ဒီပဲယင်း စစ်ရှောင် တသောင်းကျော် အရေးပေါ်အကူအညီတွေ လိုအပ်နေ

စက်တင်ဘာ ၅ – ၂၀၂၄
SN (VOM)
စစ်ကိုင်းတိုင်း၊ ရေဦးခရိုင်၊ ဒီပဲယင်းမြို့က စစ်ရှောင်ပြည်သူ တသောင်းကျော်အတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသအခြေစိုက် စစ်ရှောင်အရေး ဆောင်ရွက်နေသူတွေဆီက သိရပါတယ်။
အဲဒီ စစ်ဘေးဒုက္ခသည်တွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်နေ့ကစလို့ နေရပ်စွန့်ခွာ ထွက်ပြေးကြရတာဖြစ်ပြီး ရက်ပေါင်း ၂၀ ဝန်းကျင်ရှိလာတဲ့အထိ နေရပ်မပြန်နိုင်သေးတာကြောင့် စားဝတ်နေရေး ခက်ခဲနေသလို ဆေးဝါးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။
“လောလောဆယ်မှာတော့ တခြားကျေးရွာက ဒေသခံတွေရဲ့ အကူအညီနဲ့ စားဝတ်နေရေး ဖြေရှင်းနေရတာ။ လူဦးရေကလည်း အရမ်းများတော့ ကြာလာတော့ လုံလောက်မှု မရှိတော့ဘူး။ အခုအချိန်က ကုန်ဈေးနှုန်း ကြီးတာကြောင့်ရော၊ တိုက်ပွဲတွေကြောင့် အစစအရာရာ ရှားပါးလာတာကြောင့်ရော ဘယ်လိုမှ အဆင်မပြေဘူး။ ပြီးတော့ စစ်ရှောင်တွေထဲမှာ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်တွေလည်းပါတော့ ဆေးဝါးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုလည်း လိုတယ်။ ဒီအတွက် အလှူရှင်တွေ အများကြီး လိုအပ်နေပါသေးတယ်” လို့ စစ်ရှောင်အရေး ကူညီပေးနေသူက ပြောပါတယ်။
ဒီပဲယင်းမြို့ကို ဒေသတွ်း လက်နက်ကိုင် ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ဩဂုတ် ၁၅ ရက်နေ့မှစတင်ကာ တိုက်ခိုက်ခဲ့ပြီး ဩဂုတ် ၁၈ ရက်နေ့မှာ သိမ်းပိုက်ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပြီး နောက်ပိုင်းမှာ ပြန်လည် ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။
လက်ရှိအခြေအနေအရ ဒီပဲယင်းမြို့ပေါ်က ဒေသခံတွေအပြင် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာတွေက ဒေသခံတွေဟာ နေရပ်မပြန်နိုင်ဘဲ ဘေးလွတ်ရာ တခြားကျေးရွာတွေမှာ တိမ်းရှောင်နေကြရဆဲဖြစ်တယ်လို့ သိရပါတယ်။
“ကျွန်တော်တို့ စပြေးလာတည်းက အခုထိ အိမ်ဘက်ကို ခြေဦးတောင် မလှည့်ရသေးဘူး။ ဘာတွေဖြစ်ကုန်ပြီဆိုတာလည်း မသိရသေးဘူး။ မြို့ထဲမှာ နစကတပ်တွေ ရှိနေသေးပေမယ့် တိုက်ပွဲကတော့ ငြိမ်နေတယ်” လို့ စစ်ရှောင်ပြည်သူတယောက်က ပြောပါတယ်။
လက်ရှိချိန်မှာ ဒီပဲယင်းမြို့နဲ့ အနီးတဝိုက်ရှိ ညောင်လှ၊ မူးခတွင်း၊ သပြေသာ၊ ဝဘာ၊ မဲသည်၊ သစ်တုံ၊ လက်ဆည်၊ အောင်ချမ်းသာ၊ ယင်းတွေ၊ ညောင်ကြီးကုန်း စတဲ့ ကျေးရွာပေါင်း ၂၀ ကျော်မှ ပြည်သူတွေ စစ်ဘေးတိမ်းရှောင်နေရတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီပဲယင်းမြို့ဟာ ဆန်စပါး အဓိကထွက်ရှိရာ ဒေသဖြစ်ပေမယ့် တိုက်ပွဲတွေကြောင့် ထွက်ပြေး တိမ်းရှောင်နေကြရတဲ့အတွက် စပါးရိတ်သိမ်းချိန် ကျော်လွန်သွားပြီဖြစ်ကာ စပါးခင်းတွေ ဆုံးရှုံးရတဲ့အပြင် သီးနှံစိုက်ခင်းတွေလည်း ပျက်စီးဆုံးရှုံးရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW