ဩဂုတ် ၂၉ – ၂၀၂၄
GG(VOM)
ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ (၃)ရပ်ကွက်၊ ဗဟိုလမ်း၊ လှည်းတန်းအနီး ဂုံးတံတားမှာ ယာဉ်တိုက်မှုဖြစ်ပြီး နှစ်ယောက်သေကာ သုံးယောက်ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့သိရပါတယ်။
ဖြစ်စဥ်က ဩဂုတ်လ ၂၈ ရက်နေ့ည ၁၁ နာရီလောက်မှာ အိမ်စီးကားအဖြူရောင်တစီးဟာ အရှိန်များပြီး ဂုံတံတားနံရံကိုဝင်တိုက်မိကာ နှစ်ယောက်ကနေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့သလိုဒဏ်ရာရသူတွေရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။
” ကားက Honda Fitအဖြူရောင် ပါ။ကျွန်တော်တို့ရောက်တော့ ကား အနောက်ခန်းမှာပါတဲ့လူ သုံးယောက်ထဲက တစ်ယောက်က ဇောက်ထိုးဖြစ်ပြီး သေနေပြီ ။ရှေ့ခေါင်းခန်းဒရိုင်ဘာဘေးက တစ်ယောက်ကလည်း ဆွဲထုတ်တော့ သေနေပြီ။ ကျန်သုံးယောက်ကလည်း သွေးတွေတအားထွက်နေတာတွေ့ရတယ်။ တံတားပေါ်မဟုတ်ဘူး။တံတားအောက် နံရံကိုတိုက်တာ။အသက်ရှင်တဲ့သူသုံးယောက်ကအရက်မူးနေကြတာ ။” လို့ ၃ ရပ်ကွက်နေထိုင်သူတယောက်က ပြောပါတယ်။
ယာဥ်တိုက်မှုကြောင့် သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာ ရရှိသူတွေက အမျိုးသားတွေချည်းဖြစ်ပြီး အားလုံးကို လူမှုကူညီရေး အသင်းတွေက ညတွင်းချင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့သိရပါတယ်။
ဩဂုတ်လ ၁၃ ရက်နေ့ကလည်း အလုံမြို့နယ် ၊အောက်ကြည့်မြင်တိုင်လမ်း၊ ဆင်မင်းစျေးမှတ်တိုင်မှာ ဘတ်စ်ကားစောင့်နေတဲ့ လူအုပ်ကို ကားတစီးကဝင်တိုက်ခဲ့ရာမှ ကားစောင့်နေသူ သုံးယောက်သေဆုံးခဲ့ပြီး လေးယောက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
ဩဂုတ်လ ၄ ရက်နေ့ညကလည်း ရန်ကုန် ၊မြောက်ဒဂုံမြို့နယ်မှာ ကားလမ်းမအလယ်မျဥ်းပေါ်တက်ပြီး အရက်စုသောက်တဲ့အမျိုးသားအဖွဲ့ ကားတိုက်ခံရပြီး တယောက်သေကာ နှစ်ယောက်ထိခိုက်ဒဏ်ရာရမှုရှိခဲ့ပါတယ်။
ဩဂုတ်လ ၂ ရက်နေ့ကလည်း လိူင်သာယာမြို့နယ်မှာ ဖယ်ရီကားတိမ်းမှောက်လို့ လူ ၆၀ ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဇူလိုင်လ ၂၅ ရက်နေ့ကလည်း မှော်ဘီမှာ ကားနှစ်စီးတိုက်မှုဖြစ်ပြီး နှစ်ယောက်သေကာ ခြောက်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
Photo:CJ
Related posts
-
လက်ဘနွန်မှာ ဆက်သွယ်ရေးစက်တွေ ဆက်တိုက်ပေါက်ကွဲလို့ လူ ၃၀၀၀ နီးပါးဒဏ်ရာရ၊ အစ္စရေး လက်ချက်လို့ စွပ်စွဲ
ဘေရွတ်၊ စက်တင်ဘာ-၁၈-၂၀၂၄ မျိုးဆက်(VOM) လက်ဘနွန်နိုင်ငံတဝန်းမှာ ကြိုးမဲ့စက်သွယ်ရေးစက် ပေဂျာတွေ တပြိုက်နက်တည်းလို ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တာကြောင့်... -
ပြည်ပရောက် အလုပ်သမားတွေရဲ့ လွှဲပို့ငွေစာရင်း မတင်ပြနိုင်တဲ့ အလုပ်အကိုင် အေဂျင်စီ ၁၅၀ နီးပါး အရေးယူခံရ
စက်တင်ဘာ ၁၈ – ၂၀၂၄SN (VOM)ပြည်ပရောက် အလုပ်သမားတွေရဲ့ မိသားစုဆီလွှဲပို့တဲ့ လစာငွေလွှဲစာရင်း တင်ပြနိုင်ခြင်းမရှိတဲ့... -
ရေဘေးအတွက် အိမ်အမိုးသွပ်တွေ ၄၀ ရာခိုင်နှုန်း စျေးလျှော့ရောင်းမယ်လို့ ဆောက်လုပ်ရေးအသင်းချုပ် ပြော
စက်တင်ဘာ ၁၈ ၊ ၂၀၂၄KH(VOM)ရေဘေးသင့်ဒေသတွေ ပြန်လည်ထူထောင်ရေး အထောက်အပံဖြစ်ဖို့ ရည်ရွယ်ပြီး မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ် (MCEF)...