင်ထွက်သွားလာခွင့် ရရှိနေပေမယ့် မိုးကုတ်နဲ့ပြင်ဦးလွင်လမ်းကနေ စားသောက်ကုန်၊ဆန်၊ဆေးဝါးတွေကို တရားဝင်သယ်ယူခွင့်မပြုတဲ့အတွက် အဝေးရောက်မိသားစုဝင်တွေဟာ မိုးကုတ်မြို့ကို ငွေသားကိုသာအဓိကပေးပို့နေကြရတာဖြစ်ပါတယ်။
” အလုပ်လေးရှိတယ်ဆိုရင်တော်သေးတာပေါ့။အလုပ်မရှိငွေပို့ပေးမယ့်သူမရှိဆိုတော့ ပိုပင်ပန်းတယ်လေ။အခုက စျေးတွေကလည်းမကျသေးတော့အဆင်မပြေဘူး။ဒီမှာကကျောက်တူးတာပဲအဓိကလုပ်ငန်းဆိုတော့ ဒါရှိမှပဲပြေမှာပါ။အမြန်ဆုံးခွင့်ပြုပေးစေချင်တယ်။” လို့ နောက်ထပ်ဒေသခံတယောက်ကပြောပါတယ်။
လက်ရှိမှာ TNLA က မိုးကုတ်မြို့ စီမံအုပ်ချုပ်ရေး ကော်မတီကို ဖွဲ့စည်းထားပြီး အုပ်ချုပ်ရေး ယန္တရားတွေ လည်ပတ်နိုင်ဖို့နဲ့ တရားဥပဒေ စိုးမိုးရေး လုပ်ငန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း၊ Non CDM ဝန်ထမ်းအားလုံးကိုတာဝန်ကနေရပ်နားပြီး အသစ်ဖွဲ့စည်းလုပ်ဆောင်နေတာဖြစ်တယ်လို့သိရပါတယ်။
မိုးကုတ်မြို့နယ်ကို ဇွန်လ ၂၅ ရက်မှာ TNLA ပူးပေါင်းတပ်တွေကစတင်တိုက်ခိုက်ခဲ့ပြီး ဇူလိုင် ၂၄ ရက်မှာတော့ မြို့ကိုအပြီးသတ်ထိန်းချုပ်နိုင်ခဲ့တာဖြစ်လို့ ခုဆိုရင် မိုးကုတ်ကိုထိန်းချုပ်ထားတာ အချိန်တလအထိရှိလာပြီဖြစ်ပါတယ်။
TNLA တပ်တွေကမြို့ကိုထိန်းချုပ်ပြီးချိန်ကစလို့ နစကတပ်နဲ့ TNLA အကြ ပစ်ခတ်မှုတွေရပ်တန့်သွားတာကြောင့် မြို့မှာ ပုံမှန်အတိုင်းသွားလာလည်ပတ်မှုရှိနေတဲ့အပြင် မြို့ကိုပါဝင်ထွက်ခွင့်ရရှိပေမယ့် စားသောက် ကုန်စျေးနူန်းကတော့ မြင့်နေဆဲဖြစ်တယ်လို့သိရပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW