ဩဂုတ် ၂၇ – ၂၀၂၄
SS (VOM)
လက်ရှိ တိုက်ပွဲတွေဖြစ်နေတဲ့ မန္တလေးတိုင်း၊ မတ္တရာမြို့ထဲမှာ စားသောက်ကုန် အပါအဝင် ကုန်ပစ္စည်း သယ်ယူခွင့်ကို နစက က သြဂုတ်လ ၂၅ ရက်နေ့က စလို့ တင်းကြပ်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကုန်တင်ကားတွေနဲ့ ခရီးသည်တင်ကားတွေကို မန္တလေး – မတ္တရာ ကားလမ်းတလျှောက်က စစ်ဆေးရေးဂိတ်တွေမှာ နစက က စစ်ဆေးမှုတွေ ပြုလုပ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
“လမ်းမှာတော့ အနည်းဆုံး လေး၊ ငါးဂိတ်ကနေ ခုနစ်ဂိတ်လောက်ရှိတယ်။ အစစ်အဆေးတွေက အရမ်းများတယ်။ သွားရလာရလည်း တအားကို ကြပ်လာတယ်။နယ်အလိုက် ထောက်ခံစာယူပြီးမှ သွားလာရတယ်။ ထောက်ခံစာထဲမှာ ဘယ်ပစ္စည်းတွေ ဝယ်ပါမယ်ဆိုတာ တခါတည်း ရေးရတယ်။ စာရင်းထဲမှာ ပစ္စည်း နှစ်မျိုးပဲဝယ်ဖို့ ရေးထားတယ်ဆို တခြားဟာတွေသယ်လာလို့ မရဘူး” လို့ ဒေသခံတယောက်က ပြောပါတယ်။
မန္တလေးတိုင်းအပြင် စစ်ကိုင်းတိုင်းအတွင်းမှာလည်း ခရီးသွားလာသူတွေကို အဝင်အထွက်ဂိတ်တွေမှာ စစ်ဆေးရေး တင်းကြပ်တာမျိုးနဲ့ လောင်စာဆီ သယ်ယူခွင့် ကန့်သတ် ပိတ်ပင်ထားတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
ဒါအပြင် မန္တလေးမြို့အထွက် ရွှေကျင်တိုးဂိတ်မှာလည်း စားသောက်ကုန်နဲ့ တခြားကုန်စည်ပစ္စည်းတွေ အပါအဝင် ဆေးဝါးနဲ့ကျန်းမာရေး စောင့်ရှောက်တဲ့ ပစ္စည်းမှန်သမျှကို သယ်ယူခွင့်မပေးတာကြောင့် မတ္တရာ၊ စဉ့်ကူး၊ ဝက်လက်၊ ရွှေဘိုနဲ့ ခင်ဦး စတဲ့မြို့နယ်တွေက ကျေးလက်ဒေသတွေအားလုံးမှာလည်း ကုန်စည် ပြတ်လပ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
မတ္တရာမြို့ဘက်တွေမှာ ကျန်းမာရေးအတွက် သာမန်ဖျားနာပျောက်ဆေးဖြစ်တဲ့ ပါရာစီတမောကိုသာ အားထားနေရပြီး အန်နာဗွန်ဆီ၊ ဆီးချိုဆေးနဲ့ တခြားထိုးဆေးတွေပါ သယ်မရတဲ့အထိဖြစ်နေတယ်လို့ သိရပါတယ်။
ဒါအပြင် မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအတွင်းက လက်နက်ကိုင်တပ်တွေ စိုးမိုးထားတဲ့ နယ်မြေတွေအတွင်း ပြေးဆွဲနေတဲ့ ကားတွေကိုလည်း နစက က နယ်မြေစာရင်းနဲ့ ကားဂိတ်တွေမှာ မကြာခဏ လာရောက်စစ်ဆေးတာတွေလည်း ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။
Photo:CJ
Related posts
-
ထိုင်းရှိ ဘုန်းကြီးကျောင်းမှာ လူသေအလောင်း ၄၀ ကျော်တွေ့ရှိမှု ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးနေ
ဘန်ကောက်၊ နိုဝင်ဘာ-၂၅-၂၀၂၄ ရတီ(VOM) ထိုင်းနိုင်ငံရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတခုမှ တရားအားထုတ်ရာမှာ အသုံးပြုတယ်လို့ယူဆရတဲ့ လူသေအလောင်း... -
လားရှိုးမြို့နယ် နမ့်ပေါင်ဘက် လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်
နိုဝင်ဘာ ၂၅၊ ၂၀၂၄Shy V VOMရှမ်းပြည်နယ် မြောက်ပိုင်း၊ MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့နယ်... -
အစ္စရေးကို ဟဇ်ဘိုလာအဖွဲ့က ဒုံးကျည် ၁၆၀ ကျော်နဲ့ လက်တုံ့ပြန် တိုက်ခိုက်
တဲလ်အဗစ်၊ နိုဝင်ဘာ-၂၅-၂၀၂၄မျိုးဆက်(VOM)လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာအဖွဲ့ဟာ အစ္စရေးဘက်ကို ဒုံးကျည်အစင်း ၁၆၀ ကျော်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က...