တောင်ငူရေဘေး လုံခြုံရေးအခြေအနေအရ ကူညီကယ်ဆယ်ရေး ကန့်သတ်ချက်အချို့ရှိနေ



စက်တင်ဘာ ၂၄ – ၂၀၂၄
KG(VOM)

ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်အတွင်းမှာ ရေဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ရာမှာလုံခြုံရေးအခြေအနေတွေအရ ကန့်သတ်ချက်အချို့ရှိနေတယ်လို့ ဒေသခံတွေနဲ့ရေဘေးသွားရောက်ကူညီလှူဒါန်းကြသူတွေက ပြောပါတယ်။

နောက်ဆုံးသတင်းအချက်အလက်တွေအရ တောင်ငူမြို့ပေါ်ရပ်ကွက်အချို့မှာရေပြန်ကျနေပေမယ့် အချို့သောကျေးရွာတွေနဲ့ စစ်တောင်မြစ်ဝှမ်းတလျှောက်ကကျေးရွာတွေမှာတော့ ရေလွှမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီကျေးရွာတွေကိုသွားရောက်ကူညီဖို့အခက်အခဲအချို့ရှိနေသလို ကန့်သတ်မှုအချို့လည်းရှိနေတာဖြစ်တယ်လို့ ဒေသခံတွေနဲ့ကူညီရေးသမားတွေကပြောပါတယ်။

“အခုအချိန်ထိတော့မြို့ပေါ်မှာရေဘေး ကယ်ဆယ်ရေးစခန်းတွေဖွင့်ထားတယ်။ ကေတုမတီမြို့ဘက်ကတော့ ရေကျပြီ၊စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက လယ်ကွင်းပြင်တွေမှာတော့ရေတွေလွှမ်းနေတယ်ပြောပါတယ်။ အဲဒီဘက်ကတချို့ရွာတွေ ရေမြုပ်နေဆဲလို့ ပြောတယ်။ တချို့ရွာတွေကိုသွားလှူမယ်ဆိုရင်တော့ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေကို ချိတ်ဆက်ပြီးသွားလို့ရတယ်။အခုအဲဒီလိုလေးတော့ ထုတ်ပြန်ထား တယ်ကြားတယ်။ တချို့အလှူရှင်တွေလည်းရွာဘက်တွေကိုမသွားတော့ဘဲ အုပ်ချုပ်ရေးအဖွဲ့တွေကိုပဲ လှူခဲ့တာရှိတယ်။ ကြားရတာက တချို့ဘက်တွေက လက်နက်ကိုင် နယ်မြေတွေဖြစ်တော့ အဲဒီဘက်တွေကို အလှူရှင်တွေချည်းပဲ သွားလာဖို့ ကန့်သတ်လိုက်တယ်လို့ကြားရတယ်။ အုပ် ချုပ်ရေးအဖွဲ့တွေကတဆင့် လှူရင်တော့ရတယ်။သူတို့နဲ့ချိတ်ဆက်ပြီးဆောင်ရွက်ရမယ်ပေါ့။အလှမ်းဝေးတဲ့ရွာတွေဆိုအလှူရှင် တွေအနေနဲ့ကိုယ်တိုင်ကိုယ်ကျသွားလှူဖို့ကတော့ခက်ပါတယ်။ မြို့ပေါ်မှာတော့လှူလို့ရတယ်။ အလှူရှင်တွေလည်းတော်တော်များများလာကြတယ်။ ရေဘေးကယ်ဆယ်ရေးစခန်းတွေလည်းအများကြီးရှိပါတယ်။တချို့လည်းဘုရားကျောင်းတွေ ဘုန်းကြီးကျောင်းတွေမှာရေဘေးကယ်ဆယ်ရေးစခန်းတွေဖွင့်ပြီးတော့ ရေဘေးရှောင်ပြည်သူတွေကိုဒီနေ့အထိကူညီစောင့်ရှောက်ပေးနေတာတွေရှိပါတယ်”လို့ တောင်ငူမြို့ဒေသခံတယောက်က VOM ကို ပြောပါတယ်။

ဒါအပြင် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းမှာအိမ်တိုင်းလိုလိုရေနစ်မြုပ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိအချိန်အထိတောင်ငူမြို့နယ်မှာရေဘေးကယ်ဆယ်ရေးစခန်းပေါင်း ၄၀ ကျော်ဖွင့်လှစ်ထားပြီးလူဦးရေ ၅ သောင်းခန့်ရေဘေးခိုလှုံနေရတယ်လို့လည်း သိရပါတယ်။

ဒီအခြေအနေမှာ ပြီးခဲ့တဲ့တပတ်အတွင်းက ဖြူးနဲ့ တောင်ငူနယ်တဝိုက်မှာ နစကတပ်နဲ့ KNU တို့ တိုက်ပွဲအချို့ ရှိခဲ့တဲ့အတွက် ရေဘေးကူညီကယ်ဆယ်ရေးလုပ်ဆောင်ရာမှာနှောင့် နှေးမှုအချို့ရှိခဲ့ပြီး ကူညီကယ်ဆယ်ရေးသွားရောက်လုပ်ဆောင်ခဲ့တဲ့ ပရဟိတကူညီရေးသမားတွေအနေနဲ့ ဖြူးမြို့နဲ့ တောင်ငူမြို့ သို့ဝင်ရောက်ဖို့အတွက် ၁၁၅ မိုင်ယာဥ်ရပ်နားစခန်းမှာစောင့်ဆိုင်းခဲ့ရတာတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့အပတ်က ဖြူးမှာရှိတဲ့ မြို့အဝင်လုံခြုံရေးဂိတ်တခုကစစ်သားတွေကို လက်နက်ကိုင်အဖွဲ့တဖွဲ့ ကားတစီးနဲ့လာရောက်ပစ်ခတ်တိုက်ခိုက်တာကြောင့် မြို့အဝင်၊အထွက်တွေကို လုံခြုံရေးတင်းကြပ်ခဲ့တာဖြစ်နိုင်သလို တချို့သောတောင်ငူခရိုင်အတွင်းကဝေးလံတဲ့နေရာတွေကိုသွား ရောက်လှူဒါန်းဖို့ကိုအုပ်ချုပ်ရေးအဖွဲ့တွေက ကန့်သတ်လိုက်တာဖြစ်နိုင်တယ်လို့ အဲဒီဒေသဘက်ကိုသွားရောက်ကူညီပေးခဲ့တဲ့ ကယ် ဆယ်ရေးသမားတယောက်က အခုလိုဆက်ပြီးပြောပြပါတယ်။

“အဲဒီရက်ပိုင်းတုန်းက ကားတစီးနဲ့ဖြူးဘက်က ဂိတ်တခုကို လက်နက်ကိုင်အဖွဲ့တခုကလာပစ်တယ်ကြားတယ်။ အဲဒါကြောင့်လုံခြုံရေးအရ တချို့လှူတန်းရေးကိစ္စရပ်တွေအပေါ်မှာ နည်းနည်းခေါင်တဲ့ဘက်တွေကိုသွားလာဖို့ကန့်သတ်လိုက်တာဖြစ်နိုင်ပါတယ်”လို့ သူက ပြောပြခဲ့ပါတယ်။

လက်ရှိမှာတော့တောင်ငူမြို့က ရေလွှမ်းခံခဲ့ ရတဲ့ကျေးရွာတွေမှာ ပြန်လည်ထူထောင်ရေးအတွက် အကူအညီများစွာလိုအပ်နေတယ်လို့ ဆိုပါတယ်။

ဒါအပြင်မြို့ပေါ်မှာရှိတဲ့ရေဘေးကူညီကယ်ဆယ်ရေးစခန်းတွေကရေဘေးရှောင်ပြည်သူတွေရဲ့နေ့စဉ်ချက်ပြုတ် စားသောက်ရေးအပိုင်းမှာလည်း အကူအညီတွေလိုအပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

“တချို့နေရာတွေက အိမ်အလုံးလိုက်ပြိုသွားတယ်။ ရေစီးနဲ့ပါသွားကြတယ်။ အဲဒီအတွက်တချို့တွေကသူတို့ရဲ့နေအိမ်တွေကိုပြန်လို့မရသေးဘူးပေါ့၊ကယ်ဆယ်ရေးစခန်းမှာပဲနေနေရတယ်။ကျွန်တော်ကန့်ကရေဘေးရှောင်ပြည်သူအချို့ဆိုရင်နောက်တပတ်လောက်ဆိုသူတို့ရွာကိုသူတို့ပြန်လို့ရပြီ။အဲ့လိုတွေလည်းရှိတယ်။အခုဒီစခန်းမှာဆိုရင်လူဦးရေငါးရာကျော်ရှိတယ်။တခြားမြို့ပေါ်ကကူညီကယ်ဆယ်ရေးစခန်းတွေမှာဆို လူဦးရေ ၂၀၀၀ လောက်အထိရှိကြတယ်။ ကျွန်တော်ကန့်မှာဆိုနေ့စဉ်ဆန် သုံးပြည်ချက်ရတယ်။ ဟင်းကတော့အရောအနှောလေးတွေပေါ့ ။ကြက်ဥချက်တဲ့အခါချက်တယ်။ငါးကြော်တဲ့အခါကြော်တယ်။ အရွက်လေးနဲ့ကျွေးတဲ့အခါကျွေးတယ်။ တရက်ကိုကုန်ကျစရိတ်ကကျပ် ၁၀ သိန်းဝန်းကျင်လောက်ရှိပါတယ်။ဒီလိုပဲအဆင်ပြေသလိုလေးပဲသွားနေရပါတယ်”လို့ တောင်ငူမြို့ခံ တယောက်က ထပ်လောင်းပြောပြခဲ့ပါတယ်။

Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW