တပတ်အတွင်း ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန် ဈေးကွက်



စက်တင်ဘာ ၁၅ – ၂၀၂၄
SS (VOM)

အခုတပတ်မှာလည်း အခြေခံစားသောက်ကုန် ဈေးနှုန်းတွေဟာ ပြန်လည် ကျဆင်းလာခြင်း မရှိသေးတဲ့အပြင် တက်ရှိန်ကောင်းနေဆဲ ဖြစ်ပါတယ်။ အရင်တပတ်က အနည်းငယ် အကျရှိခဲ့တဲ့ စက်သုံးဆီဈေးတွေလည်း ကျပ် ၁၀၀ ဝန်းကျင်လောက် ပြန်တက်လာပါတယ်။

ဩဂုတ်လ ဒုတိယပတ်အတွင်း ရွှေနဲ့ ဒေါ်လာဈေးတွေ စံချိန်တင် မြင့်တက်ခဲ့လို့ “ကျွဲကူး ရေပါ” ဆိုသလို ကုန်ဈေးနှုန်းတွေပါ လိုက်ပါ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုရက်ပိုင်း ရွှေနဲ့ ဒေါ်လာဈေး ပြန်လည် ကျဆင်းလာခဲ့ပြီဖြစ်ပေမယ့် ကုန်ဈေးနှုန်းတွေကတော့ လိုက်ပါ ကျဆင်းလာခြင်းမရှိတဲ့အပြင် ဆက်လက် မြင့်တက်လာနေတာကို တွေ့ရပါတယ်။

#ပြည်တွင်းရွှေဈေးနှုန်း

ပြင်ပဈေးကွက်က အခေါက်ရွှေ ဈေးနှုန်းတွေဟာ အခုတပတ်မှာတော့ တောက်လျှောက် အကျဘက်မှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။

ရွှေဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်ကစလို့ ကျပ် သိန်း ၈၀ အောက် ရောက်ရှိလာပြီး တဖြည်းဖြည်း ပြန်လည် ကျဆင်းနေတာပါ။ ဩဂုတ်လ ၂၉ ရက်မှာ ၆၉ သိန်းအထိ အကျရှိခဲ့ပေမယ့် အဲဒီနောက်မှာတော့ သိန်း ၇၀ ကျော်ကို ပြန်လည် ရောက်ရှိလာကာ ဒီကနေ့ စက်တင်ဘာ ၁ ရက်နေ့မှာတော့ ၇၃ သိန်းဝန်းကျင်ဈေး ဖြစ်ပေါ်နေပါတယ်။

“ရွှေဈေးကွက်က ပျက်စီးနေတာ။ ဈေးတွေကလည်း မငြိမ်သေးဘူး။ ဈေးကျတယ်ဆိုတော့ တချို့ ဝယ်ထားတဲ့သူတွေက ဒီထက် ဈေးပိုကျရင် ရှုံးမှာကြောက်ပြီး ပြန်ရောင်းကြတဲ့သူတွေ ရှိတယ်။ အတက်အကျ မငြိမ်တဲ့ကာလမှာ အရောင်းအဝယ်မမှားဖို့ သတိရှိကြပါလို့ပဲ ပြောချင်ပါတယ်” လို့ ရွှေကုန်သည်တယောက်က ပြောပါတယ်။

ဒါအပြင် နစကအနေနဲ့ ရွှေရောင်းဝယ်တာနဲ့ ပတ်သက်လို့ ပြည်ထောင်စုရဲ့ အခွန်အကောက်ဥပဒေကို ပြင်ဆင်ပြီး ၃ ရာခိုင်နှုန်း ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံသွားမယ့် ဥပဒေကို ပြီးခဲ့တဲ့ သြဂုတ် ၂၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။ အရင်က ရွှေအထည်တွေကိုသာ အခွန် ၁ ရာခိုင်နှုန်း ကောက်ခံခဲ့တာ ဖြစ်ပေမယ့် လက်ရှိမှာတော့ အထည်တွေအပြင် ရွှေအတုံးအခဲတွေကိုပါ တပြေးညီ အခွန် ၃ ရာခိုင်နှုန်း ကောက်ခံလာတာ ဖြစ်ပါတယ်။

အခုလို အခွန်တိုးကောက်မှုဟာ ရွှေဈေးကွက်ကို ပိုမို ပျက်စီးသွားစေနိုင်တယ်လို့ လုပ်ငန်းရှင်တွေက သုံးသပ်ထားပါတယ်။ ဈေးကွက်အတွင်း ရောင်းရ၊ ဝယ်ရ ပိုပြီး ခက်ခဲသွားစေနိုင်ကာ အခွန်တံဆိပ်မပါရင် တရားမဝင်တော့သလို ဝယ်သူအတွက် ပိုမို နစ်နာစေနိုင်တယ်လို့ ဆိုကြပါတယ်။

#နိုင်ငံခြားငွေလဲဈေးနှုန်း

အခုတပတ်မှာတော့ နိုင်ငံခြားငွေလဲဈေးနှုန်းတွေ တောက်လျှောက် ကျဆင်းနေခဲ့ပါတယ်။ အမေရိကန်ဒေါ်လာဈေးဟာ ဩဂုတ် ၂၅ ရက်ကစလို့ တဒေါ်လာ ကျပ် ၆၀၀၀ အောက်ကို ရောက်ရှိလာတာဖြစ်ပြီး ဒီကနေ့ စက်တင်ဘာ ၁ ရက်နေ့မှာတော့ ၅၆၀၀ ဝန်းကျင်ကို ရောက်ရှိနေပါတယ်။

ငွေလဲဈေးကွက်အတွင်း ပြီးခဲ့တဲ့ သြဂုတ်လ ပထမပတ်၊ ၉ ရက်နေ့ကစပြီး အမေရိကန် တဒေါ်လာကို ကျပ် ၆၀၀၀ အထိ မြင့်တက်ခဲ့တာဖြစ်ပြီး သြဂုတ် ၁၃ ရက်မှာ ၆၅၀၀၊ သြဂုတ် ၁၄ ရက်နေ့မှာတော့ ကျပ် ၇၀၀၀ အထိ ဆက်လက် မြင့်တက်ခဲ့ပါတယ်။

သြဂုတ် ၂၆ ရက်မှာတော့ ၅၈၀၀၊ ၂၇ ရက်မှာ ၅၆၀၀၊ ၂၉ ရက်နေ့မှာတော့ ၅၆၈၀ ပေါက်ဈေးရှိပြီး ဒီကနေ့ စက်တင်ဘာ ၁ ရက်နေ့မှာတော့ တဒေါ်လာ ၅၆၀၀ ဝန်းကျင်ကို ရောက်ရှိနေပါတယ်။

အဲဒီလိုပဲ ကုန်သွယ်ရေးမှာ အသုံးများတဲ့ တခြား ငွေလဲဈေးနှုန်းတွေလည်း ကျဆင်းနေပြီး ထိုင်းဘတ်ဈေး ၁၆၀ ကျော်ဝန်းကျင်၊ တရုတ်ယွမ် ၇၇၀ ဝန်းကျင်၊ အိန္ဒိယရူပီး ၆၅ ဝန်းကျင်ဈေး၊ စင်္ကာပူဒေါ်လာ ၄၂၀၀ ဝန်းကျင် ရောက်ရှိနေတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။

#စက်သုံးဆီဈေးနှုန်း

အရင်တပတ်က အနည်းငယ် ပြန်လည် ကျဆင်းခဲ့တဲ့ စက်သုံးဆီဈေးနှုန်းတွေဟာ အခုတပတ် ရည်ညွှန်းဈေး သတ်မှတ်ချက်မှာတော့ ပြန်လည် မြင့်တက်လာတာကို တွေ့ရပါတယ်။

စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ဩဂုတ်လ ၃၀ ရက်နေ့ ထုတ်ပြန်တဲ့ တပတ်စာ ရည်ညွှန်းဈေးမှာ ၉၂ ဓာတ်ဆီ တလီတာ ၃၁၀၀ ကျပ်၊ ၉၅ ဓာတ်ဆီ တလီတာ ၃၂၄၀ ကျပ်၊ ဒီဇယ် တလီတာ ၂၆၅၅ ကျပ်နဲ့ ပရီမီယံဒီဇယ် တလီတာ ၃၂၉၅ ကျပ် ဆိုပြီး သတ်မှတ်ထားပါတယ်။

ပြီးခဲ့တဲ့ တပတ်ကတော့ ၉၂ ဓာတ်ဆီ တလီတာ ၂၉၇၅ ကျပ်၊ ၉၅ ဓာတ်ဆီ တလီတာ ၃၁၁၅ ကျပ်၊ ဒီဇယ် တလီတာ ၂၆၁၀ ကျပ်နဲ့ ပရီမီယံဒီဇယ် တလီတာ ၃၂၀၀ ကျပ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် အခုတပတ်မှာတော့ ဓာတ်ဆီ တလီတာ ၁၂၀ ကျော်ဝန်းကျင်၊ ဒီဇယ် တလီတာ ကျပ် ၄၀ ကျော်ဝန်းကျင်၊ ပရီမီယံဒီဇယ် တလီတာ ကျပ် ၉၀ ကျော်ဝန်းကျင် ပြန်လည် မြင့်တက်လာကို တွေ့ရပါတယ်။ အဲဒီလိုပဲ တခြားသော တိုင်းနဲ့ပြည်နယ် အသီးသီးမှာလည်း စက်သုံးဆီဈေးနှုန်းတွေ ပြန်လည် မြင့်တက်လာပါတယ်။

ဒါအပြင် ပြင်ပ စက်သုံးဆီဈေးကွက်မှာလည်း ၉၂ ဓာတ်ဆီ တလီတာ ၃၇၀၀ ကျပ်မှ ၄၀၀၀ ကျပ်အထိရှိပြီး ၉၅ ဓာတ်ဆီ တလီတာဈေးကတော့ ကျပ် ၄၀၀၀ ကနေ ၄၂၀၀ ကျပ်အထိ ရှိတယ်လို့ သိရပါတယ်။

#အခြေခံစားသောက်ကုန်ဈေးနှုန်း

ရွှေ၊ ငွေ ဈေးနဲ့အပြိုင် အတက်ကြမ်းခဲ့တဲ့ အခြေခံစားသောက်ကုန် ဈေးနှုန်းတွေကတော့ အခုတပတ်မှာလည်း ပြန်လည် ကျဆင်းလာခြင်း မရှိသေးပါဘူး။

ဒေါ်လာဈေးတက်လို့ ဈေးတင်ထားကြတဲ့ စားအုန်းဆီဈေးဟာ ဒေါ်လာဈေး အမြင့်ဆုံးအချိန်က တပိဿာကို ပြင်ပဈေး ကျပ် တသောင်းရှစ်ထောင်အထိ မြင့်တက်ခဲ့တာဖြစ်ပါတယ်။ အခုဒေါ်လာဈေး ကျပ် ၅၀၀၀ ကျော် ဝန်းကျင်ကို ပြန်လည် ကျဆင်းချိန်မှာတော့ ဒေါ်လာဈေးအတိုင်း လိုက်ပါ ကျဆင်းမယ်ဆိုရင် စားဆီ တပိဿာကို ကျပ် ၉၀၀၀ (ဒါမှမဟုတ်) တသောင်းဈေးအထိ ဈေးလိုက်ကျရမှာ ဖြစ်တယ်လို့ ဈေးကွက် စောင့်ကြည့်သူတွေက သုံးသပ်ထားပါတယ်။

ဒါပေမယ့်လည်း ဈေးပြန်လည် ကျဆင်းလာခြင်းမရှိဘဲ စားအုန်းဆီ တပိဿာကို တသောင်းရှစ်ထောင်ကျပ်အတိုင်းသာ ဆက်ရှိနေတာဖြစ်သလို တခြားသော ကုန်ပစ္စည်းဈေးတွေလည်း ဈေးအမြင့်မှာသာ ရှိနေဆဲ ဖြစ်ပါတယ်။

ဆန်ဈေးနှုန်းတွေ အနေနဲ့ကတော့ ဆန်ကြမ်း အမျိုးအစားအလိုက် တပြည်ကို ကျပ် ၄၈၀၀၊ ၅၀၀၀၊ ၅၂၀၀ ဝန်းကျင်၊ ဆင်းသွယ်ဆန်က ၅၈၀၀ ကျပ်ဝန်းကျင်၊ ရွှေဘိုပေါ်ဆန်းက တပြည် ၈၀၀၀ ကျပ်၊ ရက် (၉၀) ဆန်က တအိတ်ကို တသိန်းတ‌သောင်း၊ ပုသိမ်ပေါ်ဆန်းမွှေးဆန်က တအိတ်ကို ကျပ် တသိန်းလေးသောင်း၊ ရွှေဘိုပေါ်ဆန်းက တအိတ်ကို ကျပ် တသိန်းကိုးသောင်း ရှိတယ်လို့ သိရပါတယ်။

ဒါအပြင် အသီးအရွက်ဈေးတွေလည်း ပြန်လည် ကျဆင်းလာခြင်း မရှိသေးဘဲ တရုတ်ကန်စွန်းရွက် တစည်း ၁၃၀၀ ကျပ်မှာသာ ရှိနေပြီး ရိုးရိုးကန်စွန်းရွက်ကတော့ တစည်း ၆၀၀ ကျပ်ကနေ ၇၀၀ ကျပ်ဈေး ဖြစ်လာပါတယ်။ ဂေါ်ဖီထုပ် အကြီး တထုပ် ၃၀၀၀ ကျပ်၊ ဂေါ်ဖီထုပ် အသေး တထုပ် ၂၀၀၀ ကျပ်ဈေး ရှိပါတယ်။ ခရမ်းချဉ်သီးကတော့ တဆယ်သားကို ၄၀၀ ကျပ်ဈေး ရှိနေပါတယ်။

အာလူး တပိဿာ ၆၅၀၀ – ၇၀၀၀ ကျပ်၊ ကြက်သွန်ဖြူဈေးတွေကတော့ အမျိုးအစားအလိုက် တပိဿာ ကျပ် နှစ်သောင်းကနေ နှစ်သောင်းခွဲ၊ ကြက်သွန်နီဈေးတွေဟာလည်း အမျိုးအစားအလိုက် တပိဿာ ၂၅၀၀ ကျပ်ကနေ ၃၅၀၀ ကျပ်အထိ ရှိပါတယ်။

ကြက်ဥ တလုံး ၄၀၀ – ၅၀၀ ကျပ်၊ ဘဲဥကတော့ ၅၀၀ ကျပ်ဈေး ဖြစ်ပါတယ်။ ငါးမြစ်ချင်း တဆယ်သား ၁၃၀၀ ကျပ်၊ ငါးကြင်း တဆယ်သား ၁၈၀၀ ကျပ်၊ ပုစွန်တုပ် အကောင်အသေး တဆယ်သား ၄၅၀၀ ကျပ်၊ ရေချိုပုစွန် တဆယ်သား ၅၀၀၀ ကျပ်ဈေး ရှိနေပါတယ်။

CP ကြက်သား တဆယ်သား ၁၅၀၀ ကျပ်၊ ဝက်သား သုံးထပ်သား တဆယ်သား ၂၅၀၀ ကျပ်၊ အမဲသား တဆယ်သား ၂၂၀၀ -၂၃၀၀ ကျပ်၊ ဆိတ်သားဈေးကတော့ ပုံမှန်အတိုင်း တဆယ်သား ၃၀၀၀ ကျပ်ဈေးပဲဖြစ်ပြီး အခုဖော်ပြခဲ့တဲ့ ဈေးနှုန်းတွေဟာ နေရာဒေသပေါ်မူတည်ပြီး ကွာခြားမှု ရှိနိုင်ပါတယ်။

Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW