လက်ဘနွန် ပေါက်ကွဲမှုအပြီး အီရန်စစ်တပ်မှာ ဆက်သွယ်ရေးစက်တွေ အသုံးပြုမှု ပိတ်ပင်



တီဟီရန် ၊ စက်တင်ဘာ-၂၃-၂၀၂၄
မျိုးဆက်(VOM)

အီရန်တော်လှန်ရေးအစောင့်တပ် တပ်ဖွဲ့ဝင်တွေအားလုံး ဆက်သွယ်ရေးကိရိယာတွေ အသုံးပြုတာရပ်တန့်ဖို့ အီရန်အာဏာပိုင်တွေက အမိန့်ထုတ်လိုက်ပါတယ်။

အီရန်မဟာမိတ် လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာတွေအသုံးပြုတဲ့ ဆက်သွယ်ရေးစက် ထောင်ပေါင်းများစွာ ပေါက်ကွဲမှုကြောင့် လူ ၃၇ ယောက်သေပြီး ၃၀၀၀ နီးပါဒဏ်ရာရှိခဲ့ပြီးနောက် အီရန်စစ်တပ်မှာ ဆက်သွယ်ရေးကိရိယာတွေ မသုံးဖို့ အမိန့်ထုတ်လိုက်တာဖြစ်ကြောင်း အမည်မဖော်လိုတဲ့ အီရန်တာဝန်ရှိသူတယောက် ပြောပါတယ်။

အသုံးပြုနေတဲ့ ဆက်သွယ်ရေးကိရိယာတွေသာမက စက်ပစ္စည်းအားလုံးကို စစ်ဆေးဖို့ အီရန်တော်လှန်ရေးအစောင့်တပ်က စစ်ဆင်ရေး အကြီးအကျယ်လုပ်ဆောင်နေတယ်လို့ အီရန်လုံခြုံရေး အရာရှိက ဆိုပါတယ်။

အီရန်နိုင်ငံသားတွေအပါအဝင် အစ္စရေးအေးဂျင့်တွေ နိုင်ငံတွင်းမှာ စိမ့်ဝင်နိုင်ခြေနဲ့ပတ်သက်လို့ အီရန်ကစိုးရိမ်နေပြီး အီရန်စစ်တပ်ရဲ့ အလယ်အလတ်နဲ့ အဆင့်မြင့်ရာထူးရှိသူတွေအပေါ် စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီလို့ ပြောပါတယ်။

ဒီလိုစစ်ဆေးမှုတွေမှာ သူတို့တွေရဲ့ ပြည်တွင်းနဲ့ပြည်ပ ဘဏ်စာရင်းတွေ၊ ခရီးသွားရာဇဝင်တွေနဲ့ မိသားစုဝင်တွေကိုပါ စုံစမ်းစစ်ဆေးတာတွေ ပါဝင်တယ်လို့ အမည်မဖော်လိုတဲ့ အရာရှိက ဆိုပါတယ်။

လက်ဘနွန်မှာဖြစ်ပွားခဲ့တဲ့ ဆက်သွယ်ရေးစက်ပေါက်ကွဲမှုတွေဟာ အစ္စရေး ကြိုတင်ကြံစည် ဖောက်ခွဲမှုဖြစ်ပြီး စက်ပစ္စည်းတွေဟာ ထိုင်ဝမ်ကုမ္ပဏီထုတ်ဖြစ်ပေမယ့်လည်း တိုက်ရိုက်တင်သွင်းတာမျိုးမဟုတ်ဘဲ ဟန်ဂေရီကုမ္ပဏီတခုကို ရောင်းချခဲ့တာလို့ ကုမ္ပဏီဘက်က ပြောဆိုထားပါတယ်။

Ref:Reuters
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW