ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ ခရီးသည်တင်ကား မိုင်းခွဲခံရလို့ နှစ်ယောက်သေပြီး ငါးယောက်ဒဏ်ရာရ



စက်တင်ဘာ ၂ – ၂၀၂၄
GG (VOM)

မွန်ပြည်နယ် ၊ရန်ကုန် – မော်လမြိုင် ကားလမ်း၊သထုံမြို့နယ် ကမာစိုင်ရွာအနီးမှာ ခရီးသည်တင်ကားတစီး မိုင်းခွဲခံရပြီး နှစ်ယောက်သေဆုံးကာ ငါးယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

ဖြစ်စဉ်က စက်တင်ဘာလ ၁ရက်နေ့ ၊ ည ၈နရီခွဲအချိန်လောက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူတွေက ယာဥ်မောင်းအမျိုးသားနဲ့ ကားပေါ်ပါ ခရီးသွားအမျိုးသားတဖြစ်ကြောင်း ၊ထိခိုက်ဒဏ်ရာရသူတွေကလည်း ကားပေါ်လိုက်ပါလာတဲ့ ခရီးသည်အမျိုးသမီးငါးယောက် ဖြစ်တယ်လို့သိရပါတယ်။

” မနေ့ကညပိုင်း ဖြစ်တာ။ ညဘက်အဲဒီလမ်းက သွားလာလို့မကောင်းဘူး။ အရင်ကလည်း ပရဟိတကားတွေပစ်ခံရတာရှိတယ်။ အခုကတော့ခရီးသည်တင်ကားပေါ့။ နှစ်ယောက်သေတယ်။ဒဏ်ရာရသူတွေထဲမှာစိုးရိမ်ရသူလည်းရှိတယ်။ ကားက တောင်ပေါ်သားကားပါ။ အခုကတော့ရန်ကုန်ပြေးဆွဲတာ။” လို့ သထုံဒေသခံလူမှုကူညီရေးအသင်းဝင် တယောက်ကပြောပါတယ်။

အဆိုပါ ခရီးသည်တင်ကားပေါ်မှာကယာဥ်မောင်းအပါအဝင် ခရီးသည်စုစုပေါင်း ၁၃ ယောက်လိုက်ပါလာတာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေနဲ့ သေဆုံးသူတွေကိုတော့သထုံဆေးရုံကို ပို့ဆောင်ထားတယ်လို့သိရပါတယ်။

မတ်လ ၂၇ ရက်နေ့ညပိုင်းကလည်း ကမာဆိုင်ရွာအနီးမှာပဲ လူနာသယ်ဆောင်လာတဲ့ အကြင်နာတွဲလက် လူမှုရေးအသင်းရဲ့ လူနာတင်ယာဥ်တစီး ပစ်ခတ်ခံခဲ့ရပြီး ကားပေါ်ပါသူတွေထဲက နှစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

၂၀၂၃ ဩဂုတ်လထဲမှာလည်း မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရန်ကုန်-မော်လမြိုင်လမ်း၊ဝင်းပြန်ရွာအနီးမှာ ကျိုက်ထိုတောင်တန်းမေတ္တာလူမှုကူညီရေးအသင်းက လူနာလိုက်ပါလာတဲ့ လူနာတင်ယာဥ်ကားအပစ်ခတ်ခံရပြီး လိုက်ပါလာတဲ့လူနာအမျိုးသမီး သေနတ်ဒဏ်ရာနှစ်ချက်ရရှိခဲ့ပါတယ်။

Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW