မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကလေးမြို့က နေအိမ်တွေ ရေမြုပ်၊ လူဦးရေ ၅၀၀၀ ကျော် ရေဘေးသင့်

ဩဂုတ် ၂၇ – ၂၀၂၄
SN (VOM)
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဩဂုတ်လ ၂၃ ရက်နေ့ကစပြီး မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် မြစ်ရေနဲ့ ချောင်းရေမြင့်တက်လာပြီး မြို့ထဲရှိ ရပ်ကွက်တချို့မှာ ရေကြီးရေလျှံမှုတွေ ရှိလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မိုးရွာသွန်းမှုကြောင့် ကလေးမြို့ရဲ့ မြေနိမ့်ပိုင်း ရပ်ကွက်တွေဖြစ်တဲ့ ညောင်ပင်သာ၊ မင်္ဂလာဥယျာဉ်၊ အောင်မေတ္တာ၊ အောင်မြေမာန်နဲ့ ချမ်းမြေ့အောင်စည် စတဲ့ ရပ်ကွက်တွေက နေအိမ်တွေ ရေနစ်မြုပ်နေတာဖြစ်ပြီး လူဦးရေ ၅၀၀၀ ကျော် ရေဘေးသင့်နေတယ်လို့ သိရပါတယ်။
“မိုးက ရွာလိုက်၊ ရပ်လိုက်နဲ့ ဆက်တိုက်ကို သည်းကြီးမည်းကြီး ရွာနေတာ။ ရေစတက်တာက မနေ့ ဩဂုတ် ၂၆ ရက်၊ မနက်ပိုင်းကမှ စတက်တာ။ ပစ္စည်းတွေအကုန် သိမ်းပြီး ပြောင်းရတာပေါ့။ ပြောင်းတယ်ဆိုတာကလည်း နီးစပ်ရာ ရေမတက်သေးတဲ့ နေရာတွေက အသိမိတ်ဆွေတွေ၊ အမျိုးအိမ်တွေ၊ အဲဒီလိုနေရာတွေဆီ ပြောင်းရတာ” လို့ အောင်မေတ္တာရပ်ကွက်မှ ဒေသခံတယောက်က ပြောပါတယ်။
လက်ရှိမှာ ဦးဗုဒ်ချောင်း၊ သံတံတားချောင်းနဲ့ နန်းကလိန်ချောင်းတွေက ချောင်းရေတွေ လျှံတက်နေတာဖြစ်ပြီး မိုးအဆက်မပြတ် ရွာသွန်းနေပါက အဲဒီ ချောင်းရေတွေအပြင် မြစ်သာမြစ်ရေပါ ထပ်မံ မြင့်တက်လာနိုင်ခြေရှိတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း ကလေးမြို့မှာ ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် အိမ်ထောင်စု ၃၇ စု ရေဘေးသင့်ခဲ့ရပြီး ရေဘေးကယ်ဆယ်ရေးစခန်း ၁၀ ခုထက်မနည်း ဖွင့်လှစ်ခဲ့ရတယ်လို့ သိရပါတယ်။
မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ မနေ့ သြဂုတ်လ ၂၆ ရက်ကစတင်ပြီး အခုရက်ပိုင်းအတွင်း ကလေးမြို့ အပါအဝင် စစ်ကိုင်းတိုင်း မုံရွာ၊ ဟုမ္မလင်း၊ ကလေးဝ၊ မင်းကင်းမြို့တွေမှာ မိုးရွာသွန်းမှု များနိုင်တယ်လို့ သိရပါတယ်။
ဒီကနေ့ ဩဂုတ် ၂၇ ရက်၊ ညနေပိုင်းအထိ ခန့်မှန်းချက်မှာတော့ မန္တလေးတိုင်းနဲ့ မကွေးတိုင်းတို့မှာ နေရာကွက်ကျား၊ စစ်ကိုင်းတိုင်း (အောက်ပိုင်း)၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) နဲ့ ကယားပြည်နယ်တို့မှာ နေရာကျဲကျဲ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း (အထက်ပိုင်း) နဲ့ ကချင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကာ ရွာရန်ရာနှုန်းပြည့် ဖြစ်တယ်လို့ သိရပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW