ဂျိုးဘိုင်ဒင်နဲ့ ရှီကျင်းပင် လာမယ့်သီတင်းပတ်မှာ ထိပ်သီးဆွေးနွေးဖို့ရှိ



ဝါရှင်တန် ၊ ဩဂုတ်-၂၉-၂၀၂၄
မျိုးဆက်(VOM)

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တရုတ်သမ္မတရှီကျင်းပင်တို့ဟာ လာမယ့်သီတင်းပတ်မှာ တယ်လီဖုန်းနဲ့ ဆက်သွယ်ဆွေးနွေးဖို့ စီစဉ်နေတယ်လို့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေက အတည်ပြု ပြောဆိုပါတယ်။

အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီတို့ ပြီးခဲ့တဲ့ အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့တို့က ပေကျင်းမှာ ဆွေးနွေးပြီးနောက် နှစ်နိုင်ငံခေါင်းဆောင်တွေ ထိပ်သီးဆွေးနွေးမယ့် အစီအစဉ်ကို အိမ်ဖြူတော်က ထုတ်ပြန်လာတာပါ။

ဒါဟာ ဂျိုးဘိုင်ဒင်နဲ့ ရှီကျင်းပင်တို့အကြား ဧပြီလနောက်ပိုင်း ပထမဆုံးအကြိမ် ဆွေးနွေးဖို့ စီစဉ်နေတာလည်း ဖြစ်ပါတယ်။ နှစ်နိုင်ငံအကြား ပွင့်လင်းတဲ့ ဆက်သွယ်ရေးလမ်းကြောင်းကို ထိန်းသိမ်းဖို့ ဆက်လက်ကြိုးပမ်းအားထုတ်မှုတွေကို ကြိုဆိုတယ်လို့ ဂျိတ်ဆူလီဗန်နဲ့ ဝမ်ယီတို့က ဆွေးနွေးပွဲတွေအပြီးမှာ ပူးတွဲထုတ်ပြန်ထားပါတယ်။

နှစ်နိုင်ငံ စစ်တပ်အကြား ထိပ်တန်းပဂ္ဂိုဟ်တွေ အပြန်အလှန်ဆွေးနွေးမှုတွေ အပါအဝင် ပုံမှန်စစ်ဘက်ဆက်ဆံရေး ထားရှိရန်ကိုလည်း သဘောတူခဲ့ကြပါတယ်။ ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးဟာ အရေးကြီးကြောင်း ဂျိတ်ဆူလီဗန်က ဝမ်ယီကို ပြောဆိုခဲ့ပါတယ်။

ဒါအပြင် တောင်တရုတ်ပင်လယ်မှာ ဖြစ်ပွားနေတဲ့ တင်းမာမှုတွေအပေါ် စိုးရိမ်ပူပန်ကြောင်း အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က ဆိုပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝယ်ယီကတော့ ထိုင်ဝမ်ကို အမေရိကန်က လက်နက်မရောင်းဖို့နဲ့ တောင်တရုတ်ပင်လယ် နယ်မြေအငြင်းပွားမှုမှာ ဖိလစ်ပိုင်ကို မထောက်ခံဖို့ တိုက်တွန်းခဲ့ပါတယ်။

Ref:NHK
Photo:Financial Times

Related posts

Leave a Comment

VOM News

FREE
VIEW