ကန့်သတ်မှုအချို့ကြောင့် ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီအချို့ အခက်တွေ့



စက်တင်ဘာ ၁ – ၂၀၂၄
KG(VOM)

ကန့်သတ်မှုအချို့ကြောင့် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီအချို့ အခက်တွေ့လာရပြီး လုပ်ငန်းပိုင်းဆိုင်ရာမှာလည်းနှောင့်နှေးကြန့်ကြာမှုတွေရှိလာတယ်လို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေးဂျင့်လုပ်ငန်းများထံမှ သိရပါတယ်။

“အခုကပြည်ပထွက်ဖို့လွယ်လားဆိုတော့ PJ ဆိုရင်တော့ နည်းနည်းလေးပြောရဆိုရတာနည်းနည်းပါးပါး ရှိပါတယ်။PV နဲ့ကတော့နည်းနည်းထွက်လို့အဆင်ပြေနေသေးတယ်။ကိုယ့်လမ်းကြောင်းနဲ့ကိုယ်တော့ရသလိုထွက်ကြတာပါပဲ။လူငယ်အများစုကတော့ထွက်နေကြတယ်။ဟိုရောက်ရင်အလုပ်အကိုင်အခွင့်ကသူ့ဘာသာသူတော့ပွင့်သွားတာပဲလေ၊အခုကဘယ်လိုဖြစ်လဲဆိုတော့တချို့လူငယ်တွေကလည်းအားလုံးလုပ်ကိုင်ပြီးမှလေဆိပ်ရောက်မှပြန်လှည့်လာရမှာကိုကြောက်ကြတယ်။ပြောရရင်လုပ်ငန်းပိုင်းဆိုင်ရာလေးတွေမှာနှောင့်နှေးကြန့်မှုလေးတွေတော့ရှိလာပါတယ်။တချို့လည်းပြည်ပထွက်ဖို့တွေဝေသွားတာမျိုးရှိပါတယ်”လို့ ပြည်ပအလုပ်အကိုင် ရှာဖွေရေးလုပ်ငန်းလုပ်ကိုင်တဲ့ အေးဂျင့်တယောက်က လက်ရှိအနေအထားကို ပြောပြပါတယ်။

ယခုနှစ်ပိုင်းတွေအတွင်းမှာ ပြည်ပနိုင်ငံတွေက မြန်မာလုပ်သားတွေခေါ်ယူတဲ့ အလုပ်ခေါ်စာလက်ခံမှုယာယီ ရပ်ဆိုင်းလိုက်တဲ့ဖြစ်စဥ်တွေလည်း ရှိခဲ့ပြီး လက်ရှိမှာတော့ အလုပ်သမားဝန်ကြီးဌာနက စိစစ်ပြီးဖြစ်တဲ့အလုပ်ခေါ်စာတွေကိုတော့ သတ်မှတ်ထားတဲ့ လုပ်ငန်းစဉ်တွေအတိုင်း ဆက်လက်လုပ်ဆောင်ပေးနေတယ်လို့လည်း ထုတ်ပြန်မှုအချို့လည်းရှိနေခဲ့တာဖြစ်ပါတယ်။

ဒါအပြင် ပြည်တွင်းမှာအလုပ်အကိုင်အခွင့်အလမ်းရှားပါးလာမှုတွေကြောင့် မြန်မာအလုပ်သမားအများ စုဟာ ထိုင်း၊ကိုရီးယား၊မလေးရှား၊ဂျပန်နဲ့ စင်ကာပူနိုင်ငံတွေကိုသွားရောက်အလုပ်လုပ်ကိုင်နိုင်ဖို့ ကြိုးပမ်းနေကြတာလည်း ဖြစ်ပါတယ်။

“အခုကကိုရီးယားတို့ ဂျပန်တို့ထက် ထွက်လို့လွယ်တဲ့ အလုပ်ရဖို့လွယ်ကူတဲ့ မြန်မြန်ဆန်ဆန်ထွက်လို့ရတဲ့ စင်ကာပူတို့ UAE နိုင်ငံဘက်တို့ ထိုင်းတို့ကိုအသွားများပါတယ်။အသွားအများဆုံးကတော့ ထိုင်းနဲ့ စင်ကာပူပါပဲ။ စင်ကာပူကအလုပ်ရဖို့လွယ်တာပေါ့၊ကိုရီးယားတို့ဂျပန်တို့ကျတော့သွားဖို့အတွက်အချိန်စောင့်ဆိုင်းရတာတွေရှိပါတယ်”လို့ ပြည်ပထွက်ခွာဖို့ ကြိုးပမ်းနေတဲ့လူငယ်တယောက်က ပြောပါတယ်။

လက်ရှိမှာစင်ကာပူနိုင်ငံသို့ ထွက်ခွာအလုပ်လုပ်ကိုင်မည်ဆိုပါက အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေကိုပေးရတဲ့ဝန်ဆောင်ခက လူတယောက်ကို သိန်း(၁၀၀) အထက်မှာရှိနေတယ်လို့လည်း သိရပါတယ်။

“အခုဆိုကုန်ကျစရိတ်ကသိန်း ၁၀၀ လောက်ရှိပါမယ်။ လစာအတက်၊အကျပေါ်မူတည်ပြီးတော့သူကလစာ ဘယ်လောက်ပဲဖြစ်ဖြစ် ဝန်ဆောင်ခကနှစ်လခွဲယူမှာလေ။ ပျမ်းမျှကပြည်ပထွက်ခွာဖို့ဆိုရင် ၁၀၀ ဝန်းကျင်လောက်အထိကိုကုန်ကျစရိတ်ရှိနိုင်ပါတယ်”လို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေးဂျင့်တယောက်က ထပ်လောင်း ပြောပြပါတယ်။

ဒါပေမယ့်လည်း ယနေ့ကလမှာတော့ ကန့်သတ်မှုအချို့ကြောင့် လူငယ်အများစုပြည်ပထွက်ဖို့ အခက်တွေ့လာရပြီး ပြည်ပနိုင်ငံတွေမှာအလုပ်အကိုင်ရရှိဖို့ဆိုတာကလည်းပိုမိုခက်ခဲလာတယ်လို့ ပြည်ပနိုင်ငံတွေမှာအလုပ် အကိုင်ရရှိဖို့ ကြိုးပမ်းနေတဲ့လူငယ်တွေက ပြောပါတယ်။

“ဒီပြည်တွင်းမှာလည်းအလုပ်အကိုင်တွေကရှားလာတယ်။စား၀တ်နေရေးကလည်း ပိုကြပ်တည်းလာတယ်၊
အဲဒီတော့မိမိတ ို့မိသားစုစား၀တ်နေရေးအတွက ်ဟိုမှာအလုပ်အဆင်ပြေပြေ၊မပြေပြေသွားကြရတာပါပဲ။ မရမကထွက်နေကြတာပဲလေ။တချို့လည်းပြည်ပရောက်လို့အဆင်ပြေတာရှိသလို တချို့လည်းအဆင်မပြေဖြစ်ဘဝတွေပျက်ပြီး ဒီဘက်ကိုပြန်ရောက်လာကြတာရှိပါတယ်”လို့ အလုပ်အကိုင်ရှာဖွေရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်က ပြောပြပါတယ်။.

နောက်ဆုံးစာရင်းတွေအရ မြန်မာနိုင်ငံအတွင်းမှာ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ(၄၈၀)ခန့်ရှိ တယ်လို့လည်း သိရပါတယ်။

Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW