ချင်းပြည်နယ်က မြို့ ရှစ်မြို့မှာ သုံးနှစ်ကျော် ကြာတဲ့အထိ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြန်မရသေး

စက်တင်ဘာ ၈ – ၂၀၂၄
SS (VOM)
ချင်းပြည်နယ်က မြို့ ရှစ်မြို့မှာ နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း သုံးနှစ်ကျော် ကြာလာတဲ့အထိ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြန်လည် မရရှိသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီ မြို့နယ်တွေကတော့ တီးတိန်၊ ဖလမ်း၊ တွန်းဇံ၊ ထန်တလန်၊ ပလက်ဝ၊ မင်းတပ်၊ ကန်ပက်လက်၊ မတူပီမြို့နယ်တို့ဖြစ်ပြီး ပလက်ဝမြို့နယ်ကတော့ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်ကတည်းက အင်တာနက်လိုင်း ဖြတ်တောက်ခံထားရတာဖြစ်ကာ နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီး နောက်ပိုင်းမှာလည်း အင်တာနက်အပြင် ဖုန်းလိုင်းတွေပါ ထပ်မံဖြတ်တောက်ခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။
“ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြတ်တောက်နေတော့ သတင်းစီးဆင်းမှု ရပ်တန့်နေတာပေါ့။ အချိန်နဲ့တပြေးညီ ဘာမှ သိခွင့်မရဘူး။ ကောလာဟလ သတင်းတွေကြားမှာ စိုးရိမ်စိတ်တွေနဲ့ နေထိုင်‌နေရတယ်။ ဒီလိုဖြစ်နေတာ ချင်းပြည်နယ်တခုလုံးလို့ ပြောလို့ရတယ်။ ဟားခါးတခုပဲ ဖုန်းနဲ့ အင်တာနက်လိုင်းရတာ” လို့ ဖလမ်းမြို့မှ ဒေသခံတယောက်က ပြောပါတယ်။
ဟားခါးမြို့မှာတော့ အင်တာနက်နဲ့ ဖုန်းလိုင်းတွေကို MPT ကတ်၊ Atom ကတ်တွေနဲ့ အသုံးပြုလို့ ရတယ်လို့ သိရပါတယ်။
“ဒီက ဒေသခံတွေကတော့ အရေးပေါ်ကိစ္စရှိရင် ဟားခါးမြို့နဲ့ နီးတဲ့ ဖလမ်းမြို့နယ်ထဲက လိုင်းမိတဲ့ နေရာတွေအထိသွားပြီး အင်တာနက် အသုံးပြုကြရတယ်။ အရေးပေါ် ကျန်းမာရေးကိစ္စတွေ ကြုံလာရရင်လည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် တနေရာနဲ့တနေရာ ချက်ချင်းရောက်ဖို့ကမလွယ်။ ဆေးရုံ၊ ဆေးခန်းတွေ ဖွင့်၊ မဖွင့် ဖုန်းဆက်စုံစမ်းလို့လည်း မရဘူး။ အချိန်တွေအများကြီး နှောင့်နှေးရတယ်” လို့ သူက ပြောပါတယ်။
တီးတိန်မြို့မှာတော့ ဖုန်းလိုင်း ဖြတ်တောက်ခံထားရပေမယ့် နာရီပိုင်းနဲ့ လျှပ်စီးမီးရရှိတဲ့အတွက် Wifi နဲ့ ချိတ်ကာ အင်တာနက်လိုင်း အသုံးပြုရသလို ကန်ပက်လက်မြို့နယ်အတွင်းက နေရာတချို့မှာလည်း ဖုန်းလိုင်းကို ရံဖန်ရံခါ အသုံးပြုလို့ရပေမယ့် လိုင်းမကောင်းဘူးလို့ သိရပါတယ်။
အဲဒီလို ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း အခက်အခဲကြောင့် လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး စတဲ့ လုပ်ငန်းနယ်ပယ်အသီးသီးမှာ ခက်ခဲနေကြပြီး မိုဘိုင်းကနေတဆင့် ငွေသွင်း၊ ငွေထုတ် ပြုလုပ်ဖို့အတွက်လည်း အဆင်မပြေမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
ငွေလွှဲ၊ ငွေထုတ်အတွက် မင်းတပ်နဲ့ ကန်ပက်လက် ဒေသခံတွေကတော့ မကွေးတိုင်းအတွင်းက မကွေးနဲ့ ဆောမြို့တို့အထိ သွားရောက် ပြုလုပ်နေရတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံတဝန်း ဖုန်းနဲ့ အင်တာနက်လိုင်း ဖြတ်တောက်ခံရတဲ့ မြိုနယ်ပေါင်း ၉၂ မြို့နယ်အထိရှိပြီး ရခိုင်ပြည်နဲ့ စစ်ကိုင်းတိုင်းတို့မှာ အများဆုံးဖြစ်တယ်လို့ အသံ – Athan အဖွဲ့ရဲ့ အခု ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ‌ ဖော်ပြထားပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW